၃၇။ ရေထဲခုန်ချသွားတဲ့ဇွန်ဘီ
ဝူယွဲ့လင်းသည် သူမပြောချင်သည်ကို နားလည်သလား နားမလည်ဘူးလား ဘာမှမသိစေဘဲ လင်းချင်းကိုသာ ဆိတ်ဆိတ်ကြည့်နေသည်။ ကလေးမလေးသည် သူမပြောသလို ထိုနေရာသို့ မသွားချင်ဘဲ သူမကိုသာ ကြည့်နေခြင်းဖြစ်သည်။
လင်းချင်းသည် သက်ပြင်းချလိုက်သည်။ အခုအချိန်တွင် ကလေးမလေး၏ အတွေးများကို သူမအာရုံခံမရပေ။ ကလေးမလေးက တည်ငြိမ်နေသောကြောင့် သူမလေး၏အတွေးကိုဖတ်ဖို့ ခက်ခဲလှသည်။ ဝူယွဲ့လင်း၏ ငြိမ်နေမှုကြောင့် လင်းချင်းသည် ကန်ပေါ်တွင် မြောနေဆဲဖြစ်သည့် ရှဲ့တုန်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ကလေးမလေး၏ ပုခုံးပေါ်သို့ လက်တင်လိုက်ကာ ကုတင်ဘက်သို့သွားရန် တွန်းပို့လိုက်သည်။ ဝူယွဲ့လင်းသည် စလျှောက်သော်လည်း လင်းချင်းက သူမနောက်တွင် ပါမပါကို ကြည့်နေဆဲပင်။
ဝူယွဲ့လင်းသွားတော့မှ လင်းချင်းသည် ကန်ပေါ်မှ ရှဲ့တုန်း၏ကိုယ်ကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ ရှဲ့တုန်းသည် ကန်ပေါ်တွင် မှောက်ခုံကြီး မြောနေတာဖြစ်သည်။
လင်းချင်းက သူ့မျက်နှာကို မမြင်ရသော်လည်း သူ့၏အနံ့က ပြောင်းသွားပြီကို မြင်ရပြီဖြစ်သည်။ သူ့၏အနံ့သည် လူသားဖြစ်နေတုန်းကနှင့် မတူတော့ပေ။ ရေထဲသို့ခုန်မဆင်းခင် ဇွန်ဘီပြောင်းစတုန်းက အနံ့နှင့်လည်း မတူတော့ပေ။ ရှဲ့တုန်း၏အနံသည် ထူးဆန်းသည်။ လူသားအနံ့က ပျောက်သွားပြီ ဖြစ်သလို ဇွန်ဘီအနံ့ကလည်း အားနည်းနေသည်။ ထိုအချိန်တွင် လင်းချင်းမှာ ရှဲ့တုန်းက လူသားလား ဇွန်ဘီလား မသဲကွဲတော့ပေ။
သူမသည် ရေကန်စပ်မှ သုံးမီတာအကွာသို့ ရောက်သည့်အခါ သူမ၏ရင်ဘတ်နားအထိ ရေသည်ရောက်နေပြီဖြစ်သည်။ သူမသည် ခြေထောက်ကိုမြှောက်လိုက်ကာ ရေစကူးလိုက်ပြီး မြန်မြန်သွားလိုက်သည်။
ရှဲ့တုန်းနားသို့ ရောက်သည့်အခါ သူပြောင်းလဲမှုရှိမရှိကို ကြည့်လိုက်သည်။ ခနလောက်တွေးကြည့်ပြီးသည့်အခါ ရူးကြောင်ကြောင်နိုင်သည်ဟု သူမခံစားရသည်။ ဘယ်တည်းက သူမသည် ဒီလိုကြောက်တက်သွားသလဲ မသိတော့ပေ။ သူမသည်လည်း ဇွန်ဘီဖြစ်နေတာကို ဘာဖြစ်လို့ သူမကို ကိုက်မည်ကို ကြောက်နေရမှာလဲ? ထို့အတူ သူမတွင်လည်း အင်အားရှိသောကြောင့် သူမကို သူကိုက်ချင်သလို ကိုက်လို့ရမှာမဟုတ်သလိုပေ။
ဒီလိုတွေးပြီးသည်နှင့် လင်းချင်းသည် ယုံကြည်မှုအပြည့်ဖြင့် အကျီကော်လံကနေ ဆွဲကိုင်ပြီး ကန်ဘက်သို့ ဆွဲခေါ်လာလေသည်။ ကမ်းစပ်သို့ ရောက်သည့်အခါ ရှဲ့တုန်းကို ရေထဲကနေ ဆွဲတင်လိုက်သည်။ အခုတော့ သူမသည် မျက်နှာကို သေချာမြင်ရပြီ ဖြစ်သည်။
သူ့မျက်နှာတွင် သွေးကြောများက ထောင်ထနေခဲ့သည်တို့က အခုတော့ ပုံမှန်ပြန်ဖြစ်သွားပြီ။ သို့သော်လည်း သူ့မျက်နှာအရောင်သည် အခြားဇွန်ဘီများလို ပြာနှမ်းနှမ်းဖြင့် ဖြူဖပ်နေသည်။ လင်းချင်းသည် သူ့မျက်နှာကို ကြည့်ပြီး
‘သာမန်ရုပ်ပါပဲ။ ဆယ်မှတ်ဆိုရင် ငါးမှတ်လောက်ပဲရမယ်’
ထို့နောက်တွင် သူမသည် တင်းတင်းစေ့ထားသည့် သူ့မေးရိုးအား ဆွဲခွာလိုက်သည့်အခါ ပါးစပ်ကပွင့်လာသည်။ သူမထင်သလိုပင် သူ့၏သွားများသည် ချွန်ထွက်နေပြီ ဖြစ်သည်။ လင်းချင်းက သူ့ပါးစပ်ကို အနံ့ခံကြည့်သည့်အခါ အခြားဇွန်ဘီများလို ပုပ်သိုးသည့်အနံ့မရသေးပေ။ ထို့နောက် လက်ကိုကြည့်လိုက်သည့်အခါ လက်သည်းများက ရှည်မထွက်လာသေးသော်လည်း ဗီဇပြောင်းသွားသဖြင့် အရိုးများသည် ကွေးကောက်နေပြီ ဖြစ်သည်။ သူမ၏မျက်လုံးများက ဒဏ်ရာကို ရောက်သွားသည့်အခါတွင်တော့ ထိုအနာသည် ရင်းနေပြီဖြစ်ကာ ဇွန်ဘီပိုးကြောင့် အပြာရောင်ပြောင်းတောင်နေပြီဖြစ်သည်။ သူမထင်သလို သူကဇွန်ဘီဖြစ်နေပြီ။သူမစစ်ဆေးပြီးသည့်အခါ လင်းချင်းသည် ရှဲ့တုန်းက ဇွန်ဘီဖြစ်ကြောင်း ကောက်ချက်ချလိုက်နိုင်သည်။ ထို့နောက်တွင်တော့ သူ့ကိုဘယ်လိုလုပ်ရမလဲ စတွေးရလေပြီ။
‘ငါသူ့ကို ကန်ထုတ်လိုက်ရမလား? ဇွန်ဘီအဖြစ် နိုးလာပြီးတော့ လူသားတွေခေါင်း ဒါမှမဟုတ် အဆင့်မြင့်ဇွန်ဘီခေါင်းတွေကို နောက်ကျရင် လိုက်စားနေမှာ။ ငါ့လက်သည်းနဲ့ ခေါင်းကိုဖောက်ထုတ်လိုက်ပြီးမှ ကျွင်းတူးမြေမြှုပ်ပေးလိုက်ရမလား?’
လင်းချင်းသည် မြေမြှုပ်လိုက်ခြင်းက အကောင်းဆုံးဟု ခံစားရသည်။
သူမသည် ထိုမှော်ဆန်သည့်အခြေအနေသို့ ဘယ်လိုရောက်သွားသလဲကို ပြန်စဉ်းစားလိုက်သ်ည။ သူမမှတ်မိသည်က ထိုအချိန်တုန်းက သူမသည် မျက်လုံးများကို မှိတ်ထားကာ အပြင်ကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့တာ ဖြစ်သည်။ သူမသည် ကိုယ်ပျောက်သွားကာ ရှဲ့တုန်းကိုကယ်ဖို့ အပြင်းအထန်အာရုံစိုက်ခဲ့တာ ဖြစ်သည်။ ထို့နောက်တွင်တော့ သူမသည် နိုးတစ်ဝက် အိပ်တစ်ဝက်ဖြင့် လျှောက်သွားနေသည့် ဝိညာဉ်အခြေအနေသို့ ရောက်သွားခဲ့သည်။
သူမမှတ်မိသလောက်ဆိုလျှင် အရင်တစ်ခါက နယ်မြေထဲကထွက်ကာ စတော်ဘယ်ရီခင်းဆီသို့ ပြေးတုန်းကလည်း သုံးခဲ့သေးသည်။
‘ဘာဖြစ်လို့ အောင်မြင်ဖို့အတွက် အိပ်မက်မက်သလို ဖြစ်နေတာလဲ? နယ်မြေထဲကနေ လျှောက်သွားနေတဲ့ ဝိညာဉ်အခြေအနေနဲ့ အပြင်ကို အိပ်မက်မမက်ဘဲ သွားလို့မရဘူးလား? နိုးနေတဲ့အချိန် လုပ်မရဘူးလား? ဘာဖြစ်လို့ ခက်ခဲနေရတာလဲ?’
လင်းချင်းသည် သူမ၏နေရာလွတ်အစွမ်းအကြောင်းကို လေ့လာရန်အချိန်အများကြီး လိုသေးသည်ဟု ခံစားရသည်။
အခုတွင်တော့ ရှဲ့တုန်းအား သူမ၏နယ်မြေထဲမှ ဘယ်လိုထုတ်ရမလဲကိုသာ တွေးနေရသည်။ အပြင်ဘက်တွင် ဇွန်ဘီခေါင်းဆောင်သည် စောင့်ဆိုင်းနေသည်။ သူမထွက်လိုက်သည်နှင့် ခုန်အုပ်မည်က အမှန်ပင်။
သူမသည် အသက်မရှိသည့်အရာများကို နယ်မြေထဲသို့ ထုတ်လိုက်သွင်းလိုက် လွယ်လွယ်လုပ်ရသော်လည်း လူသားနှင့် ဇွန်ဘီများကတော့ မရပေ။ သူမကိုယ်တိုင် ဝင်ခွင့် ထွက်ခွင့်ပြုမှရမည် ဖြစ်သည်။သူမထိုင်နေချိန်မှာတွင် ရှဲ့တုန်းသည် ရေလိုငြိမ်းချမ်းသည့် အခြေအနေမှ ရုတ်တရတ် လှုပ်ရှားလာသည်။ လင်းချင်းသည် အပြောင်းအလဲကို သတိထားမိသည်နှင့် အနောက်သို့ ခြေတစ်လှမ်း နှစ်လှမ်းဆုတ်လိုက်သည်။ ထိုအချိန်တွင် မြေပြင်တွင်လဲနေသည့်သူက မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရသည်။
သူမျက်လုံးများသည် မီးခိုးရောင်လည်းမဟုတ် လင်းချင်းလို အနက်လုံးလုံးလည်း မဟုတ်ပေ။ လူသားများလို မျက်သားအဖြူတွင် မျက်စံအနက်ဖြင့် ဖြစ်သည်။ သို့သော်လည်း လူသားများလို မဟုတ်သည်က ထိုမျက်စံသည် အဝိုင်းမဟုတ်တော့ဘဲ ဒေါင်လိုက်ကြီးဖြစ်သည်။
ထိုအရာကလွဲလျှင် မျက်လုံးပွင့်လာသည်နှင့် လင်းချင်း၏နယ်မြေထဲမှ မီးခိုးရောင်သန်းသည့် ကောင်ကင်းကြီးကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ပြီးနောက် သူ့ဘေးမှလင်းချင်းအား သတိအပြည့်ဖြင့် ကြည့်လာသည်။
ဒါကိုမြင်သည့်အခါ လင်းချင်းသည်လည်း စိတ်ရှုပ်ထွေးလာသည်။
‘ဘာဖြစ်တာလဲဟ? ဘာဖြစ်လို့ ဒီဇွန်ဘီကောင်က ငါ့ကိုသတိအပြည့်နဲ့ လာကြည့်နေတာလဲ?’
သူမအဖြေမတွေ့ခင် ရှဲ့တုန်း၏ အမှုအယာသည် ပြောင်းလဲသွားကာ သူ့မျက်လုံးများက တောက်ပသွားပြီးနောက် တဖြည်းဖြည်းချင်းတည်ငြိမ်လာကာ ရန်လိုမှုက ပျောက်ဆုံးသွားသည်။လင်းချင်းသည် သူ့ကိုကြည့်ရင်း စိတ်ရှုပ်လာသည်။
‘ဇွန်ဘီလား? အဲ့လိုလည်း ဟုတ်ပုံမရဘူး။ လူသားလား? လူသားပုံလည်း ပေါ်မနေဘူး။ သူက ဘာကြီးဖြစ်သွားတာလဲ?’
သူမက ဘာကြီးလည်းဆိုသည်ကို တွေးနေစဉ်တွင် ရှဲ့တုန်း၏ နှုတ်ခမ်းများသည် လှုပ်လာကာ“အင်း. . .အိုး. . .”
လင်းချင်းမှာ ပိုစိတ်ရှုပ်လာရပြန်သည်။ ဒီစကားတွေရဲ့ အဓိပ္ပါယ်ကို သူမလုံးဝနားမလည်ပါပေ။ သို့သော်လည်း သူ့အတွေးများကိုတော့ သူမဖတ်ရသည်။ သူပြောသည်မှာ‘ဗိုက်အရမ်းဆာတယ်’