May Honey Logo May Honey
Previous Next

၇၇။ စာရေးတဲ့ဇွန်ဘီ

ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့သည် အခုမှရောက်လာတာ ဖြစ်သည်။ သူတို့ဒီရောက်သည်နှင့် သူတို့သိသည့် ဇွန်ဘီမသည် မြွေသွေးကို လက်သည်းဖြင့်နှစ်လိုက်ကာ ပါးစပ်ထဲသို့ ထည့်နေသည်ကို မြင်လိုက်ရသည်။ ဒါကလှပသည့် မြင်ကွင်းတစ်ခုမဟုတ်သော်လည်း အနည်းငယ်ထူးဆန်းနေသည်။

သူတို့နှစ်ယောက်လုံးသည် အရှိန်အဝါများကို ဖုံးကွယ်ကာ တိတ်တဆိတ်ကြည့်နေကြသည်။ ဝူချန်းယွဲ့သည် အစွမ်းကောင်းသဖြင့် သူ့ထက်အဆင့်နိမ့်သည့် ဇွန်ဘီများနှင့်လူများအပေါ်တွင် သူ့တည်ရှိမှုကို ဖျောက်ထား၍ရသည်။ မု့န်ယွဲ့ကတော့ သူ့လိုမဟုတ်ဘဲ သူမ၏အထူးခြားဆုံးနည်းသည် အစွမ်းကိုဖျောက်ထားခြင်းသာ။ သူမသည် အရှိန်အဝါကို ပတ်ဝန်းကျင်က အပင်များဖြင့် ရောနှောစေကာ သူမ၏တည်ရှိမှုကို ဖျောက်ထားနိုင်သည်။ ထို့ကြောင့် အခုဆိုလျှင် သူမအတွက် ခက်ခဲတာ မဟုတ်ပေ။ အဆင့်ခြောက်ဇွန်ဘီနှင့် သဘာဝလွန်စွမ်းအားရှင်တို့တောင်မှ မုန့်ယွဲ့၏အရှိန်အဝါကို အာရုံခံနိုင်မှာ မဟုတ်ပေ။

လင်းချင်းမှာ ဒီနှစ်ယောက်ကို တွေ့လိုက်သည်နှင့် သတိအပြည့်ဖြင့် ဖြစ်သွားသည်။ သူမသည် ဝူချန်းယွဲ့အား မုန်းတီးကာ ရန်လိုသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ဒီလူက ဘာမှမပြောဘဲနှင့် သူမကို မိုးကြိုးဖြင့် ထပ်ပစ်ချဦးမှာကို အနည်းငယ်တော့ စိုးရိမ်မိသည်။

လင်းချင်း၏မျက်လုံးများသည် လုံးဝအနက်သက်သက်သာ ဖြစ်သော်လည်း ဝူချန်းယွဲ့သည် သူမ၏တည်ငြိမ်နေမှုအောက်တွင် သူ့အားမုန်းတီးနေမှုကို ခံစားမိသည်။ 

မုန့်ယွဲ့သည် ဝူချန်းယွဲ့အား ကြည့်ပြီးနောက် လင်းချင်းကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ လင်းချင်းသည် အခြားဇွန်ဘီများလို သူတို့ကိုတွေ့သည်နှင့် သိသာသည့်ရန်လိုမှုမပြသည်ကို တွေ့ရသည့်အခါ သူမပိုစိတ်ဝင်စားမိသွားသည်။ အရင်တစ်ခါက သူမမျက်နှာကို သေချာမမြင်လိုက်ရခင် ပျောက်သွားတာဖြစ်သော်လည်း အခုသေချာမြင်ရသည့်အခါ ဒီဇွန်ဘီမသည် အရမ်းရုပ်ဆိုးလွန်းသည်။

ထို့နောက် ဒီဇွန်ဘီမသည် အဝတ်လဲတောင်ထားသည်ကို တွေ့လိုက်ရသည်။ သူမသည် ယောက်ျားဝတ် လေ့ကျင့်ခန်းဝတ်စုံကို ဝတ်ထားသည်။ မီးကျွမ်းနေသည့်ဆံပင်များသည် ညစ်ပတ်စွာဖြင့် သူမ၏မျက်နှာကို ဖုံးထားသည်။ မြင်ရသည့် မျက်နှာအပိုင်းတွင်လည်း အမာရွတ်ကြီးများက ရှိနေသည်။

လင်းချင်း၏ဆံပင်များသည် ဝူချန်းယွဲ့၏မိုးကြိုးကြောင့် မီးကျွမ်းကုန်တာ ဖြစ်သည်။ မုန့်ယွဲ့သည် ရယ်ချင်သွားသည်။    ‘ရုပ်ကို ကြည့်ပါဦး။ ခေါင်းဆောင်ကို ဒေါသထွက်လွန်းလို့ မိုးကြိုးနဲ့ ပြန်ပစ်ချင်နေတဲ့ပုံနဲ့’

လင်းချင်းသည် ကြီးမားလွန်းသည့် မြွေကြီးကို မျက်စိတစ်မှိတ်ဖြင့် ဖျောက်လိုက်သည်ကို မြင်ရသည့်အခါ ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့သည် သူမက နေရာလွတ်အစွမ်းဖြင့်ဇွန်ဘီဖြစ်ကြောင်း သေချာသွားသည်။

မြွေကြီး၏ အရွယ်အစားကိုကြည့်ရုံဖြင့် အားအရမ်းသန်မည့်ဆိုသည်ကို မုန့်ယွဲ့က သိလိုက်သည်။ သူမသည် တိုက်ပွဲအစအနများကို ကြည့်လိုက်သည့်အခါ ပြင်းထန်ခဲ့မည့် အကြောင်းကိုလည်း သိလိုက်သည်။ သို့သော်လည်း နေရာလွတ်အစွမ်းဖြင့် ဇွန်ဘီမတွင်တော့ သူမ၏ကိုယ်မှာ ဘာဒဏ်ရာမှ ရှိမနေပေ။ ဒဏ်ရာထက် သူမ၏အဝတ်များတောင်မှ မပျက်စီးသေးသဖြင့် သူမလုံးဝအတိုက်မခံရသည်မှာ သိသာလှသည်။

လင်းချင်းသည် ဘာမှမလှုပ်ဘဲ ငြိမ်နေသလို ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့ကလည်း ဒီလိုဖြစ်သည်။ သူတို့သည် ခုနစ်မီတာ ရှစ်မီတာအကွာတွင် အချင်းချင်းကြည့်နေကြသည်။ 

လင်းချင်းသည် အခုပြေးလျှင် အရမ်းလွယ်မှာ ဖြစ်သည်။ ထို့အတူ သူမ၏နယ်မြေထဲသို့ ဝင်ဖို့က ဘာမှမကြာပေ။ ဝူချန်းယွဲ့က ဘယ်လောက်မြန်မြန် သူမလောက်တော့ မြန်နိုင်မှာ မဟုတ်ပေ။ သို့သော်လည်း ကလေးမလေးနှင့် ကျွင်းကျွင်းတို့သားအမိကို တွေးမိသွားသည်။ ကလေးမလေး၏အဖေက သူမကိုတွေ့ပြီဆိုမှတော့ ကလေးမလေးကိုပြန်ပေးဖို့ အသင့်တော်ဆုံး အချိန်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကလေးမလေးက သူ့သမီးပဲဖြစ်သည်။ အရင်က ဒေါသထွက်၍သာ ကလေးမလေးကို ခေါ်ထားခြင်း ဖြစ်သည်။ နောက်တော့ ပြန်ပေးရန် ပျင်းသွားခြင်းသာ။ ဒီလိုလုပ်ဖို့က အချိန်နှင့်အားကုန်သည်။ အခုတော့ ကလေးမလေးကို ခေါ်ထားတာကြာသဖြင့် သူမ၏ဒေါသများ ပြေနေပြီ။ သို့သော်လည်း ဝူချန်းယွဲ့ဆီက တောင်းပန်ခံချင်သေးသည်. သူမကို မိုးကြိုးနဲ့ပစ်ချပြီးမှ ဘာမှမရလို့တော့ မဖြစ်ဘူးမလား? သူမသည် ကလေးကို ကောင်းကောင်းမွန်မွန် ပြန်ပေးမှာမလို့ သူကလည်း ကျေးဇူးသိတက်သင့်သည်။ ဒါတောင်မှ မိုးကြိုးနဲ့ပစ်ချရဲသေးသည်။ သူမကို ပြန်တောင်းပန်ရမှ ဖြစ်မည်။

ဝူချန်းယွဲ့သည် လင်းချင်းကိုကြည့်ရင်း ထူးဆန်းသလို ခံစားရသည်။
‘ဒီဇွန်ဘီမက ဘယ်လိုအဝတ်လဲရမယ်ဆိုတာ သိတယ်လား? အရင်က သူဝတ်ထားတဲ့ ညစ်ပတ်ပြီး မလှမပဂါဝန်က ဘယ်ရောက်သွားပြီလဲ? ဘယ်တုန်းက ဇွန်ဘီတွေလည်း သူတို့အသွင်အပြင်ကို ဂရုတက်သွားကြတာလဲ? သူတို့က အကုန်ထူးမခြားနားတွေမလား?’
သူတွေးနေမိသည်။ မိုးကြိုးဖြင့် သူပစ်ချမိလို့ သူ့အားဒေါသထွက်နေသည်ကိုလည်း ဒီတစ်ခါတွင် သူခံစားမိသည်။

ဝူချန်းယွဲ့သည် စိတ်ရှည်သူဖြစ်ရာ လင်းချင်းအား စူးစမ်းနေသည်။ မုန့်ယွဲ့သည်လည်း လင်းချင်းက စိတ်ဝင်စားဖို့ကောင်းသဖြင့် သူမပါ စူးစမ်းနေတာ ဖြစ်သည်။ သို့သော်လည်း လင်းချင်းကတော့ စိတ်ရှည်သူမဟုတ်ပေ။ သူတို့တစ်ခုခုပြောမလားဟု စောင့်နေသော်လည်း ဘာမှမပြောကြသည့်အခါ သူမသည် သုံးစက္ကန့်နှင့် နောက်တစ်စက္ကန့်၏ ဆယ်ပုံငါးပုံတောင် ထပ်စောင့်ပေးသော်လည်း သူတို့က ဘာမှမပြောကြသေးပေ။

ဒီနှစ်ယောက်က သူမအား တိုက်တာလည်းမဟုတ် စကားလည်းမပြောဘဲနှင့် ရပ်ကြည့်နေသလဲဆိုသည်ကို သူမနားမလည်နိုင်ပေ။ သူတို့အတွေးများကိုလည်း သူမဖတ်မရသည်ဖြစ်ရာ လက်ရှိအခြေအနေသည် ထူးဆန်းနေသည်။

နောက်ဆုံးမှာတော့ စိတ်မရှည်နိုင်တော့သည့် ဇွန်ဘီမလေးမှာ လက်မြှောက်လိုက်ရတော့သည်။ စာအုပ်နှင့် ဘောပင်သည် လေထဲမှပေါ်လာသည်။ သူမသည် စာစရေးသည့်အခါ အရှေ့ကနှစ်ယောက်သည် မယုံနိုင်ဖွယ် မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။ လင်းချင်းက လူတစ်ယောက်လို ဘောပင်ဖြင့်ရေးနေသည့်အခါ သူတို့သည် တကယ်အံ့သြသွားတာဖြစ်သည်။ တစ်စုံတစ်ယောက်က သူတို့မြင်နေသည်မှာ အမှန်ဟုတ်မဟုတ် ပြောပြပေးဖို့ လိုအပ်နေပြီ။

ဝူချန်းယွဲ့သည် မုန့်ယွဲ့ကို လှမ်းကြည့်မိသည်။ မုန့်ယွဲ့ကလည်း သူမကိုကြည့်နေသည့် ဝူချန်းယွဲ့အား ပြန်ကြည့်လာသည်။ သူတို့နှစ်ယောက်လုံးသည် မြင်နေရသည်ကို ယုံနိုင်ပုံမပေါ်ပေ။
‘ဇွန်ဘီက စာရေးနေတယ်! ငါတို့အရှေ့က ဇွန်ဘီက စာရေးနေတာ! ဘယ်တည်းက ဇွန်ဘီတွေက စာရေးတက်သွားတဲ့အထိ ညဏ်ကောင်းသွားကြတာလဲ?’

ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့သည် တူညီသည့်အတွေးများဖြင့် အချင်းချင်းကြည့်နေစဉ်တွင် လင်းချင်းမှာ စာရေးပြီးသွားပြီ။ သူမသည် စာရွက်ကိုဖြဲလိုက်ပြီးနောက် စာအုပ်နှင့်ဘောပင်ကို အဝတ်မှအိတ်ထဲသို့ ထည့်လိုက်သည်။ 

ထို့နောက် ထိုင်ချလိုက်ကာ ကျောက်ခဲတစ်လုံး ကောက်လိုက်သည်။ ကျောက်ခဲကို စာရွက်ဖြင့်ပတ်ပြီးမှသာ ထိုခဲကို ဝူချန်းယွဲ့၏မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်ရာ ဝူချန်းယွဲ့သည် ဆွံအစွာဖြင့် အမြန်ဖမ်းလိုက်ရသည်။ မုန့်ယွဲ့သည်လည်း သူ့လိုဖြစ်နေသည်။

“ဖွင့်ကြည့်!”
သူမသည် လင်းချင်းမှာ အခြားဇွန်ဘီများနှင့် မတူကြောင်း သတိထားမိနေတာ ဖြစ်သည်။ ထူးဆန်းနေသော်လည်း သူတို့အား သတ်ချင်စိတ်တော့မရှိပေ။ ပြီးတော့လည်း ဘောပင်ဖြင့် တစ်ခုခုရေးနေသည်က မယုံနိုင်ဖွယ်ပင်။ ထို့ကြောင့် ဘာရေးလိုက်သလဲ သိချင်နေသည်။

သို့သော်လည်း ဝူချန်းယွဲ့မှာ ခဲကိုဖမ်းလိုက်သည့်တိုင်အောင် အံ့သြနေဆဲဖြစ်သည်။ မုန့်ယွဲ့က သူ့အားသိချင်စိတ်မထိန်းနိုင်ဘဲ ကြည့်နေသဖြင့် သူမသည် ကျောက်တုံးကိုဖယ်ကာ စာရွက်ကိုဖြေလိုက်သည်။ မုန့်ယွဲ့သည်လည်း သူ့အနားသို့ကပ်လာကာ စာကိုလာဖတ်သည်။

‘သူများကို မိုးကြိုးနဲ့ လိုက်ပစ်နေတာ အတော်ကောင်းနေလား? တောင်းပန်! မဟုတ်ရင် ကလေးမလေးနဲ့ နင်ထပ်တွေ့ရမှာ မဟုတ်ဘူး! ငါကိုတစ်ခုခုထပ်သာလုပ်လို့ကတော့ နင့်ကိုကလေးမလေးနဲ့ လုံးဝကို ပေးမတွေ့ဘူး! တောင်းပန်!’
ဝူချန်းယွဲ့မှာ ပြောစရာစကား ထပ်ပျောက်သွားပြန်သည်။

“ဟီး”   မုန့်ယွဲ့သည် ပထမအကြောင်းဖတ်ရုံနှင့်တင် မရယ်ဘဲ မနေနိုင်တော့ပေ။    ‘ဇွန်ဘီမက တကယ်အငြိုးကြီးတာပဲ’

ဝူချန်းယွဲ့မှာ ဘာဖြစ်နေသလဲကို နားလည်အောင် ငြိမ်သက်စွာဖြင့် မနည်းအချိန်ယူလိုက်ရသည်။ အရင်တုန်းက လူသားလိုလုပ်နေသည့်ဇွန်ဘီကို မတော်တဆမိုးကြိုးဖြင့် ပစ်မိသွားသည်။ အခုတော့ ဒီဇွန်ဘီမက သူ့အား တောင်းပန်ခိုင်းနေသည်။

‘WTH? ဇွန်ဘီက တောင်းပန်ခိုင်းဖို့ စာရေးနိုင်တယ်လား? ပြီးတော့ ငါ့ကိုတောင် ခြိမ်းခြောက်ရဲသေးတယ်! ဘယ်တည်းက ဇွန်ဘီတွေက လူလိုဖြစ်သွားတာလဲ?’
သူတွေးနေမိသည်။

“ခြိမ်းခြောက်စာပဲ! ဒါပင်မယ့် လက်ရေးကတော့ အတော်လှတယ်!”   မုန့်ယွဲ့သည် ပြုံးကာပြောသည်။

ဝူချန်းယွဲ့သည် သူ့အရှေ့မှ မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသည့် ဇွန်ဘီမကို ကြည့်ကာ မုန့်ယွဲ့အား   “ငါတို့ပြောတာကို သူနားလည်မယ်ထင်လား?”

သူ့စကားကိုကြားသည့်အခါ မုန့်ယွဲ့ရော လင်းချင်းပါ စိတ်လေစွာ မျက်လုံးလှန်လိုက်မိသည်။ သို့သော်လည်း မျက်လုံးလှန်ပုံခြင်းကတော့ ဘယ်တူမလဲ။ မုန့်ယွဲ့သည် လူသားများလုပ်သလို ဖြစ်သော်လည်း လင်းချင်းမှာ ခေါင်းကို ကောင်းကင်ဘက်သို့ မော့ချလိုက်တာ ဖြစ်သည်။

ဝူချန်းယွဲ့သည် ပြောစရာပျောက်သွားသလို စိတ်လည်းညစ်သွားသည်။  
Previous Chapter 77 of 198 Next