May Honey Logo May Honey
Previous Next

၁၂၄။ ခန်းခြောက်သွားတဲ့ ယန်ချောင်း

ယန်ချောင်း၏အလောင်းကို ကမ်းစပ်သို့ သယ်လာသည့်အခါ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် သူတို့မြင်လိုက်ရသည်ကို နားမလည်နိုင်ဖြစ်သွားသည်။ လင်းချင်းကတော့ ဘာဖြစ်သလဲကို သေချာပေါက်သိတာပေါ့။

ယန်းချောင်းမှာ ရေထဲကိုမြုပ်သွားတည်းက လင်းချင်းသည် ထူးဆန်းနေတာကို သိလိုက်သည်။ အစကတော့ သက်ရှိလူသားဖြစ်သော်လည်း အခုတော့ အသက်မဲ့နေသည့် အလောင်းဖြစ်နေပြီ။ သို့သော်လည်း သူ့အလောင်းသည် ပုံမှန်အလောင်းများလို မဟုတ်ဘဲ ပေါ့ရွှတ်နေသည်။ ဝိတ်တစ်ဝက်လောက်ကျသွားသလို သူမခံစားရသည်။ သူ့ကိုယ်သည် သုံးဆယ်ကီလိုဂရမ်လောက်ရှိသောကြောင့် ပုံမှန်အလောင်းများထက် ပိုလေးသင့်တာဖြစ်သည်။ လူ့ကိုယ်သည် သေသွားသည့်အခါ ရှင်စဉ်ကထက် ပို၍ဝိတ်များတက်သည်။ 

ဘာဖြစ်လို့ ယန်ချောင်း၏ကိုယ်က အရမ်းပေါ့သွားရသနည်း? သိသိသာသာပေါ့သွားရုံတင်မကဘဲ သူ့အရည်ပြားများသည် ခြောက်ကပ်ကာ ကြွက်သားများလည်း ရှုံ့တွနေသည်။

“ဘာ. . .ဘာဖြစ်တာလဲ? ခြောက်ကပ်သွားတာလား?”
တူယွမ်ရှင်းသည် ယန်ချောင်းကို မျက်လုံးအပြူးဖြင့် ကြည့်ရင်းပြောသည်။ လွန်ခဲ့သည့် ဆယ်မိနစ်တုန်းက ယန်ချောင်းသည် သူ့အားစကားပြောနေသေးခဲ့သည်။ သို့သော်လည်း အခုတော့ ဒီလိုဖြစ်သွားသည်ကို မြင်သည့်အခါ တူယွမ်ရှင်းသည် အတော်လေးကြောက်သွားသည်။

လူသေကိုမြင်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ကမ္ဘာပျက်ခေတ်တွင် အများဆုံးက လူသေများနှင့် ဇွန်ဘီများ ဖြစ်သည်။ သို့သော်လည်း ယန်ချောင်း၏ မိနစ်ပိုင်းအတွင်း ဒီလိုဆိုးဆိုးဝါးဝါးသေဆုံးခြင်းကို မြင်ရသည့်အခါ သူတကယ်ကြောက်သွားသည်။

လုံချင်းယင်ကတော့ လင်းချင်းကို နားမလည်နိုင်စွာ ကြည့်နေသည်။

“ကန်ထဲမှာ ဘာရှိနေတာလဲ? လူသားစားတဲ့တစ်ခုခုလား?”   တူယွမ်ရှင်းသည် လင်းချင်းကိုကြည့်ကာ ကြောက်လန့်တကြားမေးသည်။ အစတုန်းက သူလည်းကန်ထဲကို ပစ်ချခံလိုက်ရသောကြောင့် ဖြစ်သည်။

လင်းချင်းသည် သူတို့နှစ်ယောက်ကိုကြည့်ကာ နေကာမျက်မှန်ကို ပင့်တင်လိုက်သည်။ ထို့နောက် ရေးပြလိုက်သည်က   ‘သရဲ’

တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် ဘယ်လိုတုန့်ပြန်ရမလဲ မသိတော့ပေ။

‘ကန်ထဲမှာ တကယ်ကြီးသရဲရှိတာလား? ဒါမှမဟုတ် လိမ်နေတာလား? ဘာပဲဖြစ်ဖြစ် ဒီကန်ထဲမှာ ကြောက်ဖို့ကောင်းတဲ့ တစ်ခုခုရှိနေတာတော့ သေချာတယ်’   ဤသို့ဖြင့် သူတို့နှစ်ယောက်လုံးသည် ဒီကန်ကို အရမ်းအန္တရာယ်များသည်ဟု မှတ်သာထားသည်။

တူယွမ်ရှင်းသည် ထိုင်ချလိုက်ကာ ယန်ချောင်း၏မျက်နှာကို လက်ညိုးဖြင့် ထိုးကြည့်လိုက်သည်။ မျက်နှာကြီးမှာ ခြောက်သွေ့သွားသည့် သစ်ပင်မှ ပင်စည်လိုမျိုး မာနေသည်။

“သူ့မှာ အမြူတေရှိသေလား? အမြူတေပါ ခမ်းသွားတာလား?”   တူယွမ်ရှင်းက မေးသည်။ လုံချင်းယင်သည်လည်း ယန်ချောင်း၏ ပိန်လိမ်နေသည့် မျက်နှာကိုကြည့်ပြီးနောက် လင်းချင်းကိုကြည့်လာသည်။ 

လင်းချင်းက ညာဘက်လက်မှ လက်သည်းများထုတ်လိုက်သည်။ တူယွမ်ရှင်းသည် လင်းချင်းက သူ့ကိုစိုက်ကြည့်နေသည့်အခါ ချက်ချင်းနောက်သို့ဆုတ်သွားသည်။ ထိုအခါမှ လင်းချင်းသည် ယန်ချောင်း၏ ခေါင်းကို လက်သည်းဖြင့် ခွဲလိုက်သည်။

သူတို့နှစ်ယောက်အား ယန်ချောင်းဆီမှ ဘာစွမ်းအင်မှ သူမအာရုံမခံမိသည်ကို မပြောတော့ပေ။ အစက သူမ၏နယ်မြေထဲကို ရောက်တုန်းက စွမ်းအင်ရှိနေသော်လည်း အခုတော့ သူ့စွမ်းအင်များသည် ပျောက်ကွယ်သွားပြီ။

ယန်ချောင်း၏ခေါင်းကို လင်းချင်းက ဖရဲသီးကိုခွဲပြီးသည့်အခါ သုံးယောက်သည် စိတ်ဝင်စားစရာကို တွေ့လိုက်ရသည်။ ယန်ချောင်း၏ ဦးနှောက်သည်လည်း ခြောက်ကပ်ကာ ရှုံ့တွနေတာဖြစ်သည်။

လင်းချင်းသည် ခြောက်နေသည့်ဦးနှောက်ကို လက်သည်းဖြင့် ထိုးမကြည့်ဘဲ မနေနိုင်ပေ။ ထိုအရာသည် မုန့်ကြွပ်လိုမျိုးပင်။ ထို့နောက် သူမသည် ဦးနှောက်များကို ဖဲ့ဖို့လုပ်လိုက်သည့်အခါ အမှုန့်များအဖြစ်သို့ အလွယ်တကူပင် ပဲ့ကြွေလာသည်။

‘WTH! ဘာဖြစ်လို့ သူ့ဦးနှောက်က ဒီလိုဖြစ်သွားတာလဲ?’
လင်းချင်းက တွေးနေမိသည်။ သူမသည် ဆက်ဖဲ့လေလေ ဦးနှောက်သည် ပဲ့လာလေလေဖြစ်ရာ တောက်ပခြင်း မရှိတော့သည့် အဖြူရောင် အမြူတေက ထွက်ပေါ်လာသည်။ ဒီအမြူတေသည် ဇွန်ဘီအမြူတေလို ပုံသဏ္ဍာန်ပင်။ လင်းချင်းသည် လက်ဖြင့်ထိုးကြည့်အခါ ဘာစွမ်းအင်မှ ထွက်မလာဘဲ အမှုန့်အဖြစ်ပြောင်းသွားသည်။

လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် အံ့သြသွားကြသည်။ ယန်ချောင်း၏ကိုယ်တင်မကဘဲ သူ့၏စွမ်းအင်များပါ ခန်းခြောက်သွားပုံရသည်။

လင်းချင်းသည် သူမ၏လက်ကိုဖုန်ခါပြီးနောက် ထလိုက်သည်။ ထို့နောက် မျက်လုံးကိုမှိတ်ကာ အပြင်ကိုကြည့်လိုက်သည်။ ဟောင်ဝူနှင့်သူ့လူများသည် ထိုနေရာတွင် ဆက်စောင့်နေကြတုန်းပဲ ဖြစ်သည်။ ဒီတစ်ခါတော့ သူတို့သည် ရှာလျှင်လည်း တွေ့မှာမဟုတ်သဖြင့် ရှာမနေကြတော့ပေ။

အစတုန်းက လင်းချင်းသည် ယန်ချောင်းကို သူမ၏နယ်မြေထဲသို့ ဆွဲခေါ်သွားသဖြင့် ဟောင်ဝူသည် ဒီနေရာတွင် နေရာလွတ်စွမ်းအားရှင်ရှိကြောင်း သေချာသွားသဖြင့် လင်းချင်းထွက်လာမည်ကို စောင့်နေတာဖြစ်သည်။ နောက်ဆုံးမှာတော့ နယ်မြေထဲကနေ ထွက်လာမည်ဟု သူယုံကြည်လေသည်။

သူသိသလောက်ဆိုလျှင် နေရာလွတ်စွမ်းအားရှင်အများစုသည် သူတို့၏နယ်မြေထဲသို့ လူများခေါ်ထား၍ရသည်။ သူတို့၏နယ်မြေထဲတွင် အချိန်ကြာကြာသို့မဟုတ် ခနတဖြုတ် နေ၍ရသည်။ သူတို့၏အဆင့်နှင့် အခြားအကြောင်းများကို မူတည်၍ အချိန်ကာလသည် မတူညီသော်လည်း နယ်မြေထဲမှာပဲ တစ်သက်လုံးတော့ မနေနိုင်ကြပေ။ သူတို့သည် နောက်ဆုံးတွင် နယ်မြေထဲက ထွက်လာရတာပဲ ဖြစ်သည်။

သူထင်သည်မှာ မှန်ပါသည်။ လင်းချင်းသည်လည်း ထွက်လာဖို့ လိုအပ်သောကြောင့် ထွက်လာသည်။ သူမသည် ကိုယ်ဖျောက်ကာထွက်လာပြီး အနားရှိအဆောက်အဦးဆီသို့ သွားလိုက်ကာ ၇လွှာရှိသည့် အဆောက်အဦးပေါ်မှ သူမ၏မျက်နှာကို ပြလေသည်။ သူမသည် အရာနှစ်ခုကို ကိုင်ကာလှမ်းပစ်လိုက်ပြီးနောက် ကိုယ်ပြန်ဖျောက်သွားသည်။

ကွန်ကရစ်လမ်းပေါ်သို့ ပြုတ်ကျသည့်အသံများက ထွက်လာသည်။ ထိုအရာများသည် လူကိုယ်ထက်ပိုပေါ့သလို သစ်သားတုံးများလိုပင်။ ဟောင်ဝူသည် ဘာဖြစ်လဲ မသိလိုက်ချိန်တွင် သူ့အရှေ့သို့ လူသားသဏ္ဍာန်နှစ်ခုပြုတ်ကျသည်။ ဒီနှစ်ခုကို ပစ်လိုက်သည့်သူကို သူရှာသော်လည်း ဘာအစအနမှ ရှာမရပေ။

လူသားသဏ္ဍာန်နှစ်ခုသည် ပြုတ်ကျလာသည့်အခါ အနားကစစ်သားများသည် ကြောင်အသွားကြသည်။ သူတို့သည် ဟောင်ဝူ၏ မည်းသည်းနေသည့် မျက်နှာကို တစ်ချက်ကြည့်ကာ မလှုပ်ရဲကြတော့ပေ။

ဟောင်ဝူသည် အရမ်းစိတ်ဆိုးနေသည့်ရုပ်ဖြင့် ဖြစ်သည်။ သူ့မျက်လုံးထောင့်များသည် တွန့်နေကာ မျက်လုံးထဲတွင် ဒေါသများလည်းပြည့်နေသဖြင့် အချိန်မရွေး မီးများထွက်လာတော့မလို ဖြစ်နေသည်။ သူ့မျက်နှာသည်လည်း ရှုံ့တွနေကာ အံလည်းကြိတ်ထားသည်။ သူ့ဆီမှ မကောင်းသည့်အရှိန်အဝါများ ထွက်နေသည်ကို လူတိုင်းခံစားမိနိုင်သည်။

အလောင်းနှစ်ခုသည် ဟောင်ဝူနှင့် နှစ်မီတာအကွာတွင်ဖြစ်သည်။ ဒီအလောင်းကို ပစ်လိုက်သူသည် အသိသာကြီးကို သူ့မျက်နှာကို ဖြတ်ရိုက်သည့်အလား စိန်ခေါ်နေတာပင်ဖြစ်သည်။ ထို့ကြောင့် ဘယ်သူကမှ အသံမထွက်ရဲတာ ဖြစ်သည်။

ဟောင်ဝူသည် ယန်ချောင်း၏အဝတ်များဝတ်ထားသည့် အလောင်းကို ကြည့်လိုက်သည်။ သူသည် အံကြိတ်ထားကာ လူသတ်ချင်နေသည့် သူ့စိတ်ကို မနည်းငြိမ်အောင် ထိန်းနေရသည်။ ထို့နောက် ထိုအလောင်းများဆီသို့ သွားကြည့်လိုက်သည်။

အလောင်းတစ်ခုသည် ယန်ချောင်းဖြစ်ကာ နောက်တစ်ခုကတော့ ဇွန်ဘီဖြစ်သည်။ နှစ်လောင်လုံး၏ခေါင်းများသည် ဖွင့်ထားသဖြင့် အမြူတေများထုတ်ခံရပြီဆိုသည့် အဓိပ္ပါယ်ပင်။ ဟောင်ဝူက အလောင်းများကို ကြည့်နေချိန်တွင် လင်းချင်းကတော့ နောက်အဆောက်အဦးတစ်ခု၏ အမိုးပေါ်သို့ ခုန်လိုက်ပြီးပြီဖြစ်သည်။  
Previous Chapter 124 of 198 Next