၅၉။ အတည်ပြုပြီးသားသတင်း
ဖေးချောင်လင်းက သူတို့၏တာဝန်သည် ပင်လယ်မြို့တော် အခြေစိုက်စခန်းသို့လာကာ သူတို့၏စခန်းခေါင်းဆောင်နှင့် ညှိနှိုင်းဖို့အကြောင်း ပြောလိုက်သည်။ သူတို့သည် ဒီစခန်းသို့မရောက်ခင် တစ်လလောက် ခရီးထွက်လာရတာဖြစ်သည်။ သူတို့အဖွဲ့သည် ဓားပြတို့နှင့်သာ မတိုးလျှင် စောစောရောက်နေလောက်မှာ ဖြစ်သည်။
ဓားပြများသည် အစာအတွက် ရူးသွပ်နေသည့်သူများ ဖြစ်ကြသည်။ သူတို့သည် အဆာလွန်လာလျှင် လူသားတောင် စားကြသည်။ ထို့ကြောင့် တာဝန်ရှိနေသည့်သူတို့သည် ထိုဓားပြများနှင့် တိုက်ခိုက်ရာတွင် ပွဲမြန်မြန်သိမ်းရန် သူတို့၏ကားကို လက်လွတ်လိုက်ရတော့သည်။
သို့သော်လည်း သူတို့မသိသည်မှာ သူတို့၏ခေါင်းဆောင်ကြီးသည် တိုက်ပွဲအတွင်းတွင် သေဆုံးသွားပြီဆိုသည့်အကြောင်းကို ဖြစ်သည်။ ရန်သူများက လှုပ်ရှားတော့မည်ဆိုသည်ကို သိခဲ့သော်လည်း သူ့လူထဲတွင် သစ္စာဖောက်ရှိနေမည်ဟု မထင်ခဲ့ပေ။ ထိုသစ္စာဖောက်သည် သူမအား အဆိပ်ခတ်ရန် ရန်သူကို ကူညီပေးခဲ့သည်။ ဟေးဒီးအခြေစိုက်စခန်းခေါင်းဆောင်တွင် အလွန်အားကောင်းသည့် ငရဲမီးစွမ်းအင်ရှိသော်လည်း အဆိပ်ပြီးနေသည့်သူတော့မ မဟုတ်ခဲ့ပေ။
ရန်သူများသည် သူ့အားနည်းချက်ကို အသုံးချခဲ့သည်။ စခန်းအပြင်မှ အဖွဲ့များနှင့် ပူးပေါင်းကာ အဆင့်ခုနစ်ငါးယောက်သည် အဆင့်ခုနစ်ခေါင်းဆောင်တစ်ယောက်သာရှိသည့် သူတို့စခန်းကို ဝင်သိမ်းတော့သည်။ ရန်သူအများစုသည် ဆိုးဆိုးဝါးဝါးဒဏ်ရာရသွားသော်လည်း ခေါင်းဆောင်ကတော့ သူ့လူအချို့နှင့်အတူ အသက်ဆုံးရှုံးသွားခဲ့သည်။ သူ့ညီအကိုမောင်နှမအချို့သည် စခန်းမှ ထွက်ပြေးလာနိုင်သော်လည်း အခုတော့ သူတို့အား လိုက်ဖမ်းခံနေကြပြီဖြစ်သည်။
ကမ္ဘာပျက်ခေတ်တွင် ဆက်သွယ်ရေးလိုင်းတို့က မရှိတော့ပေ။ ထို့ကြောင့် လင်းယုနှင့် အခြားအသင်းဖော်များသည် သူတို့စခန်းဘာဖြစ်သွားသလဲဆိုသည့်အကြောင်းကို မသိကြပေ။ သူတို့သိသည်ဟူ၍ သူတို့ခေါင်းဆောင်ပေးခဲ့သည့်တာဝန်ကို သူတို့အခုပြီးမြောက်အောင် လုပ်ဆောင်ရမည်သာ ဖြစ်သည်။
သူတို့သည် ပင်လယ်မြို့တော်အခြေစိုက်စခန်းတွင် မီးခိုးရောင်မိုးကြိုးခေါင်းဆောင် ပြန်လာမည်ကို စောင့်နေကြသည်။ သို့သော်လည်း သူတို့စောင့်နေသည့်သူမျာ သူ့သမီးအား ခိုးသွားသည့် ဇွန်ဘီတစ်ကောင်နောက်ကို ပတ်လိုက်နေမည်ဟု သူတို့ထင်မထားမိပေ။ ပြန်လာသည့်သူများကတော့ လက်ထောက်ခေါင်းဆောင်များသာ ဖြစ်တော့သည်။
. . .
အခြေစိုက်စခန်းအနီးက အနားယူသည့်စခန်းတွင် ရှောင်ယွင့်လုံသည် လည်သာထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူ့အနားတွင် စစ်သားအများစုကရှိနေကာ သူ့အရှေ့တွင် နှစ်ယောက်၊ အနောက်တွင်နှစ်ယောက်နှင့် တံခါးနားတွင် နှစ်ယောက် စောင့်ကြပ်နေကြသည်။ သုံးမီတာလောက်အကွာတွင်တော့ လူသုံးယောက်သည် လက်ပြန်ကြိုးတုပ်ခံထားရကာ ရှိနေသည်။ ထိုယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက်သည် အခြားသူများမဟုတ်။ လင်းယုံး၊ လျူဟုန်ရှီနှင့် လျန်ချောင်းယန်တို့သာ ဖြစ်ကြသည်။
အရပ်ရှည်ကာ သန်မာပုံရသည့် ရှောင်ယွင့်လုံသည် ထိုင်ခုံတွင်မှီထိုင်နေစဉ် လက်တစ်ဖက်က ခုံလက်တန်းပေါ်တင်ထားကာ နောက်လက်တစ်ဖက်က ပစ္စတိုကိုကိုင်ထားသည်။ သူသည် သေနတ်ကိုလှည့်နေရင်းဖြင့်
“ဒီမိန်းမက ဇွန်ဘီဖြစ်နေပြီလို့ မင်းတို့ပြောချင်တာလား?”
ထိုသုံးယောက်သည် သူတို့အားရိုင်ဖယ်များဖြင့် ချိန်ထားသည့် စစ်သားများကို တစ်ချက်ကြည့်ကာ လှုပ်တောင်မလှုပ်ရဲကြတော့ပေ။
“ဟုတ်တယ်။ ငါတို့က ခရမ်းရောင်မိုးကြိုးခေါင်းဆောင်ရဲ့ သမီးဆီကို သူတို့လမ်းပြခိုင်းမလို့ပဲ။ ကလေးမလေးဘယ်မှာရှိလဲဆိုတာ သူပဲသိတာ။ အဲ့ဒါကြောင့် အဲ့မိန်းမဆီက ငါတို့ကယ်ပြီး ပြန်ပေးမလို့ပဲ။ ဒါပင်မယ့် ငါတို့မထင်မိတာက သူ. . .”
လင်းယုံးက တည်ငြိမ်စွာ ပြောသည်။
“ပြန်ပေးမယ်? မင်းတို့က စိတ်ကောင်းရှိနေပါလား? ရယ်ချင်စရာပဲ. ..”
ရှောင်ယွင့်လုံက သူ့စကားကို ဖြတ်ပြောသည်။
“မင်းတို့က သေချာပေါက် ပြန်ပို့ချင်မှာပေါ့။ မဟုတ်ရင် ယန်ဟောင်က မင်းတို့ကို အရှင်ထားမှာမှ မဟုတ်တာ။ ဒီပျင်းဖို့ကောင်းတဲ့မိန်းမကို ဖယ်ပစ်ဖို့အတွက် ငါတို့ယွဲ့လင်းလေးက ပါလာရတယ်လို့။ မင်းတို့ ခေါင်းဆောင်ကို သေချာရှင်းပြဖို့တော့ လိုနေပြီမလား?”
လင်းယုံးနှင့် အခြားနှစ်ယောက်သည် သူတို့ခေါင်းများကို ငုံ့ထားကာ ရှောင်ယွင့်လုံ၏ စူးရှသည့်အကြည့်များကို မကြည့်ရဲကြတော့ပေ။ ချွေးအေးများသည်လည်း သူတို့နဖူးမှ ကျဆင်းလာပြီဖြစ်သည်။
ရှောင်ယွင့်လုံသည် အမှန်တရားကို သိပြီးဖြစ်သောကြောင့် သူတို့အခုပြောသမျှတိုင်းသည် အသုံးမဝင်တော့ပေ။ ဒီသုံးယောက်ကိုကြည့်နေရင်းဖြင့် သူ့မျက်နှာသည် မဲသည်းလာကာ
“အဲ့ဒီတော့ . . . အခုဘာလဲ? မင်းတို့က အဲ့ဒီမိန်းမကို သတ်ပစ်လိုက်ပြီးတော့ ငါတို့ယွဲ့လင်းလေးက ပျောက်နေတယ်ပေါ့။ ငါတို့ယွဲ့လင်းလေးအတွက် မင်းတို့အသက်တွေလောက်နဲ့ ပြန်လျော်ရမယ် ထင်နေလား?”
ဘန်း! ဘန်း! ဘန်း!
သူ့စကားမဆုံးခင် သူ့လက်ထဲရှိ ပစ္စတိုမှ သေနတ်သံသုံးချက် ဖောက်ထွက်လာသည်။ သူသည် သူတို့အား သတိတောင်မပေးလိုက်ပေ။ သူတို့ကိုယ်တိုင်လည်း ဘာဖြစ်သလဲ မသိလိုက်ခင်မှာ သူတို့ခေါင်းထဲသို့ ကျည်ဆန်ကဝင်သွားပြီဖြစ်ပြီး သွေးတို့က ထွက်လာတော့သည်။ သူတို့သည် မျက်လုံးအပြူးသားဖြင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
“လွှတ်ပစ်လိုက်တော့”
ရှောင်ယွင့်လုံသည် သေနတ်ကို ပြန်သိမ်းလိုက်ကာ အခန်းထဲက ထွက်သွားရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ ဆရာ”
အခြားစစ်သားများသည် ချက်ချင်းဖြေကြသည်။ ထို့နောက် သူတို့သည် အလောင်းများကို ဆွဲထုတ်ကြသည်။
ရှောင်ယွင့်လုံသည် သူ့ဘေးမှနေ လိုက်လျှောက်လာသည့် လက်ထောက်အား
“ခေါင်းဆောင်ကို အဲ့ဒီမိန်းမသေပြီဆိုတဲ့အကြောင်း သတင်းသွားပို့ချေ။ ပြီးတော့လည်း ပတ်ဝန်းကျင်ကို ရှာကြ. . .အဲ့မိန်းမဇွန်ဘီဖြစ်သွားပြီလား ဒါမှမဟုတ် အလောင်းရှိသေးလားဆိုတာ”
“ဟုတ်ကဲ့ ဆရာ။ အခုလုပ်လိုက်ပါ့မယ်”
လက်ထောက်သည် ခေါင်းငြိမ့်ကာ ချက်ချင်းပြောသည်။
ချက်ချင်းထွက်ပြေးသွားသည့် လက်ထောက်ကိုကြည့်ကာ သူရယ်ချင်သွားသော်လည်း ကလေးမလေး အဆင်ပြေပါစေဟုသာ တွေးရင်း သက်ပြင်းချလိုက်သည်။
. . .
ရှောင်ယွင့်လုံက လုထန်ယု၏သေခြင်းကို အတည်ပြုရန် သူ့လူများကို လွှတ်လိုက်စဉ်တွင် လုထန်ယု၏ကိုယ်ထဲမှ လင်းချင်းကတော့ မြက်ခင်းထဲတွင် ကြွက်ရှာပုံတော်ဖွင့်နေလေသည်။ သူမသည် ဝူယွဲ့လင်း၏အနံ့ကြောင့် ဗိုက်ဆာခြင်းက ပိုတိုးလို့သာလာသည်။ သို့သော်လည်း အဆင့်ငါးဇွန်ဘီက စောင့်နေသဖြင့် နယ်မြေအပြင်ကိုမထွက်နိုင်သဖြင့် အစာရှာလို့ မရသေးပေ။
ထို့ကြောင့် သူမသည် နယ်မြေထဲက ယုန်ပေါက်ကို သတိရသွားသည်။ သို့သော်လည်း ဝူယွဲ့လင်းနှင့် ယုန်သည် ခင်နေပြီဖြစ်သည့်အကြောင်း ပြန်တွေးမိသွားသည်။ ယုန်ကိုစားလိုက်ရင် ကလေးမလေးကတော့ စိတ်မကောင်းဖြစ်သွားတော့မှာမလား? ထို့ကြောင့် လင်းချင်းသည် လက်လျော့လိုက်တော့သည်။
ထို့နောက်တွင်မှ သူမသည် အမွေးတောင် မထွက်သေးသည့် ကြွက်ပေါက်လေးများကိုလည်း နယ်မြေထဲတွင် ထည့်ထားသေးကြောင်း မှတ်မိသွားသည်။ ကြွက်လေးများက သေပြီလား ရှင်သေးလား သူမမသိပေ။ သူတို့အား အစာကျွေးမည့် ကြွက်မကြီးမရှိတော့သည်မှာ ရက်ပေါင်းအတော်ကြာပြီဖြစ်သောကြောင့် သေသွားလောက်သည်။ သို့သော်လည်း သူမသည် မသေလောက်သေးဘူးဟု စိတ်ထဲတွင် ထင်နေမိသည်။ ထို့ကြောင့် မြက်တောထဲတွင် သူမရှာနေခြင်း ဖြစ်သည်။
သူမသည် ရှာနေစဉ်တွင် မသေလောက်ဘူးဆိုတာ သေချာသွားသော်လည်း ဘယ်ရောက်နေသလဲတော့ မသိပေ။ သူတို့အတွက် သူမလုပ်ပေးထားသည့် အသိုက်ထဲတွင်တော့ အခုမရှိတော့ပေ။
သူမနှင့် ရှဲ့တုန်းသည် ဇွန်ဘီများဖြစ်သည်။ ဝူယွဲ့လင်းသည်လည်း လူသားဖြစ်သောကြောင့် သူမ၏နယ်မြေထဲတွင် ယုန်သာတွေ့ရသေးသည်။ ယုန်ကလေး အသားမစားသောကြောင့် ထိုကြွက်လေးများကို တစ်ယောကယောက်က စားပစ်သလား? ကလေးမလေးသည်လည်း စတော်ဘယ်ရီသီးသာစားသည်။ ကြွက်ကိုအစိမ်းစားမပစ်လိုက်ပေ။ ရှဲ့တုန်းသည်လည်း လူသားကိုသာ စိတ်ဝင်စား၍ အခြားသတ္တဝါများကို မကြိုက်ပေ။ အစတုန်းက ရှဲ့တုန်းအား လင်းချင်းက ယုန်ပေးတုန်းကတောင် တစ်ချက်လေးမှ မကြည့်ပေ။
ထို့ကြောင့် ဖြစ်နိုင်ချေအကုန်တွေးပြီးသည့်အခါ နယ်မြေထဲတွင် ကြွက်များကို စားမည့်သူမရှိကြောင်း သိလိုက်သည်။ ထို့အတူ ဒီနယ်မြေထဲတွင် သူမနေတာကြာပြီဖြစ်သော်လည်း အခြားသတ္တဝါတစ်ကောင်ကောင်ကို သူမမမြင်ဖူးပေ။ အကယ်၍ ရေကန်ထဲမှာသာရှိလျှင်. . .
သူမသည် အထပ်ထပ်အခါခါ ပြန်တွေးပြီးသော်လည်း ကြွက်လေးများမှာ ရှင်နေလောက်သေးသည်ဟုသာ ခံစားရသည်။ ထို့ကြောင့် သူမသည် မြက်ခင်းထဲတွင် တွားသွားကာ ရှာသော်လည်း မတွေ့ပေ။ သူမတွင် အမြင်အာရုံ အကြားအာရုံနှင့် အနံ့ခံအာရုံတို့က ထက်မြက်နေပြီဖြစ်သည်တောင်မှ ကြွက်များကို ရှာလို့မတွေ့သေးပေ။