May Honey Logo May Honey
Previous Next

၁၉၁။ လူသားအဖွဲ့ကိုရှာခြင်း

လင်းချင်းသည် အောက်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အမိုးပေါ်ကနေ ခုန်ချလိုက်သည်။ သူမသည် ဇွန်ဘီများထဲတွင် ကိုယ်ပြန်ဖော်လိုက်ပြီးနောက် လူသားအဖွဲ့နားသို့ ကပ်သွားလိုက်သည်။

သူမသည် အနားသို့ရောက်သွားသည့်အခါ လူသားအဖွဲ့ထဲက လူနှစ်ယောက်ကို မြင်လိုက်ရသည်။ အတိအကျပြောရလျှင် လင်းချင်းက ဒီလူများကို သိတာမဟုတ်ဘဲ လုထန်ယုက သိခြင်းဖြစ်သည်။ လူငယ်နှစ်ယောက်သည် ဖုန်များဖြင့် ပေကျံနေသော်လည်း ချောမောနေဆဲပင်။ 

လင်းချင်းသည် တွေးမိသွားသည်။   ‘တိုက်ဆိုင်လိုက်တာ။ ဘယ်လိုကံကြမ္မာမျိုးက သူတို့ကို ငါ့ဆီခေါ်လာတာလဲ?’

ဒီလူငယ်နှစ်ယောက်သည် လုထန်ယုနှင့်ရင်းနှီးနေရခြင်းမှာ တစ်ယောက်သည် မောင်နှမဖြစ်နေ၍ပင်။ လုထန်ယု၏ သွေးတစ်ဝက်ရောသည့် ဆွေမျိုးဖြစ်ကြောင်းကို လင်းချင်းသည် ဒီတစ်ယောက်၏ မျက်နှာကို မြင်လိုက်သည့်အခါ မှတ်ဉာဏ်များက ဝေဝါးနေသော်လည်း သိလိုက်သည်။ လုထန်ယုသည် သူမ၏မိသားစုကို သူတို့သားအမိက ဖျက်စီးသွားသည်ဟု ယုံကြည်ထားသဖြင့် မောင်နှမချင်း ဘယ်တုန်းကမှ မတည့်ခဲ့သလို ကမ္ဘာပျက်ခေတ်သို့ ရောက်လာသော်လည်း ဒီတစ်ယောက်ဖြင့် သူမသည် ဘာအဆက်အဆံမှ မလုပ်ချင်ခဲ့ပေ။ ထို့ကြောင့် စခန်းတွင် သူမသည် မသိချင်ယောင်ဆောင်နေလေ့ရှိခဲ့သည်။

‘လုထန်ရိက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ? ပြီးတော့ ဘာဖြစ်လို့ ဒီလူတွေက ဇွန်ဘီဆီမှာ အဖမ်းခံနေရတာလဲ?’   လင်းချင်းသည် ဇွန်ဘီအုပ်ကြီးနှင့်အတူ ရွေ့လျားရင်း လုထန်ရိနှင့် အခြားသူများကိုကြည့်ကာ သူမတွေးနေမိသည်။ လုထန်ရိဘေးက လူငယ်လေးကိုလည်း သိပါသည်။ ထိုလူငယ်လေးသည် ကောင်းချင်းမင်းဖြစ်ပြီး လုထန်ရိ၏ သူငယ်ချင်းဖြစ်ရာ သူမတို့အိမ်သို့ အရင်တည်းက လိုက်လာလည်ဖူးသဖြင့် လုထန်ယုက သိနေခြင်းပင်။

‘ဇွန်ဘီခေါင်းဆောင်တွေက သူတို့ကို ဘယ်ကိုခေါ်သွားနေတာလဲ?’   လင်းချင်းသည် ဇွန်ဘီခေါင်းဆောင် တစ်ကောင်ကို အလွယ်လေးနိုင်သည်။ နှစ်ကောင်ဆိုရင်လည်း နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သုံးကောင်ဖြင့် တိုက်ရမည်ဆိုသည့်အခါလည်း ပြဿနာတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် မြူခိုးနက်များရှိသည်။

လင်းချင်းသည် မြူခိုးနက်များကို စိတ်ဖြင့်ထိန်းချုပ်၍ ထုတ်လွှတ်လိုက်သည်။ မြူခိုးနက်များကို သုံးခုခွဲကာ ဇွန်ဘီခေါင်းဆောင်များဆီသို့ ပို့လိုက်ချိန်တွင် သူမသည် လုထန်ရိတို့နားသို့ ကပ်သွားနေသည်။

“ဒီဇွန်ဘီတွေက ငါတို့ကို ဘယ်ကိုခေါ်သွားနေတာလဲ?”

“ငါလည်းမသိဘူး။ မစားတာက ထူးဆန်းနေပြီ”

“သူတို့ကြည့်ရတာ ပျော်နေတဲ့ပုံပဲ။ အခုမစားပင်မယ့် သူတို့သွားမယ့်နေရာကို ရောက်ရင် စားမှာပဲ။ ငါတို့ဒီတစ်ခါ တကယ်ကံဆိုးနေတာပဲ”

လင်းချင်းသည် သူတို့နားသို့ ရောက်သွားသည့်အခါ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အသံတိုးတိုးဖြင့် စကားပြောနေသည်ကို ကြားလိုက်သည်။ သူတို့သည် တကယ်ကြည့်ကောင်းသည့်သူများဖြစ်ကြရာ သူတို့မျက်နှာတွင် ဖုန်၊သဲများနှင့် သွေးတွေပေနေတာတောင်မှ လင်းချင်းသည် သူတို့က ဘယ်လောက်ချောကြောင်းကို မြင်နေနိုင်သည်။

ကောင်းချင်းမင်း၏စကားကြောင့် လုထန်ရိ၏ မျက်လုံးထဲတွင် အမုန်းများဖြင့် ပြည်သွားကာ ​ဒေါသတကြီးဖြင့်    “တောက်! ငါသာအသက်ရှင်လျှက် ပြန်နိုင်လို့ကတော့ ဝူယွဲ့ယွင်ရဲ့ဘဝကို ငါသေချာပေါက် ဖျက်စီးပစ်မယ်။ အဲ့ဒီခွေးသူတောင်းစားက ဒီအဆင့်ငါးဇွန်ဘီတွေကို ငါတို့ဆီခေါ်လာပြီးတော့ ထွက်ပြေးသွားရဲတယ်!”

ကောင်းချင်းမင်းသည် ပင်ပန်းနေသည့်အသံဖြင့် ပြောသည်။   “ထားလိုက်တော့။ ငါတို့အသက်ရှင်လျှက် ပြန်နိုင်မယ် ထင်နေတာလား? အိပ်မက် မက်မနေနဲ့”   သူ့မျက်လုံးများသည် စိတ်ခံစားချက်ကင်းမဲ့နေကာ ဇွန်ဘီအုပ်၏ ခေါ်ဆောင်ရာကို လိုက်နေရသည့် သူ့ခြေလှမ်းတိုင်းသည် သေခြင်းတရားဆီသို့ လျှောက်နေရသလို ဖြစ်နေသည်။ သို့သော်လည်း သူနားမလည်နိုင်သည်မှာ သူတို့က ချက်ချင်းမစားဘဲ ဘာဖြစ်လို့ လမ်းလျှောက်ခိုင်းနေသလဲ ဆိုသည်ကိုပင်။

ကောင်းချင်းမင်း၏ စကားများကို ကြားသည့်အခါ လုထန်ရိသည်လည်း မျက်လုံးထဲက အမုန်းတရာများ ပါးသွား၍ ခေါင်းငုံကျသွားလေသည်။

ထိုအချိန်တွင် လင်းချင်းသည် ဇွန်ဘီအုပ်ထဲတွင် လိုက်သွားနေသည်။ အခြားဇွန်ဘီတိုင်းက ညစ်ပတ်ပေကျံနေကာ သူမကသာ အတော်သန့်ပြန့်နေတာ ဖြစ်သည်။ တကယ်တော့ သူမသည် အခြားဇွန်ဘီများနှင့် အတော်လည်း ကွဲပြားနေသော်လည်း ဇွန်ဘီတွေကတော့ သတိမထားမိပေ။ လင်းချင်းသည် အဆင့်ငါးဇွန်ဘီသုံးကောင်၏ အတွေးများကို မဖတ်နိုင်သော်လည်း အနားက သာမန်ဇွန်ဘီများ၏ အတွေးများကိုတော့ ကြားရသည်။

‘စားလို့မရတဲ့အစာ’

‘ခေါင်းဆောင်ရဲ့အစာ’
‘ခေါင်းဆောင်အတွက်အစာ’

‘စားမရတဲ့အစာ စားလို့မရဘူး’

သာမန်ဇွန်ဘီများ၏ အတွေးများသည် ရိုးရှင်းနေသော်လည်း လင်းချင်းကတော့ အရေးပါသည့် အချက်အလက်ကို သိလိုက်သည်။   ‘ခေါင်းဆောင်? ဘာကိုဆိုလိုတာလဲ? ဒီဇွန်ဘီခေါင်းဆောင်သုံးကောင်လား? သူတို့က ဒီနေရာကို အပိုင်သိမ်းထားကြတာ မဟုတ်ဘူးလား? ဒါကြောင့် သူတို့အစာကို သာမန်ဇွန်ဘီတွေက မစားရဲတာလား? ဒါကဖြစ်နိုင်တယ်။ ဇွန်ဘီခေါင်းဆောင်တွေက ဝံပုလွေဘုရင်တွေလိုပဲ။ သူတို့က အဆင့်မြင့်တော့ တခြားကောင်တွေကို သူတို့အမိန့်လိုက်နာခိုင်းလို့ရတယ်’

ဒီလိုတွေးရင်းဖြင့် လင်းချင်းသည် ဇွန်ဘီခေါင်းဆောင်များဆီသို့ မြူခိုးနက်များ ပို့လိုက်သည်။ သူတို့သုံးကောင်သည် ထက်မြက်သည့်အာရုံသိရှိသောကြောင့် မြူခိုးနက်များက သူတို့နှင့် တစ်မီတာလောက် အကွာရောက်သွားသည်နှင့် အာရုံခံမိလိုက်ကြသည်။

“ဂါး!”   ဇွန်ဘီအုပ်၏အနောက်က ဇွန်ဘီခေါင်းဆောင်သည် လှုပ်ရှားမှုကို ရပ်လိုက်ကာ အော်လိုက်သည်။ သူ့အသံကြောင့် ဇွန်ဘီတိုင်းသည် ရပ်သွားကြကာ သူ့ကိုသတိအပြည့်ဖြင့် ကြည့်ကြသည်။

ဇွန်ဘီခေါင်းဆောင်သုံးကောင်လုံးသည် အမြင်ကောင်းကြလေရာ သူတို့သည် ချက်ချင်းပဲ မြူခိုးနက်များကို မြင်သွားကြသည်။ မြူခိုးနက်များက သူတို့နားသို့ ကပ်လာသည်နှင့် တစ်ယောကသည် လက်ကို ဝေ့ယမ်းလိုက်ကာ လေပွေငယ်လေးတစ်ခုဖြင့် မြူခိုးနက်များကို ဖယ်ထုတ်လိုက်သည်။

မြူခိုးနက်များသည် လေဖြင့်တိုက်ခံလိုက်ရသဖြင့် လင်းချင်းသည် မထိန်းချုပ်နိင်ဖြစ်သွားသည်။ သို့သော်လည်း ပျောက်မသွားကြောင်းကို မကြာခင်တွင် သိလိုက်ရသည်။ ပါးသွားပြီးနောက် အနားကသာမန်ဇွန်ဘီများ၏ကိုယ်မှ မရေတွက်နိုင်သည့် အပေါက်များထဲသို့ ဝင်သွားသည်။ သာမန်ဇွန်ဘီများသည် သူတို့ကိုယ်မှ အပေါက်များကို ဂရုမစိုက်မိလေရာ မကြာခင်တွင် သူတို့၏ခံစားချက်မရှိတော့သည့်ခြေလက်များက ပြုတ်ကျကုန်တော့သည်။ ဇွန်ဘီခေါင်းဆောင်များသည် ဒါကိုမြင်တွေ့လိုက်ရသည့်အခါ အကျယ်ကြီးအော်ကုန်သည်။

“ဂါး~~~ဝူး!”   သူတို့၏အော်သံများကြောင့် အနားကဇွန်ဘီများသည် ပြေးကုန်ကြသည်။

“ဂါး!”

“ဂါး! ဂါး!”

သာမန်ဇွန်ဘီများသည် အမြန်ရှောင်တိမ်းကုန်ကြသဖြင့် အချင်းချင်းတိုက်မိကုန်ကြသည်။ လင်းချင်းကတော့ ချက်ချင်းကိုယ်ဖျောက်လိုက်ကာ လူသားအုပ်စုအနားသို့ ကပ်သွားလိုက်သည်။ သာမန်ဇွန်ဘီများသည် ကြောက်လန့်ကာ ပြေးလွှားတော့မတက် ဖြစ်နေကြသော်လည်း သူတို့သည် ဇွန်ဘီခေါင်းဆောင်သုံးကောင်အနားသို့တော့ မကပ်ရဲကြပေ။

လူသားအုပ်စုသည် ဒီလိုအလှည့်အပြောင်းကြောင့် စိတ်ရှုပ်ကုန်ကြသည်။ သူတို့သည် ဒီသာမန်ဇွန်ဘီများကို ကြည့်ပြီးနောက် ဇွန်ဘီခေါင်းဆောင်သုံးကောင်ကို ကြည့်ကာ ဘာတွေဖြစ်နေမှန်း နားမလည်နိုင် ဖြစ်ကုန်ကြသည်။

လင်းချင်းသည် လုထန်ရိနှင့် ကောင်းချင်းမင်းတို့အနားသို့ ကပ်သွားလိုက်သည်။ သူမသည် ဒီဇွန်ဘီခေါင်းဆောင်များကို အခုသတ်ချင်နေသော်လည်း လူသားအုပ်စုသည် အခုအချိန်တွင် အကာအကွယ်မဲ့နေသဖြင့် သူတို့ကို သူမ၏နယ်မြေထဲသို့ တစ်ယောက်ချင်း ထည့်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလိုအတွေးဖြင့် လင်းချင်းသည် လုထန်ရိနှင့် ကောင်းချင်းမင်းတို့အနားသို့ အရင်သွားသည်။

သူမသည် လုထန်ယုလို မဟုတ်ဘဲ မောင်နှမများရှိသူဖြစ်လေရာ လုထန်ယုကတော့ လုထန်ရိသေမည်ကို မကယ်ဘဲကြည့်နေနိုင်သော်လည်း လင်းချင်းကတော့ ဒီလိုမျိုး မလုပ်နိုင်ပေ။ သူမသည် ဒီလူသားအုပ်စုဆီသို့ ရောက်လာနေမှတော့ သူတို့ကို သေချာပေါက်ကို ကယ်ပေးရမည်။  
Previous Chapter 191 of 198 Next