၃၈။ သန္ဓေပြောင်းဇွန်ဘီ
သူမတင်သာမက ရှဲ့တုန်းကိုယ်တိုင်လည်း သူ့ဆီက ဒီလိုအသံထွက်လာသည့်အခါ ဆွံအလို့သာနေသည်။ သူသည် မျက်လုံးအပြူးသားဖြင့် သူ့လည်ပင်းကိုထိကာ ထူးဆန်းသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးများသည် စိတ်ရှုပ်ထွေးမှုကြောင့် ကျဉ်းမြောင်းသွားကာ တစ်ခုခုကို တွေးနေပုံရသည်။
လင်းချင်းသည် သူ့ဘေးတွင်ရပ်နေကာ သူ့အပြုအမှုကိုကြည့်ရင်း အံ့သြနေသည်။‘ထူးဆန်းတယ် တကယ်ကိုထူးဆန်းတာ’
ဇွန်ဘီပိုးဝင်ကြောင့် ဇွန်ဘီပြောင်းဖို့ဆိုရင် အနည်းဆုံး ၁၂နာရီလောက်ကြာတယ်။ ဒါပင်မယ့်လည်း ဒီလိုပြောင်းလဲသွားတာက သူ့အတွက် နာရီဝက်လောက်တောင် ကြာပုံမရဘူး။ ဒါကအရမ်းမြန်လွန်းသည်။ ဇွန်ဘီပိုးက ပိုပြင်းလာလို့လား? ဒါပင်မယ့်လည်း ဘာဖြစ်လို့ လူသားရုပ်က ရှိနေသေးတာလဲ?
ဇွန်ဘီများသည် အပြာရောင် သို့မဟုတ် အနက်ရောင်သွေးကြောများ ရှိကြကာ ပြဲနေသည့် ပါးစပ်ကြီးများ ရှိကြသည်။ တချို့ဇွန်ဘီများသာ ထူးဆန်းစွာ ပြောင်းလဲကြတာ ဖြစ်သည်။ ဉပမာ လင်းချင်းလိုပင်။ ထို့ကြောင့် ဝူချန်းယွဲ့သည် ဇွန်ဘီလင်းချင်းအား တွေ့သည့်အခါမှာ သူ့သမီးကို ပြန်ပေးဆွဲကာ သူ့ကိုမပြောကောင်းသည့်အရာလုပ်သွားသည့် လုထန်ယုဖြစ်ကြောင်းကို မသိလိုက်တာ ဖြစ်သည်။ မဟုတ်လျှင် သူမကို ပြာကျအောင် မိုးကြိုးဖြင့် ပစ်ချမှာပင်။
သို့သော်လည်း ရှဲ့တုန်း၏မျက်နှာသည် အခြေအနေကောင်းနေဆဲပင်။ သွေးကြောအမည်းများသည် သူ့မျက်နှာမှ ပျောက်ကွယ်သွားကာ အပြာရောင် အသားအရည်ကလွဲလျှင် ကျန်သည့်ရုပ်ရည်က အရင်ကအတိုင်းပင်။ သူ့မျက်လုံးများက ပြောင်းလဲသွားသည်မှန်သော်လည်း အရောင်မပြောင်းသဖြင့် သေချာမကြည့်လျှင် ဘယ်သူကမှ သိမှာမဟုတ်ပေ။
စိတ်ရှုပ်နေသည့် ရှဲ့တုန်းသည် သူရုတ်တရတ်ပြောင်းလဲသွားခြင်းကို ခက်ခဲစွာ တွေးပြီးနောက် သူ့မျက်လုံးများသည် မယုံနိုင်စွာဖြင့် တောက်ပသွားသည်။ သူ့အားကြည့်နေသည့် လင်းချင်းကို ခေါင်းထောင်ကြည့်ပြီးနောက် ပေါ့ပါးသေသပ်စွာထလာသည်။ထို့နောက်တွင် ဘေးကိုကြည့်သည့်အခါ ကုတင်ပေါ်တွင် လုံးဝအန္တရာယ်ကင်းစွာ ထိုင်နေသည့် ဝူယွဲ့လင်းကို သူမြင်လိုက်သည်။ ဝူယွဲ့လင်းလေးသည်လည်း သူ့အားအဝေးမှနေ စိတ်ဝင်တစား ကြည့်နေခြင်းပင်။
ဝူယွဲ့လင်းက အန္တရာယ်ကင်းသည်ကို မြင်မှသာ ရှဲ့တုန်းသည် သက်ပြင်းချလိုက်ကာ လင်းချင်းကို ကြည့်လိုက်သည်။ လင်းချင်းက ခပ်လှမ်းလှမ်းမှနေ သူ့ကိုကြည့်နေသည်ကို မြင်သည့်အခါ သူသည် ခေါင်းကိုငုံ့ကာ သူ့အခြေအနေကို သူပြန်ကြည့်လိုက်သည်။ ထိုအခါ သူသည် သတိလစ်တော့မလို ဖြစ်သွားသည်။ သူ့ကိုယ်သူ မယုံကြည်နိုင်စွာဖြင့် လက်နှစ်ဖက်ဖြင့် သူ့ကိုယ်သူ ပြန်ထိကြည့်နေသည်။
လင်းချင်းသည် သူ့ကိုကြည့်နေတာ ကြာပြီဖြစ်ရာ သူဒီလိုလုပ်သည်ကို မြင်သည့်အခါ အတွေးတစ်ခုပေါ်လာသည်။
“ဂါး”
သူမသည် တည်ငြိမ်စွာ အော်လိုက်သည်။
‘ကိုယ်ဘယ်သူလဲဆိုတာကို မှတ်မိလား?’
လင်းချင်းက သူ့စိတ်ထဲသို့ ဒီလိုမျိုးမေးရင်း အော်လိုက်တာ ဖြစ်သည်။
သူသည် ပါးစပ်ကိုဖွင့်လာသော်လည်း ဒီလိုထူးဆန်းသည့် အသံများသာ ထွက်ပေါ်လာသည်။ ထို့နောက်တွင်တော့ သူသည်စိတ်ရှုပ်သွားပုံဖြင့် ပါးစပ်ကိုပိတ်နေသည်။
သို့သော်လည်း လင်းချင်းသည် သူပြောသည်ကို နားလည်လိုက်သည်။ သူပြောသည်မှာ‘ငါ့နာမည်က ရှဲ့တုန်း’
လင်းချင်းသည် သူ့အားအံ့သြစွာဖြင့် ကြည့်လိုက်သည်။ ဒီလူ၏နာမည်သည် ရှဲ့တုန်းဖြစ်ကာ သူ့ဘဝ၏မှတ်ညဏ်များသည် မပျောက်သေးဘဲ သူဘယ်သူလဲဆိုသည်ကို မှတ်မိသေးပုံရသည်။“ဂါး?”
‘ဘယ်လိုသေလဲဆိုတာကို မှတ်မိလား?’