May Honey Logo May Honey
Previous Next

၁၇၃။ ဘာဖြစ်လို့ စကားပြောနိုင်တာလဲ?

လင်းချင်း၏စာကိုဖတ်ပြီးသည့်အခါ ကျွင်းကျွင်းသည် စိတ်ရှုပ်သွားသည်။ အစတုန်းက သူမသည် နားမလည်သော်လည်း ခနနေသည့်အခါ သူမ၏မီးခိုးရောင်မျက်လုံးများ ပြူးကျယ်လာပြီးနောက် လင်းချင်းကို မော့ကြည့်လာသည်။   ‘ဘာကိုဆိုလိုတာလဲ? နင်မျက်နှာနဲ့ကိုယ်ကို ပြောင်းလို့ရလို့လား? မျက်နှာက ပြောင်းရတယ်ထားဦး။ ကိုယ်ကရော ဘယ်လိုလုပ်ပြီး?’

လင်းချင်းသည် သူမရေးထားသည်ကိုဖျက်လိုက်ပြီးနောက် ဆက်ရေးပြသည်။   ‘လုထန်ယုဆိုတာက ဒီကိုယ်ရဲ့နဂိုပိုင်ရှင်နာမည်။ ပင်လယ်မြို့တော်စခန်းရဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မိန်းမပဲ။ ဒါပင်မယ့် အဲ့လူက သူ့ကိုငြီးငွေ့လာတဲ့တစ်နေ့ရောက်တော့ ဇွန်ဘီအုပ်ထဲကို ပစ်ချလိုက်လို့ သေသွားတာ’

စာရေးပြီးသည့်အခါ သူမသည် ကျွင်းကျွင်းအား စာထောင်ပြလိုက်သည်။ ကျွင်းကျွင်းသည် အလွန်တရာအံ့သြနေသည့်ရုပ်ဖြင့်  စာဖတ်ပြီးသွားမှ လင်းချင်းသည် ပြန်ဆွဲယူလိုက်ကာ စာများကိုဖျက်ပြီးနောက် အသစ်ထပ်ရေးလိုက်သည်။   ‘ငါနိုးလာတော့ နင်တို့မြင်သလိုမျိုး ဖြစ်နေတော့တာပဲ’

ကျွင်းကျွင်းသည် ဘယ်လိုပြန်ဖြေရမလဲ မသိပေ။ သူမ၏ဦးနှောက်သည် အလုပ်မလုပ်တော့သလို သူမခံစားနေရသည်။   ‘နင်ကသူများကိုယ်ကိုယူလိုက်သလိုမျိုးကြီးမလား? နင့်မိသားစုက နင့်ကိုသူစိမ်းလို့မြင်တာ မထူးဆန်းတော့ပါဘူး။ မျက်နှာပြန်ကောင်းသွားတော့ နင့်ကိုမှတ်မိမယ်လို့ ငါထင်ခဲ့တာ။ နင့်မျက်နှာအစစ်မဟုတ်မှန်း မသိခဲ့ဘူး’

ရုတ်တရက် ကျွင်းကျွင်းသည် မိသားစုအရှေ့တွင် သူစိမ်းလိုနေပေးနေရသည့် လင်းချင်းအတွက် သနားမိသွားသည်။ 

သူမ၏အတွေးများကို ကြားသည့်အခါ လင်းချင်းသည် ဝတ်ကျေတမ်းကျေ ပြုံးလိုက်ကာ ရေးပြသည်။   ‘ငါသူတို့နားမှာ ရှိနေပေးရရင် ရပါပြီ’

ထိုအချိန်တွင် သူမ၏နယ်မြေထဲမှ သူမကိုခေါ်နေသည့်သူ၏ အသံကိုကြားလိုက်ရသည်။ ထိုအခါမှ နယ်မြေထဲတွင် ဇွန်ဘီနောက်တစ်ကောင်ရှိနေသေးကြောင်းကို ပြန်သတိရသွားသည်။

‘ငါနင့်ကိုမိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်’   သူမသည်စာရေးပြလိုက်ပြီးနောက် ကျွင်းကျွင်း၏ စပ်စုတက်သည့်အကြည့်များအောက်တွင် နယ်မြေထဲတွင် ဝင်သွားလိုက်ကာ ရှဲ့တုန်း၏ဘေးတွင် ပေါ်လာသည်။

ရှဲ့တုန်းသည်လည်း အခုဆိုလျှင် လှုပ်ရှားရလွယ်နေပြီဖြစ်သည်။ လင်းချင်းသည် သူ့ကိုနယ်မြေထဲကိုထည့်ပြီးနောက် ထွက်သွားတည်းက သူသည် ရေကန်ဘေးက ခုံပေါ်တွင် အချိန်အကြာကြီးနားနေခဲ့သည်။ ထို့နောက် နယ်မြေသည် အရင်ကထက် ပိုကြီးလာကြောင်းကို သိသွားသည်။ ရေကန်နှင့်မြက်ခင်းတို့သည် မပြောင်းလဲသော်လည်း နယ်မြေထဲတွင် ထူးဆန်းသည့် သစ်တောအုပ်ကြီးက ပေါ်ထွက်လာခဲ့သည်။ 

အိုးတစ်လုံးတင်ထားသည့် မီးဖိုလေးတစ်ခုကိုလည်း အနားတွင်တွေ့ရသည်။ ထို့နောက် သိချင်စိတ်ဖြင့် လင်းချင်း၏နယ်မြေထဲတွင် လျှောက်သွားကြည့်တော့သည်။

ခေါင်းဆောင်ဝူ၏သမီးကို သူမမြင်တော့သော်လည်း အသစ်အဆန်းများစွာကို သူတွေ့ခဲ့သည်။ သူ့အရင်အသင်းဖော်ဖြစ်ခဲ့သည့်သူထံမှ မတော်တဆရထားလိုက်သည့် နယ်မြေလေးသည်လည်း အဝေးသို့ရောက်နေသည်။ မြက်ခင်းပြင်တွင် စတော်ဘယ်ရီပင်များ ရှင်သန်ကြီးထွားနေသလို ဘေးတွင်လည်း အချို့အသီးအရွက်များကို တွေ့ရသည်။ ထိုအပင်များဘေးတွင် တောင်ပို့လောက်ဖြစ်နေသည့် သန္ဓေပြောင်းပင်များနှင့် သန္ဓေပြောင်း အာလူးအချို့ကို တွေ့ရသည်။

‘ဘာဖြစ်လို့ ဒါတွေကိုစုထားတာပါလိမ့်? စားဖို့အတွက်လား?’   သူတွေးမိသည်။ ရှဲ့တုန်းသည် လင်းချင်းက ဒီအသီးအရွက်များကို စားနေသည့်ပုံကို တွေးမိသည့်အခါ အတော်အဆင်မပြေဖြစ်သွားသည်။ ထိုစိုက်ခင်းအပြင် အလွန်ကောင်းမွန်သည့် ဇိမ်ခံပစ္စည်းများစွာနှင့် ပရိဘောဂအပုံလိုက်ကြီးကိုလည်း တွေ့ရသည်။ ဒါတွေက ဘယ်ကရောက်လာသလဲ သူတွေးကြည့်နေမိသည်။

လင်းချင်း၏နယ်မြေထဲတွင် သေချာကြည့်ပြီးနောက်မှ မြူဆိုင်းနေသည့်ကောင်းကင်ကို မော့ကြည့်ကာ အော်လိုက်သည်။   “ဂါး!”   ‘လင်းချင်း!’

သူအော်ပြီးနောက် ဆယ်စက္ကန့််အတွင်းမှာ လင်းချင်းသည် ရောက်လာသည်။ လင်းချင်း၏ ကတုံးပြောင်ကို မြင်သည့်အခါ သူအရမ်းအံ့သြသွားသည်။ သူမ၏မျက်လုံးနက်များနှင့် ရင်းနှီးသည့် အရှိန်အဝါကြောင့် မဟုတ်လျှင် သူလန့်လွန်း၍ နောက်သို့လန်ကျသွားနိုင်သည်။

သူသည် လင်းချင်း၏ကတုံးပြောင်ကြီးကို လက်ညိုးထိုးကာ ရယ်ချင်လာသော်လည်း မရယ်ဘဲထိန်းနေရသည်။

လင်းချင်းသည် မျက်လုံးကိုလှန်လိုက်ကာ   ‘ရယ်ချင်သလောက်သာရယ်’

သူ့စကားများကြားသည့်အခါ ရှဲ့တုန်းသည် မရယ်မိအောင် အံကိုကြိတ်ထားရသည်။ ရယ်သံထွက်မလာသော်လည်း သူ့မျက်နှာကြီးကတော့ သိသာလွန်းသည်။ လင်းချင်းသည် သူ့လက်ကိုဆွဲ၍ နယ်မြေထဲက ထွက်လာသည်။ ထို့နော်က သူတို့နှစ်ယောက်သည် အခန်းထဲတွင် ပေါ်လာသည်။

ထွက်လာသည်နှင့် ရှဲ့တုန်းသည် ကျွင်းကျွင်းနှင့်တုံတုံကို သေချာကြည့်လိုက်သည်။ အဆင့်တစ်ဇွန်ဘီမနှင့် လူသားကလေးမှန်းသိမှ စိတ်အေးနိုင်သည်။ ကျွင်းကျွင်းသည်လည်း ရှဲ့တုန်းပေါ်လာသည့်အခါ တုံတုံကို ကာကွယ်ပေးဖို့ သတိအပြည့်ဖြစ်သွားသည်။ ထို့နောက် ရှဲ့တုန်းကို သေချာကြည့်သည့်အခါ လင်းချင်းနှင့်သူမတို့လို ဇွန်ဘီဖြစ်ကြောင်း သိလိုက်သည်။

‘ဒါပင်မယ့်မျက်နှာက’   သူမတွေးသည်။ ရှဲ့တုန်း၏မျက်လုံးသည် အခြားလူသားများနှင့် သိပ်မကွာပေ။ မျက်နှာသည်သန့်ရှင်းနေကာ မျက်လုံးအောက်တွင် မျက်တွင်းမည်းကြီးများလည်း မရှိ။ သူသည် ဇွန်ဘီနှင့်မတူဘဲ ကျန်းမာသည့်လူသားတစ်ယောက်လို ဖြစ်သည်။ သို့သော်လည်း အရှိန်အဝါအရတော့ ဇွန်ဘီမှန်း သေချာသလို သူမထက်လည်း အဆင့်မြင့်မည်မှန်း ကျွင်းကျွင်းက သိလိုက်သည်။

လင်းချင်းသည် ကျွင်းကျွင်းကို လက်ညိုးထိုးပြကာ ရှဲ့တုန်းအား “ကျွင်းကျွင်း”ဟု ပြောပြီးပြီးနောက် တုံတုံကို လက်ညိုးထိုးပြကာ “တုံတုံ”ဟု မိတ်ဆက်ပေးလိုက်သည်။ တုံတုံသည် ထူးဆန်းသည့်သူကြောင့် ကျွင်းကျွင်းကိုတင်းနေအောင် ပြန်ဖက်ထားရင်းက စပ်စုစွာဖြင့် ရှဲ့တုန်းကို ကြည့်နေတာဖြစ်သည်။

လင်းချင်းသည် ရှဲ့တုန်းကိုလည်း လက်ညိုထိုးပြကာ ကျွင်းကျွင်းအား “ရှဲ့တုန်း”ဟု မိတ်ဆက်ပေးလိုက်သည်။ လင်းချင်း၏အသံသည် ခြောက်ကပ်ကာ အက်ကွဲနေသော်လည်း သူမ၏အသံထွက်သည် ပီသကာရှင်းလင်းသည်။ ရှဲ့တုန်းသည် သူမပြောသည်ကို နားလည်သော်လည်း သူမ၏စကားပြောနှုန်းသည် နှေးလွန်းသည်ဟု ခံစားရသည်။ သို့သော်လည်း မပြောနိုင်သည်ထက် ပြောနိုင်သည်က ပိုကောင်းပါသည်။

‘ဘယ်လိုလုပ်ပြီး စကားပြောနိုင်တာလဲ?’   ရှဲ့တုန်းက တွေးသည်။   ‘မျက်နှာပေါ်က အမာရွတ်တွေကရော ဘယ်လိုပျောက်လဲ? ဘာဖြစ်လို့ ကတုံးဖြစ်နေတာလဲ? ရှုပ်နေတာ စိတ်မရှည်တော့လို့ ရိတ်ပစ်လိုက်တာလား?’

ထို့နောက် ကျွင်းကျွင်းနှင့် တုံတုံတို့ကို လှည့်ကြည့်လိုက်သည်။ အမျိုးသမီးဇွန်ဘီသည် သူ့ထက်အဆင့်နိမ့်သဖြင့် သူ့မျက်လုံးထဲတွင် အန္တရာယ်မဟုတ်ပေ။ သူမ၏အပြုအမှုသည် လူသားကလေးကို ချီပိုးထားသောကြောင့် ထူးဆန်းနေခြင်းသာ ရှိသည်။ သို့သော်လည်း ကလေးကို တစ်ချိန်လုံးချီထားသည့် ကျွင်းကျွင်းကို သိပ်အာရုံမရဘဲ လင်းချင်းက ဘယ်လိုပြောင်းသွားသလဲကိုသာ သူသိချင်နေတာ ဖြစ်သည်။

“ဝူးဝါး”   ‘ဘယ်လိုလုပ်စကားပြောနိုင်တာလဲ?’   ရှဲ့တုန်းသည် လင်းချင်းကိုမေးသည်။ 

သူမေးသည်ကိုကြားသည့်အခါ ကျွင်းကျွင်းလည်း ခေါင်းထောင်လာကာ လင်းချင်းကိုကြည့်သည်။ ကျွင်းကျွင်းကတော့ ရေကန်ကြောင့်ဖြစ်မှန်းသိသော်လည်း အတိအကျကိုမသိခြင်းဖြစ်သည်။ လင်းချင်းသည် ဘယ်လိုလုပ်လိုက်၍ စကားပြောနိုင်သွားသလဲ သူမသိချင်စွာဖြင့် ကြည့်နေတာဖြစ်သည်။

လင်းချင်းက ခနတွေးပြီးနောက် ရေးပြသည်။
‘ကန်ရေနဲ့ကုလိုက်တာ။ ကန်ထဲကစွမ်းအင်တွေကြောင့်’

ရှဲ့တုန်းသည် စိတ်အားထက်သန်စွာဖြင့် ကြည့်လာသည်။ လင်းချင်းက သူစကားပြောချင်နေမှန်းကိုသိသည်။ သို့သော်လည်း သူမသည် အခြားဇွန်ဘီများကို ကုသပေးဖို့တော့ မစမ်းဖူးသေးပေ။ သူမ၏ဇွန်ဘီမိတ်ဆွေများကို ကန်ထဲသို့မဆင်းခင် အရင်ဆုံးနွယ်ပင်များဖြင့် စကားပြောဖို့လိုလိမ့်မည်။ မဟုတ်ရင်တော့ အဆင့်လေး လေဇွန်ဘီလို အဆုံးသတ်သွားရနိုင်သည်။

နွယ်ပင်များဖြင့်မညှိနှိုင်းရသေးဘဲ ရှဲ့တုန်းအား စကားပြောနိုင်ဖို့ မလုပ်ပေးနိုင်သလို သူ့ဇွန်ဘီအမြူတေပါ ခမ်းခြောက်သွားနိုင်သည်။ ဒီလိုဆိုလျှင် သူ့အတွက် အကျိုးထက် ဆုံးရှုံးမှုများလိမ့်မည်။ သူမသည် စာရေးလိုက်သည်။   ‘ငါ့ကန်ထဲမှာ သက်ရှိတစ်ခုရှိတယ်။ ကုသမယ်ဆိုရင် သူ့ဆီက ခွင့်ပြုချက်တောင်းမှ မဟုတ်ရင်. . .’

စာရေးနေရင်း ကျွင်းကျွင်းကို သူမတစ်ချက်ကြည့်လိုက်သည်။ လင်းချင်း၏နယ်မြေထဲတွင် သူမကနေတာကြာတော့ ဒီနွယ်ပင်ကိုသိမှာအမှန်ပင်။ ထင်သလိုပင် ကျွင်းကျွင်းသည် တွန့်သွားကာ လင်းချင်းအား ကူကယ်ရာမဲ့စွာဖြင့် ကြောက်လန့်တကြားကြည့်လာသည်။

ရှဲ့တုန်းကတော့ ကန်အောက်တွင် ဘာရှိမှန်းမသိပေ။ ဇွန်ဘီမဖြစ်ခင် သူကန်ထဲကို ခုန်ဆင်းသွားတုန်းက သတိမေ့နေခဲ့သည်။ ထိုအချိန်တုန်းက နွယ်ပင်သည် သူ့စွမ်းအားများကို အကုန်စုပ်ယူလိုက်ပြီးနောက် ရေမျက်နှာပြင်ပေါ်သို့  ပြန်တင်ပေးလိုက်တာဖြစ်သည်။  
Previous Chapter 173 of 198 Next