၁၄၅။ ခနထွက်သွားခြင်း
အဆောက်အဦးပေါ်မှ ဆင်းလာသည့်အခါ လင်းချင်းသည် စာအုပ်ထုတ်ကာ ရေးလိုက်ပြီးနောက် ဟိုတယ်ဘက်ကို လက်ညိုးထိုးပြသည်။ အခြားသူများက သူမ၏စာကိုဖတ်လိုက်သည်။ ‘ဟိုမှာ ဟိုတယ်ရှိတယ်’
“ဟိုတယ်လား? ကောင်းသားပဲ။ ဘယ်လောက်ဝေးလဲ?” အမျိုးသမီးလင်းသည် မေးသည်။ လင်းချင်းက လက်နှစ်ချောင်းထောင်ပြသည်။
အခြားသူများသည် ထိုဘက်သို့ကြည့်သော်လည်း မီတာရာပေါင်းများစွာတွင် ဟိုတယ်လို အဆောက်အဦးကို မတွေ့သဖြင့် နှစ်မိုင်ဖြစ်လောက်မည်ဟု ခန့်မှန်းလိုက်သည်။ လင်းဟောင်က သေချာအောင် “နှစ်မိုင်လား?”
လင်းချင်းသည် ခေါင်းငြိမ့်ပြကာ အကျင့်ပါနေသည့်အတိုင်း လက်မထောင်ပြလိုက်သည်။ လင်းဟောင်သည် သူမထောင်ပြသည့်လက်မကို ထူးဆန်းစွာ ကြည့်ပြီးနောက် လင်းဖန်နှင့် အမျိုးသမီးလင်းတို့အား “နှစ်မိုင်လောက်ဆိုတော့ လျှောက်သွားလို့ရတယ်”
“ကျင်းချန် ထန်ရှင်းကို သယ်ခဲ့” ထို့နောက် သူ့နောက်တွင်ငြိမ်ရပ်နေသည့် တပ်သားတစ်ယောက်အား ပြောလိုက်သည်။
အရပ်ရှည်ကာ သန်မာသည့် ဝေကျင်းချန်သည် ရိုင်ဖယ်ကိုလွယ်ပြီးနောက် အကျီလက်ကိုပင်တ့င်ကာ လျှောက်လာပြီးနောက် ယွမ်ထန်ရှင်းအနားတွင် ထိုင်လိုက်သည်။ အခြားသူများက သူ့ကျောပေသို့ ယွမ်ထန်ရှင်းအား တင်ပေးလိုက်သည်။
လင်းချင်းသည် အဆောက်အဦးရှိရာသို့ သူတို့ရှေ့က သွားသည်။ တကယ်တော့ သူမသည် ဒီလူတိုင်းကို နယ်မြေထဲသို့ ထည့်ချင်သော်လည်း ဒီလိုလုပ်ဖို့ အချိန်မဟုတ်ပေ။ သူတို့သည် သူမနှင့် မရင်းနှီးသေးသလို ခံစားရမည်ဖြစ်သောကြောင့် နယ်မြေထဲကို လိုက်ချင်မှာ မဟုတ်ပေ။
လင်းဝမ်ဝမ်သည် ချန်းဝမ်ရှုဘေးကနေ လင်းဖန်အား
“အကိုကြီး ယောင်းမကို ညီမလေးထိန်းထားပေးမယ်။ အကိုကြီးကြည့်ရတာ မကောင်းဘူး။ ဘာဖြစ်လို့လဲ?”
လင်းဖန်သည် မငြင်းဘဲ သူ့မိန်းမအား သူ့ညီမလေးဘက်သို့ တွန်းပို့ကာ ဘေးကနေ လျှောက်ရင်း “ငါအဆင်ပြေတယ်။ စိတ်မပူနဲ့”
“သူ့နောက်ကိုလိုက်ဖို့ ကောင်းပါ့မလား?” ထိုအချိန်တွင် တပ်သားခေါင်းဆောင်သည် သေနတ်ကို ကိုင်ထားရင်း လင်းဟောင်အား မေးသည်။
လင်းဟောင်သည် လင်းချင်း၏ ကျောပြင်ကို ကြည့်ကာ “ငါလည်းမသေချာဘူး”
“ရပါတယ် ငါတို့ကို ထိခိုက်အောင်မလုပ်ဘူး” တူယွမ်ရျင်းသည် သူတို့ဖြင့် ဝင်စကားပြောသည်။
“ဘယ်လိုလုပ် သေချာနေတာလဲ?” လင်းဟောင်သည် သူ့ကိုကြည့်ကာမေးသည်။
တူယွမ်ရှင်းသည် ရယ်ကျဲကျဲဖြင့် မျက်လုံးများကို ကျဉ်းလိုက်ကာ “သူဘာစားလဲသိလား?”
လင်းဟောင်သည် သူ့အားထူးဆန်းသလိုကြည့်ကာ “ဇွန်ဘီပဲ။ လူသားမစားဘူးလား?”
တူယွမ်ရှင်းသည် ခေါင်းခါကာ “မစားဘူး။ တိရိစ္တာန်တွေပဲစားတာ။ လူသားမစားဘူး!”
အခြားသူများသည် တူယွမ်ရှင်းအား စိတ်ရှုပ်ထွေးသွားကာ ကြည့်သည်။
“ဇွန်ဘီမလား? ဇွန်ဘီတွေက လူသားပဲစားတယ်ထင်တာ။ အဆင့်မြင့်ဇွန်ဘီတွေက တိရိစ္ဆာန်စားရနေပြီလား?” လင်းဟောင်သည် အံ့သြစွာ မေးသည်။
အရင်နှစ်များက သူတို့မိသားစုသည် ဇွန်ဘီများက လူသားစားမှသာ အဆင့်မြှင့်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ တိရိစ္တာန်များကို တိုက်ခိုက်ကာ စားသောက်သည့် ဇွန်ဘီကို ဘယ်တုန်းကမှ သူတို့မမြင်ဖူးကြသောကြောင့် ဖြစ်သည်။
စခန်းက သိပ္ပံပညာရှင်များသည် စမ်းသပ်ဖူးသည်။ သူတို့သည် သာမန်ဇွန်ဘီကို တိရိစ္ဆာန်ဖြင့် ပိတ်လှောင်ထားဖူးသည်။ ရက်အတော်ကြာအောင် တိရိစ္ဆာန်ကို လျစ်လျူရှုထားကြသော်လည်း အနားသို့လူလာပါက ဇွန်ဘီများသည် အော်ဟစ်ကာ ခုန်ကိုက်ဖို့ ကြိုးစားကြသည်။
စခန်းတိုင်းက အရင်နှစ်တွေအတွင်းတွင် ကြိုးစားကြသော်လည်း ဘယ်သူမှ ဇွန်ဘီပိုးကို ရှင်းနိုင်မည့်နည်း မတွေ့ခဲ့ပေ။ လူတို့သည် ဒီပိုးက ဘယ်လိုပြောင်းလဲသည်ကို မသိကြသလို စွမ်းအားများကို ဘယ်လိုနှိုးထရမလဲကိုလည်း မသိကြပေ။
“ဒါကတော့ သေချာမသိဘူး။ ဒါပင်မယ့် သူ့ကိုတော့ တိရိစ္ဆာန်ကို အမဲလိုက်နေတာကို မြင်ဖူးတယ်”
တူယွမ်ရှင်းက ပြောသည်။
လင်းဝမ်ဝမ်သည် အနားသို့လာကာ “လူသားမစားမှန်း ဘယ်လိုလုပ်သိလဲ? နင်တို့မမြင်အောင် စားရင်စားမှာပေါ့”
တူယွမ်ရှင်းသည် ခနတန့်သွားကာ စိတ်ရှုပ်သွားပြီး “ဒါလည်း ဖြစ်နိုင်တာပဲ။ ဒါပင်မယ့် လူသားတွေကိုတော့ ထိခိုက်အောင် မလုပ်ဖူးလို့ ယုံနေတုန်းပဲ။ အနည်းဆုံးတော့ ငါ့အသက်ကို ကယ်ဖူးတော့ ကောင်းတဲ့ဇွန်ဘီပဲ!”
အခြားသူများသည် ဆွံ့အကုန်သည်။ လင်းဝမ်ဝမ်တွေးနေမိသည်မှာ ‘ကောင်းတဲ့ဇွန်ဘီ? တကယ်ကြီးလား? နင့်ကို ဘာဖြစ်လို့ ရင်းနှီးအောင် လုပ်တာလဲကို မသိဘဲနဲ့များ!’
တူယွမ်ရှင်းသည် သူ့ကိုရူးနေသည်ဟု အခြားသူများထင်နေသည်ကို မသိပေ။ သူက ယွမ်ထန်ရှင်းကို ကြည့်ကာ “ဒါနဲ့ ဒုခေါင်းဆောင်ယွမ်က ဘာဖြစ်လို့ ဒီမှာပေါ်လာတာလဲ? စခန်းတိုက်ခံရတုန်းက သူမရှိဘူး”
လင်းဟောင်သည် ယွမ်ထန်ရှင်းကို ကြည့်ကာ သူ့အခြေအနေအရ “အကိုကြီးထန်ရှင်းက ဒဏ်ရာရတာ တစ်လလောက်ရှိပြီ။ တချို့ဒဏ်ရာတွေက အသစ်တွေ။ ငါ့အထင် သူပျောက်နေတုန်း တစ်ခုခုဖြစ်ခဲ့ပုံရတယ်။ ကံကောင်းတာက ရှင်နေနိုင်သေးတာပဲ။ ဆိုးဆိုးဝါးဝါးဒဏ်ရာရထားတာတောင် ငါတို့ဆီလာသေးတယ်။ ဘာတွေကို ဖြတ်သန်းခဲ့ရလဲ မသိဘူး”
“ငါတို့စခန်းတိုက်ခံရတုန်းက သူ့ကိုမတွေ့တာ မဆန်းတော့ပါဘူး!” လုံချင်းယင်က ပြောသည်။ “သူလည်း တိုက်ခံလိုက်ရတာ ထင်တယ်။ သူက ခေါင်းဆောင်ဘေးမှာ အမြဲတမ်း သတိအပြည့်နဲ့ပဲလေ။ ရန်သူ့အစီအစဉ်တွေ နှောင့်နှေးအောင် တစ်ခုခုတော့ လုပ်ခဲ့တာနေမှာ” သူမသည် ခန့်မှန်းပြောလိုက်တာ ဖြစ်သော်လည်း တကယ်မှန်နေခဲ့သည်။
လင်းချင်းသည် အရှေ့ကလျှောက်နေရင်း သူတို့ပြောသည်ကို နားစွန့်ထားသည်။ ယွမ်ထန်ရှင်းသည် ကမ္ဘာပျက်ခေတ်တွင် ရှင်သန်ခဲ့ကာ အခြားလင်းချင်းဘေးတွင် ရှိနေပေး၍ အခုအဆင့်၆စွမ်းအားရှင် ဖြစ်လာခဲ့သည်ကို အံ့သြနေမိသည်။ သူမ၏ မှတ်ညဏ်ထဲတွင်လည်း သူသည်သာမန်လူတစ်ယောက် မဟုတ်ခဲ့ပေ။
ယွမ်ထန်ရှင်း၏ မြေအစွမ်းသည် အဆောက်အဦးဆောက်ရာတွင် အရမ်းအသုံးဝင်မည်ဟု ခန့်မှန်းမိသည်။ တူယွမ်ရှင်း၏ အစွမ်းကလည်း ရှားပါးသည်။ ဘာဖြစ်လို့ သူတို့ကို ပြည်သူ့ဆက်ဆံရေးအရာရှိ မခန့်ထားလဲ နားမလည်နိုင်ပေ။
လမ်းလျှောက်နေရင်း ထိုအဖွဲ့သည် အနားရှိ ဇွန်ဘီများက လင်းချင်းလာသည်နှင့် ရှောင်ပေးနေကြသည်ကို သိသွားကြသည်။ ‘ဒီဇွန်ဘီက လူသားပုံနဲ့ ဇွန်ဘီမောင်းထုတ်သူကြီးပဲ!’
ခနနေသည့်အခါ လင်းချင်းသည် ရပ်လိုက်ကာ အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ?” သူ့နောက်က လိုက်သူများသည်လည်း ရပ်သွားကြသည်။ သူတို့သည် သူမကြည့်ရာဘက်သို့ လိုက်ကြည့်ကြသည်။
ထိုအချိန်တွင် လင်းချင်းသည် ဟိုတယ်ရှိရာဘက်သို့ ညွှန်ပြလိုက်ကာ လက်အမူအယာအချို့လုပ်ပြသည်။ ထို့နောက် သူမသည် အနားက ၂ထပ်တိုက်ပေါ်သို့ ခုန်တက်သွားကာ သူမကြည့်လိုက်သည့်ဘက်သို့ သွားသည်။
“အထူတပ်ဖွဲ့ကတပ်သားဖြစ်ခဲ့လောက်တယ်!” လင်းဖန်သည် ထူးဆန်းသည့် အမူအယာဖြင့် ပြောသည်။
“အကိုကြီး သူကဘာပြောတာလဲ?” လင်းဝမ်ဝမ်နှင့် အခြားသူများသည် တပ်ထဲတွင် အချိန်တစ်ချို့ရှိခဲ့သော်လည်း လင်းချင်းပြသည့် အမူအယာကို နားမလည်သဖြင့် လင်းဖန်ကို တအံ့တသြမေးကြသည်။ လင်းဖန်နှင့် စွမ်းအားရှင်မဟုတ်သော တပ်သားအချို့သာ လင်းချင်းပြလိုက်သည့် လက်အမူအယာကို နားလည်ကြသည်။
လင်းဖန်သည် လင်းချင်းထွက်သွားသည့်ဘက်ကို တစ်ချက်ကြည့်ပြီးမှ ဟိုတယ်ဘက်သို့ကြည့်ကာ “သူပြောတာက သူမပါဘဲ ဟိုတယ်ကို သွားခိုင်းတာ။ ဟိုတယ်က လုံခြုံတော့ ငါတို့စိတ်ပူစရာ မလိုဘဲသွားရတယ်။ သူကခနသွားဖို့လိုလို့ မကြာခင် ဟိုတယ်မှာ ပြန်တွေ့မယ်တဲ့”
သူ့စကားကြားသည့်အခါ လင်းဝမ်ဝမ်နှင့် အခြားသူများသည် ခေါင်းငြိမ့်ကာ “ဝိုး အကိုကြီးက သူဘာပြောတာလဲကို တကယ်သိတာပဲ!”
လင်းဖန်သည် သူမအားကြည့်ကာ စိတ်မရှည်စွာဖြင့် “ငါနဲ့ နင့်အမရဲ့ အရင်ခေတ်က အလုပ်ကို နင်မေ့သွားပြီလား?” ဒီလိုပြောရင်းဖြင့် သူသည် ဟိုတယ်ရှိရာသို့ သွားသည်။