၆၀။ အဆင့်ငါးဇွန်ဘီကို တိုက်ခိုက်ခြင်း
ရှဲ့တုန်းသည် နယ်မြေလေးထဲတွင်နေကာ သူ့မီးစွမ်းအားကို ထိန်းချုပ်ဖို့ ကျင့်နေသည်။ ဝူယွဲ့လင်းသည်လည်း ရေချိုးပေးပြီးတည်းက သူမအနောက်သို့ ကပ်လိုက်မနေတော့ပေ။ ယုန်တစ်ကောင်ကိုပိုက်ထားရင် ကုတင်ပေါ်တွင်သာ ဆော့နေလို့သည်။ သူမအား ခေါင်းတောင်မော့ကြည့်တာမျိုး သိပ်မလုပ်တော့ပေ။
လင်းချင်းသည် ကြွက်များကိုရှာမတွေ့တော့သည့်အခါ လက်လျှော့လိုက်သည်။ ဘာဖြစ်လို့ ရှာမတွေ့သလဲ သူမကိုယ်တိုင်လည်း မသိတော့ပေ။ ကြွက်တော့က မိုးပေါ်ပျံသွားတာတော့ မဟုတ်လောက်ဘူးမလား?
သူမသည် ကန်ဘေးက ပြန့်ပြူးသည့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ မျက်လုံးကိုမှိတ်လိုက်ပြီး အပြင်အခြေအနေကို ကြည့်လိုက်သည်။ အဆင့်သုံးဇွန်ဘီများသည် အဝေးပြေးလမ်းမပေါ်တွင် ရှိနေဆဲဖြစ်ကာ ပြန်မယ့်ပုံမရသေးပေ။ ကြည့်ရသည်မှာ ဒီဇွန်ဘီများသည် တစ်ခုခုကို မတွေ့မချင်း ပြန်မည့်ပုံမရပေ။ လင်းချင်းသည် ဒါကိုတွေးမိတိုင်း ခေါင်းကိုက်လာသလိုပင်။
‘ဇွန်ဘီဖြစ်ပြီးတော့ အငြိုးကြီးလိုက်တာ။ နင့်အစာကိုလုမိတာကလွဲရင် ငါဘာလုပ်မိလို့လဲ? ဒါကိုနင်က တောက်လျှောက်လိုက်နေတော့တာပဲ’
လင်းချင်းသည် စိတ်ထဲကတွေးနေမိသည်။ ဒီဇွန်ဘီသည် အခြားဇွန်ဘီများထက် ညဏ်ပိုကောင်းသော်လည်း အငြိုးကလည်း ပိုကြီးနေပြန်သည်။
ဒီဇွန်ဘီက သူမ၏အိမ်ပြန်လမ်းတွင် လမ်းလာပိတ်နေခြင်းကို သူမသည်းမခံနိုင်တော့ပေ။ ထို့အတူ ဒီဇွန်ဘီအနားလာသည်နှင့် ပြေးပုန်းနေရသည်ကို တကယ်စိတ်ပျက်လာလေပြီ။ ထို့ကြောင့် သူမသည် ထွက်တိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
‘ငါရှုံးသွားရင် ပုန်းနေလိုက်လို့ ရသေးတယ်။ ငါအခုပိုပြီးတော့ မြန်မြန်ပြေးနိုင်နေပြီ။ တခြားအဆင့်မြင့်ဇွန်ဘီတွေလို လေးဖက်ထောက်ပြီး ပြေးလို့ကတော့ ပိုတောင်မြန်ဦးမယ်။ ဒါပင်မယ့်လည်း ဒါမျိုးကြီးကတော့ ရုပ်ပျက်လွန်းလို့ ငါမလုပ်ချင်ပါဘူး။ ဒါပင်မယ့်လည်း ခြေနှစ်ဖက်နဲ့တင် ငါပြေးတာက အတော်မြန်နေပါပြီ’
ထို့အတူ သူမသည်လည်း သူမ၏အရှိန်က ဘယ်လောက်မြန်နေပြီလဲ မစမ်းသပ်ရသေးဘူးဖြစ်သည်။ အဆင့်သုံးဇွန်ဘီများအတွက် ရှဲ့တုန်းသည် လက်ဗလာဖြင့် မတိုက်ခိုက်နိုင်သော်လည် သေနတ်သုံးနိုင်နေသောကြောင့် အဆင်ပြေသည်။ အဆင့်မြင့်ဇွန်ဘီများကို သေနတ်က မထိခိုက်စေနိုင်သော်လည်း အဆင့်သုံးကောင်များကိုတော့ ခြိမ်းခြောက်နိုင်ပါသေးသည်။ အဆင့်သုံးဇွန်ဘီများထက် သွက်သွက်လတ်လတ်လှုပ်ရှားကာ အခွင့်အရေးကို အမိဖမ်း၍ ထိရောက်စွာ ပစ်ခတ်နိုင်မည်ဆိုလျှင် အလွယ်လေးတိုက်နိုင်မှာ ဖြစ်သည်။
ဗျူဟာဆွဲပြီးသည့်အခါ လင်းချင်းသည် နယ်မြေလေးဆီသို့ လျှောက်သွားလိုက်သည်။ ရှဲ့တုန်းသည် နယ်မြေလေး၏ အပေါက်ဝသို့ သူမရောက်လာကြောင်းကို သိသည့်အခါ သူ့လက်ထဲမှ မီးကိုလေ့ကျင့်နေခြင်းအား ရပ်လိုက်ကာ သူမကို လှည့်ကြည့်လာသည်။
လင်းချင်းသည် သူ့အားစာရေးထားသည့် စာရွက်ပိုင်းကို ပြလိုက်သည်။
‘ငါအဆင့်ငါးဇွန်ဘီကို သွားချတော့မယ်။ နင့်ကိုလည်း ငါနဲ့လိုက်ချစေချင်တယ်။ နယ်မြေထဲမှာပဲ ငါတို့အမြဲပုန်းနေလို့ အဆင်မပြေတော့ဘူး’
ရှဲ့တုန်းသည် ခေါင်းငြိမ့်လိုက်ကာ သေနတ်များကို ပြင်ဆင်လိုက်သည်။ သူ့အစွမ်းသည် ကောင်းကောင်းအလုပ်မလုပ်သေးသော်လည်း သူ့တွင်သေနတ်ရှိသည်။ အထူးတပ်ဖွဲ့ဟောင်းဖြစ်သည့်အတွက် သူ့တွင်အကြောက်တရားမရှိပေ။ ထို့အတူ လင်းချင်းက သူ့အား အပျော်သွားလုပ်ကြရန် . . .သို့မဟုတ် လေကောင်းလေသန့် ထွက်ရှုစေခိုင်းဖို့တောင် သူမျှော်လင့်နေမိတာ ဖြစ်သည်။
‘မနိုင်ရင် ပြေးသာပြေး။ ငါ့ကိုပူမနေနဲ့။ ငါတို့ကွဲသွားရင်လည်း တောင်ဘက်ကိုသာ ဦးတည်ပြေး။ ငါတို့ပြန်တော့တွေ့မှာပါ’
လင်းချင်းက စာရေးပြီးနောက် စာရွက်ပိုင်းကို ပြလိုက်သည့်အခါ ရှဲ့တုန်းက ခေါင်းငြိမ့်သည်။
သူတို့သည် အဆင့်ငါးဇွန်ဘီကို မနိုင်တာ ဖြစ်နိုင်သော်လည်း သူတို့စောင့်မနေချင်ကြတော့ပေ။ သူတို့တွင် တိုက်နိုင်သလောက် တိုက်ခိုက်ရုံသာ ရှိတော့သည်။ ရှဲ့တုန်းက အဆင်သင့်ဖြစ်သည်နှင့် လင်းချင်းသည် သူ့လက်မောင်းကို ဆွဲလိုက်ကာ နယ်မြေအပြင်သို့ ထွက်လိုက်သည်။ နှစ်ယောက်လုံးသည် နယ်မြေလေးထဲမှ ပျောက်ကွယ်သွားကြသည်။
သူတို့ထွက်သွားသည်နှင့် နှစ်ယောက်လုံးသည် ရုတ်တရပ်ပေါ်လာသည့် အခွင့်အရေးကို အသုံးချကာ တိုက်ခိုက်တော့သည်။ လင်းချင်းသည် နယ်မြေထဲက မထွက်ခင်တည်းက အဆင့်သုံးဇွန်ဘီများ၏ တည်နေရာကို ရှဲ့တုန်းအား ပြောပြထားပြီးဖြစ်သည်။ ထို့ကြောင့် ထွက်လာသည်နှင့် ရှဲ့တုန်းနှင့် လင်းချင်းတို့သည် သိပ်မဝေးသည့်နေရာမှ ဇွန်ဘီများ၏ ခေါင်းကိုချိန်ရွယ်ကာ သေနတ်ဖြင့် ဆက်တိုက်ပစ်တော့သည်။ လေထဲတွင် သဏ္ဍာန်နှစ်ခုပေါ်လာသည်နှင့် သေနတ်သံများက ထွက်လာသည်မှာ ဆက်တိုက်ဖြစ်သည်။
အဆင့်ငါးဇွန်ဘီခေါင်းဆောင်၏ တုံ့ပြန်မှုမှာ အမြန်ဆုံးဖြစ်သည်။ သူသည် အကျယ်ကြီးအော်ဟစ်ကာ လင်းချင်းဆီသို့ လျင်မြန်စွာ ပြေးလာသည်။ အဆင့်သုံးဇွန်ဘီနှစ်ကောင်သည် သူတို့ခေါင်းဆောင်လောက် မမြန်ပေ။ ဘာဖြစ်နေသလဲ သိသွားသည့်အချိန်တွင်တော့ သူတို့ခေါင်းထဲသို့ ကျည်ဆန်က ရောက်နေပြီဖြစ်သည်။ လင်းချင်းတို့နှစ်ယောက်သည် ထွက်လာသည်နှင့် နောက်လိုက်ဇွန်ဘီနှစ်ကောင်ကို ရှင်းပြီးသား ဖြစ်သွားသည်။
အဆင့်ငါးဇွန်ဘီခေါင်းဆောင်သည် လင်းချင်းဆီသို့ ပြေးလာစဉ်တွင် သူ့နောက်လိုက်များ လဲကျသွားသည်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သို့သော်လည်း တစ်ချက်သာကြည့်သည်ဖြစ်ကာ အာရုံတော့ သိပ်ထားပုံမရပေ။ သူ့၏ပစ်မှတ်က လင်းချင်းဆိုသည်မှာ ရှင်းနေသည်။
အဆင့်သုံးဇွန်ဘီများကို ပစ်ပြီးသည်နှင့် လင်းချင်းသည် အဆင့်ငါးဇွန်ဘီကို သေနတ်ဖြင့် ချက်ချင်းပစ်သည်။ သို့သော်လည်း အဆင့်ငါးဇွန်ဘီခေါင်းဆောင်သည် မြန်လွန်းသောကြောင့် သူမ၏ကျည်ဆန်များက မထိပေ။ ထို့အတူ ကျည်ဆန်သွားနေသည့်နှုန်းသည် သူမ၏မျက်လုံးထဲတွင် နှေးနေကြောင်းကိုလည်း မြင်နေရသည်။
အဆင့်ငါးဇွန်ဘီသည် ကျည်ဆန်များကို ရှောင်တောင်မနေဘဲ သူမဆီသို့သာ ဒေါသတကြီးပြေးလာသည်။ လင်းချင်းသည်လည်း သေနတ်ကိုပစ်ချလိုက်ကာ သူမ၏အနက်ရောင် လက်သည်းများကို ထုတ်လိုက်သည်။ ဇွန်ဘီခေါင်းဆောင်သည် သူမအားခုန်အုပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းချင်းသည်လည်း သူမကိုချိန်ရွယ်လာသည့် လက်သည်းများကိုရှောင်ဖို့ မြေပြင်ပေါ်တွင် ချက်ချင်းလှိမ့်ချလိုက်ရသည်။ သူမသည် လှိမ့်ပြီးသည်နှင့် ဇွန်ဘီခေါင်းဆောင်၏ရင်ဘတ်ကို လက်သည်းဖြင့် ချက်ချင်းကုတ်သည်။
သူတို့နှစ်ယောက်သည် အဝေးမှ စတိုက်နေကြတာ ဖြစ်သည်။ လင်းချင်းသည်လည်း မြေပြင်ပေါ်တွင် လှိမ့်ရင်းဖြင့် တိုက်ခိုက်လိုက်ရသည်။ ထိုအခါ သူမသည် ဇွန်ဘီခေါင်းဆောင်၏ ရင်ဘတ်ဖြင့် ဓားဖြင့်ခုတ်ထားသလို ဒဏ်ရာလေးခုကို မြင်လိုက်ရသည်။
‘ဟမ်? ဒါက. . .’
လင်းချင်းသည် ထိုဒဏ်ရာများကို ကြည့်ရကာ စိတ်ထဲတွင် အံ့သြသွားသည်။
ဇွန်ဘီခေါင်းဆောင်သည်လည်း သူ့ရင်ဘတ်ကိုငုံကြည့်ပြီးနောက် ဒဏ်ရာကို တွေ့လိုက်သည့်အခါ မျက်နှာပျက်သွားသည်။ သူ့၏ကျည်ကာအသားအရည်သည် အခုတော့ သူ့ထက်အဆင့်နိမ့်သည့် ဇွန်ဘီတစ်ကောင်ကြောင့် ဒဏ်ရာရသွားသည်ကို သိလိုက်ရသည်။ ကြည့်နေစဉ်တွင် သူ့၏စေးကပ်နေသည့် အနက်ရောင်သွေးများသည် ထိုဒဏ်ရာလေးခုမှ ထွက်လာသည်။ နာကျင်မှုကို မခံစားနိုင်သော်လည်း ဒေါသတော့ ထွက်သွားသည်။
သူသည်ခေါင်းကိုမော့လိုက်ကာ ပြူးကျယ်နေသည့် မျက်လုံးများဖြင့် မျက်ခုံးကိုပင့်ကာ သွားများကို ဖြဲပြရင်း လင်းချင်းအား ဟိန်းဟောက်အော်သည်။ သူမသည် ဒီအော်သံက ဘာကိုဆိုလိုမှန်းသိသည့်အခါ မရယ်ဘဲ မနေနိုင်တော့ပေ။ ဇွန်ဘီခေါင်းဆောင်ပြောသည်မှာ
‘နင်ကများ ငါ့ကိုကုတ်ရဲတယ်! သေအောင်ကိုက်ပစ်လိုက်ရ!’
ဇွန်ဘီခေါင်းဆောင်ဖြစ်နေသော်လည်း အတွေးများက ကလေးသာသာဖြစ်သည်။
‘အဲ့ဒီတော့ ငါ့ကိုသေအောင်ကိုက်မယ်ပေါ့? ဒါဆိုရင် ခုနတုန်းက ဘာလုပ်တာလဲ?’
လင်းချင်းသည် စိတ်ထဲတွင် တွေးနေမိသည်။
သူမသည် ရယ်သံမထွက်သော်လည်း အပြုံးကပေါ်လာသည်။ သူမ၏အပြုံးနှင့်အတူ မျက်လုံးထဲမှ အထင်သေးသည့်အကြည့်သည် သိသာလွန်းသည်ဖြစ်ရာ ဇွန်ဘီခေါင်းဆောင်လည်း ဒါကိုမသိလောက်သည့်အထိ မတုံးအပေ။ ထို့ကြောင့် ပိုဒေါသထွက်လာကာ လင်းချင်းအား ထပ်အော်သည်။
ထို့နောက်တွင် သူ့ဒဏ်ရာကို လက်သည်းများဖြင့် သုတ်လိုက်သည်။ ထိုအခါ သွေးတို့သည် တိတ်သွားကာ မြူခိုးပါးပါးတို့က ဒဏ်ရာအပေါ်တွင် ဖြစ်တည်လာသည်။
‘သူ့ဒဏ်ရာကို အစွမ်းနဲ့ ဘယ်လိုကုရမလဲ သိသားပဲဟ’
လင်းချင်းသည် တွေးနေမိသည်။
ထို့နောက်တွင်တော့ ဇွန်ဘီခေါင်းဆောင်သည် သူမအား အလွန်မြန်သည့် အရှိန်ဖြင့် တိုက်ခိုက်လေသည်။ သေစေချင်သည့် စိတ်ဆန္ဒနှင့်အတူ ရေခဲချွန်များသည် အရှိန်ပြင်းထန်စွာ သူမဆီသို့ ရောက်လာသည်။
‘မကောင်းတော့ဘူး’
လင်းချင်းသည် ရေခဲချွန်များက သူမဆီသို့ ဦးတည်လာသည်ကို မြင်သည့်အခါ တွေးမိသွားသည်။ ထို့ကြောင့် သူတို့တိုက်ပွဲကို ငြိမ်ငြိမ်လေးကြည့်နေသည့် ရှဲ့တုန်းကို သစ်တောဘက်သို့ ရှောင်ပြေးရန် လက်အမြန်ပြလိုက်ရသည်။