လင်းချင်းတို့ ကားမောင်းနေစဉ် စစ်ဘက်သုံးကားများသည် အဆင့်ငါးဇွန်ဘီစောင့်နေသည့် နေရာသို့ရောက်လာကာ ဓားပြအလောင်းများကို တွေ့လိုက်ရသည်။ မုန့်ယွဲ့နှင့် ဝူချန်းယွဲ့တို့သည် ကားပေါ်မှဆင်းကာ ထိုအလောင်းသုံးလောင်းကို ကြည့်လိုက်သည်။ နှစ်လောင်းမှာ ခေါင်းမရှိကြပေ။
ဝူချန်းယွဲ့သည် မျက်မှောင်ကျုံ့လိုက်ကာ ထိုအလောင်းများကို သေချာသုံးသပ်ပြီးမှ ပြောသည်။ “ဒီလူတွေအကုန်လုံးက ဓားပြတွေ။ ပုပ်နေပုံအရဆိုရင် သူတို့သေတာ သုံးရက်လောက်ရှိပြီ။ ခေါင်းတွေကို သေချာဖြတ်သွားပုံအရဆိုရင် ဇွန်ဘီလက်ချက်မဖြစ်နိုင်ဘူး။ တခြားတစ်ယောက်ကတော့ ဇွန်ဘီသတ်ခံရတာ ဖြစ်နိုင်တယ်။ သူ့နှလုံးကို လက်သည်းတွေနဲ့ ဆွဲထုတ်ခံထားရတာ”
သူသည် လူဝကြီး၏အလောင်းကိုကြည့်ကာ မေးကိုကိုင်ထားသည့် လက်တစ်ဖက်ကို နောက်လက်တစ်ဖက်က အောက်တွင်ခံထားကာပြောနေခြင်း ဖြစ်သည်။ သူပြောပြီးနောက်တွင် အလောင်းသုံးလောင်းကို လက်ဖြင့်ညွှန်ပြကာ လူဝကြီး၏အလောင်းကို ကျော်ခွသွားသည်။
အလောင်းသုံးလောင်းကို ကြည့်ရုံဖြင့် ဝူချန်းယွဲ့သည် ဒီဓားပြများ ဘာဖြစ်ခဲ့သလဲကို သိသွားသည်။ အခြားနှစ်ယောက်လိုပဲ လူဝကြီး၏အလောင်းသည်လည်း ဦးနှောက်နှင့် ဗိုက်တို့ဖောက်စားခံရသော်လည်း သူ့ကျောနောက်တွင် အပေါက်တစ်ခုရှိနေခြင်းက သူမသေခင်တွင် ဇွန်ဘီတစ်ကောင်က သူ့နှလုံးကို ဖောက်ယူသွားခြင်းကို သက်သေပြနေသည်။ ဝူချန်းယွဲ့သည် ခေါင်းပြတ်အလောင်းနှစ်ခုကို ကြည့်လိုက်သည့်အခါ ဘေးမှခေါင်းပြတ်များတွင် ဦးနှောက်အစအန ဘာမှမရှိတော့သည်ကို တွေ့လိုက်ရသည်။
“သူတို့က အဆင့်မြင့်ဇွန်ဘီနဲ့ တွေ့သွားတာ ဖြစ်မယ်။ အဆင့်ငါးဇွန်ဘီခေါင်းဆောင်များ ဖြစ်နေမလား? ဒါပင်မယ့် ဘာဖြစ်လို့ အဝတ်မဲ့နေတာလဲ?” မုန့်ယွဲ့သည် အတွင်းခံသာကျန်နေခဲ့သည့် အလောင်းသုံးလောင်းကိုကြည့်ကာ ပြောသည်။ ‘ဇွန်ဘီခေါင်းဆောင်မှာ အလောင်းတွေက အဝတ်တွေကို ဆွဲဖြဲတက်တဲ့ ထူးဆန်းတဲ့ အကျင့်များ ရှိနေတာလား? ဘာဖြစ်လို့ အကုန်လုံးက အဝတ်မဲ့နေတာလဲ?’
ဝူချန်းယွဲ့သည်လည်း ပတ်ဝန်းကျင်ကို သေချာကြည့်ပြီးတာတောင်မှ “ငါလည်းမသိတော့ဘူး”
ထို့နောက် မုန့်ယွဲ့အား လှည့်မေးသည်။ “တစ်ခုခုမခံစားရဘူးလား? လင်းလင်းကိုရော?”
မုန့်ယွဲ့သည် မျက်လုံးကိုမှိတ်လိုက်ကာ ညာဘက်လက်ဝါးကို ဖြန့်လိုက်သည်။ အပင်သေးသေးလေးက သူမ၏လက်ထဲမှ ထွက်ပေါ်လာက လေအတိုင်းယိမ်းနွဲ့နေသည်။ ထို့နောက်တွင်တော့ သစ်ရွက်တစ်ဖက်သည် လမ်းတစ်ဖက်ကို ညွှန်ပြလာသည်။
“တည့်တည့်မသွားဘူးလား? ဘာဖြစ်လို့ ကွေ့သွားတာလဲ?” ဝူချန်းယွဲ့သည် အနည်းငယ်အံ့သြသွားကာ မေးသည်။
မုန့်ယွဲ့သည် ခေါင်းငြိမ့်ကာ “အဝေးပြေးလမ်းမက အရှေ့မှ ပိတ်ထားတယ် ထင်တယ်။ အဲ့ဒါကြောင့် ကွေ့သွားတာလို့ ညီမတော့ ထင်တာပဲ။ အရှေ့မှာ တံတားတစ်ခုရှိမယ် ထင်တယ်”
ဝူချန်းယွဲ့သည် ခနတွေးပြီးနောက် တွေဝေစွာဖြင့် “တံတားလား? ဇွန်ဘီမက ရေကိုကြောက်နေတာလား? ဘာဖြစ်လို့ ကွေ့သွားတာပါလိမ့်?”
မုန့်ယွဲ့သည် အလောင်းသုံးလောင်းကို ကြည့်ပြီးနောက် ကားဘက်သို့ ပြန်သွားရင်း “ညီမလည်းမသိဘူး။ လင်းလင်းကိုမီအောင် အမြန်သွားသင့်တယ်။ ညီမအထင်သာမှန်ရန် ဇွန်ဘီမက အရှေ့ကမြို့လေးကို ဖြတ်ရမှာပဲ”
ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ သူမ၏အနောက်ကနေ ကားဆီသို့ပြန်လာသည်။ ထို့နောက် ကားထဲဝင်ကာ သူ့တပ်သားများကို အဝေးပြေးလမ်းဘေးက လမ်းခွဲကနေမောင်းဖို့ အမိန့်ပေးလိုက်သည်။
“ဇွန်ဘီမက တစ်ချိန်လုံး တောင်ဘက်ကို ဦးတည်သွားနေပုံရတယ်။ ရည်ရွယ်ချက်တစ်ခုခုများ ရှိနေမလားပဲ” မုန့်ယွဲ့က ထူးဆန်းသလိုခံစားရကာ ပြောသည်။
ဇွန်ဘီမ၏အနောက်သို့ ရက်အတော်ကြာ သူတို့လိုက်ပြီးသည့်နောက်တွင် တချိန်လုံး တစ်ဖက်တည်းသို့ ဦးတည်သွားနေကြောင်း သိလိုက်ရသည်။ တချိန်လုံးတောင်ဘက်သို့ ဦးတည်သွားနေကာ ဘယ်မှမကွေ့ပေ။ ထို့အတူ အတိုဆုံးလမ်းမှတောင် ရွေးသွားနေသေးသည်။
ဝူချန်းယွဲ့သည် မျက်လုံးများကို မှေးကျဉ်းလိုက်ကာ “ဘာကြောင်းပဲရှိရှိ ဘာဖြစ်လို့ ငါ့လင်းလင်းကို သူနဲ့အတူ ခေါ်သွားနေရတာလဲ?”
“လင်းလင်းကို ဘာဖြစ်လို့ခေါ်တာလဲက အရေးမပါဘူး။ ညီမတို့မြန်မြန် ရှာဖို့ပဲလိုတာ။ တချိန်လုံး လင်းလင်းကို ဘာတွေလုပ်ထားလဲမှ မသိတာ။ ပြီးတော့ လင်းလင်းအခြေအနေဆိုးနေမှာကို စိုးရိမ်တယ်။ သူကတစ်ယောက်တည်းနေတက်တဲ့ကလေးကိုမှ အာရုံလည်းမစိုက်နိုင်တာကို။ စိတ်အခြေအနေကြောင့် ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်မလားပဲ။ ဒါကိုပဲစိုးရိမ်နေရတာ” မုန့်ယွဲ့က ပြောသည်။
သူမစကားကိုကြားသည့်အခါ ဝူချန်းယွဲ့၏ မျက်နှာသည် ချက်ချင်းပဲ မျက်နှာမည်းသည်းသွားသည်။ မုန့်ယွဲ့လိုပဲ သူလည်းစိတ်ပူနေတာဖြစ်သည်။ သူ့သမီးအကြောင်းကို သူကောင်းကောင်းသိသည်။ ရင်းနှီးသည့်သူများကိုတောင် အနားအကပ်မခံသည့် ကလေးမျိုးဖြစ်သည်။ အခုဘယ်လောက်တောင် ကြောက်နေမလဲ သူတွေးမိသည်။ စိတ်အခြေအနေကြောင့် အခြေအနေကို လက်မခံနိုင်ကာ ပြဿနာအကြီးကြီးတက်နေမလား စိုးရိမ်နေရသည်။
အစားအသောက်သည်လည်း သူ့၏နောက်စိတ်ပူစရာပင်။ မုန့်ယွဲ့က ဝူယွဲ့လင်း၏ကိုယ်ထဲမှ အစေ့ကို အာရုံခံနိုင်နေသဖြင့် အသက်ရှင်နေသေးသည်။ သို့သော်လည်း သူစိတ်အပူရဆုံးမှာ သူ့သမီးလေးမှာ ကိုမာဝင်နေခြင်းများ ဖြစ်မလားဟူ၍ ဖြစ်သည်။ ဇွန်ဘီမက သူ့သမီးလေးအား လူသားအစာများ ရှာကျွေးလိမ့်မည်ဟု မတွေးမိပေ။ ဇွန်ဘီ၏နဘ်မြေတွင် လေရှိပါ့မလား အထဲမှာထည့်ထားရင် ရောက်သွားသည့်သူက ကိုမာဝင်သလိုဖြစ်နေမလားလို့တောင် သူကတွေးနေတာ ဖြစ်သည်။ ဝူချန်းယွဲ့သည် သူ့သမီးလေးအဆင်ပြေမှာပါဟု တစ်ချိန်လုံး ဖြေတွေးနေရသည်။ သို့သော်လည်း မုန့်ယွဲ့ပြောသည်ကို ကြားသည့်အခါ သူ့လိုအမြဲယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်သူတောင် စိတ်ဓာတ်ကျသွားတော့သည်။ သို့သော်လည်း သူသည် စိတ်မာသည့်သူဖြစ်သောကြောင့် အပျက်သဘောအတွေးများကို ချက်ချင်းပြန်ထိန်းနိုင်လိုက်သည်။ ‘အနည်းဆုံးတော့ ငါ့သမီးလေးရှင်နေသေးတယ်။ ဒါဆိုရင်ရပါပြီ’
သူ့မျက်နှာမှ စိတ်ပျက်မှုများကို မြင်သည့်အခါ မုန့်ယွဲ့သည် စကားမှားသွားပြီဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။ ထို့ကြောင့် သူမသည် ပြန်ပြင်ကာ “အဆင်ပြေပါသေးတယ်။ ညီမအပင်က လင်းလင်းနဲ့ အခုနီးနေပြီဆိုတာကို ပြနေတယ်။ မကြာခင်မီတော့မှာပါ”
ထိုအချိန်တွင် ကားမောင်းနေသည့် တပ်သားသည် ကားကိုရုတ်တရက် ရပ်လိုက်ကာ ဝူချန်းယွဲ့အား သတင်းပို့သည်။ “ခေါင်းဆောင် အရှေ့မှာ တစ်ခုတွေ့တယ်”
“ဘာလဲ?” ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့က အတူကြည့်ကာ မေးကြသည်။
တပ်သားသည် မြေပြင်ကိုပြကာ “လမ်းပေါ်မှာ ကားသွားထားတဲ့ လမ်းကြောင်းအသစ်တစ်ခုကို တွေ့တယ်”
ဒါကိုကြားသည့်အခါ ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့သည် ကားတံခါးဖွင့်ကာ အမြန်ဆင်းကြည့်ကြသည်။ ထိုကားသည် အဝေးပြေးလမ်းမပေါ်မှ မြို့လေးသို့သွားသည့် လမ်းခွဲပေါ်တွင် မောင်းသွားတာ ဖြစ်သည်။ သူတို့သည် တပ်သားက ကားရာအသစ်တွေ့သည်ပြောသည့်အခါ ထူးဆန်းသွားပြီး ဆင်းကြတာ ဖြစ်သည်။
ဒီလမ်းသည် ဖုန်တွေသဲတွေဖြင့် ပြည့်နေသောကြောင့် ကားဘီးရာနှစ်ကြောင်းကို ရှင်းနေအောင်မြင်ရသည်။ ဒီဘီးရာကိုကြည့်လျှင် ထိုကားသွားထားသည်မှာ သိပ်ကြာသေးပုံမရပေ။
“ဒီမြို့ထဲကို လူတစ်ချို့က ကားနဲ့ဝင်သွားတာပဲ။ ဇွန်ဘီအမဲလိုက်အဖွဲ့လား? ဒါမှမဟုတ် ဓားပြတွေလား?” မုန့်ယွဲ့က ကားဘီးများကို ကြည့်ရင်းပြောသည်။
“ဘာလဲဆိုတာ ရောက်ရင်သိမှာပေါ့။ သွားရအောင်” ဝူချန်းယွဲ့က တည်ငြိမ်စွာဖြင့် ကားပေါ်ပြန်တက်လာရင်းပြောသည်။ မုန့်ယွဲ့သည်လည်း သူ့နောက်မှ ပြန်ဝင်လာသည်။
သူတို့တွေ့သည့် ကားဘီးရာသည် လင်းချင်း၏ကားမှ ကျန်ခဲ့တာ ဖြစ်သည်။ ဘယ်သူကမှ ကမ္ဘာပျက်ခေတ်ဖြစ်တည်းက မနေကြတာဖြစ်သဖြင့် လမ်းများသည် ဖုန်တွေသဲတွေဖြင့် ပြည့်နှက်နေသည်။
ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့ တချိန်လုံးမတွေးမိသည်မှာ ဒီမြို့ထဲသို့ ကားမောင်းဝင်သွားသူသည် လင်းချင်းအမည်ရသည့် ဇွန်ဘီတစ်ကောင်း ဖြစ်ကြောင်းကိုပင်။ အဘယ်ကြောင့်ဆိုသော် လူသားများသာ ကားမောင်းနိုင်လိမ့်မည်ဟု သူတို့ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဇွန်ဘီအမဲလိုက်အဖွဲ့လား? ဓားပြလားသာ တွေးနေကြတာဖြစ်သည်။
အခြေစိုက်စခန်းတစ်ခုခုမှ တပ်တော့မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကားရာများအရ ကားတစ်စီးတည်းသာ ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် မြို့လေးလို့ ပဟေဠိအသစ်ဖြင့် သွားလိုက်ရသည်။