May Honey Logo May Honey
Previous Next

၈၈။ လင်းလင်း၏ လက်ရှိအခြေအနေ

ချူးလီလီ၏ အော်သံကိုကြားသည့်အခါ ဇွန်ဘီအုပ်ကြီးသည် လမ်းဘေးသို့ ဆင်းသွားကြသည်။ သူတို့၏ သပ်သပ်ရပ်ရပ်စီနေခြင်းမှ တကွဲတပြားဖြစ်သွားကြသည်။ ဇွန်ဘီများသည် တစ်စုံတစ်ရာကို ကြောက်သွားသည့်အလား ချူးလီလီနှင့် လင်းချင်းတို့အရှေ့မှနေ ကြောက်လန့်တကြား ထွက်သွားကြကာ သူတို့နေဖို့ အခြားနေရာကို လိုက်ရှာကုန်ကြပြီ ဖြစ်သည်။

လမ်းသည် ရှင်းသွားသည်နှင့် လင်းချင်းသည် ကားစက်နှိုးလိုက်သည်။ ချူးလီလီသည် ကားထဲကို ပတ်ကြည့်နေပြီးနောက် နောက်ခုံကိုကြည့်လိုက်စဉ်တွင် ကားထဲမှာ နောက်ဇွန်ဘီတစ်ကောင်ရှိကြောင်းကို သတိရသွားသည်။ ထို့ကြောင့် လင်းချင်း၏ စာအုပ်နှင့် ဘောပင်ကို ကောက်ယူလိုက်ကာ   ‘မကြီးရဲ့ သူငယ်ချင်းရော? သူ့မှာရော မှတ်ညဏ်တွေရှိတာလား?’   လင်းချင်းမတိုင်ခင် ချူးလီလီသည် မှတ်ညဏ်ရှိသည့် အခြားဇွန်ဘီများကို မတွေ့ဖူးသဖြင့် အခုတော့ အခြားဇွန်ဘီများအပေါ် စိတ်ဝင်စားလာပြီ ဖြစ်သည်။ 

လင်းချင်းသည် ကားမမောင်းရသေးသဖြင့် စာရွက်နှင့် ဘောပင်ကိုယူကာ ရေးပြလိုက်သည်။
‘ငါ့နယ်မြေထဲမှာ။ နင့်ကိုကြောက်နေတယ်’
သူမဆိုလိုသည်မှာ ကျွင်းကျွင်းကို အဆင့်ခြောက်ဇွန်ဘီမလေး ချူးလီလီနှင့် တွေ့ပေးမည့်အစား နယ်မြေထဲတွင်သာ ထားသင့်သည်။

အဆင့်ငါးဇွန်ဘီများကို ဇွန်ဘီခေါင်းဆောင်ဟု ခေါ်ကြရာ အဆင့်ခြောက် ဇွန်ဘီဆိုရင်တော့ ဇွန်ဘီဘုရင်နှင့် ဘုရင်မဟု ခေါ်ရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခုချိန်ထိ တွေ့သမျှထဲတွင် အဆင့်အမြင့်ဆုံးဖြစ်သောကြောင့်ပင်။ 

အဆင့်၇ဇွန်ဘီများကို လူသားများက မတွေ့ဖူးကြသေးသော်လည်း သူတို့အား ဇွန်ဘီထိန်းချုပ်သူများဟု ခေါ်ကြသည်။

ငယ်ရွယ်ကာ ချစ်ဖို့ကောင်းသည့် လေစွမ်းအားရှင် ဇွန်ဘီဘုရင်မလေးသည် လင်းချင်းဘေးတွင် ထိုင်လိုက်လာသည်။ ချူးလီလီက ဘယ်လောက်အစွမ်းကြီးသလဲ လင်းချင်းမသိသော်လည်း သူမရလိုက်သည့် အန္တရာယ်အငွေ့အသက်အရဆိုလျှင် သူမသည် ဝူယွဲ့လင်း၏အဖေနှင့် ယှဉ်တိုက်နိုင်လောက်အောင် သန်မာသည်။ သူမသည် အဆင့်ခြောက်ဇွန်ဘီဖြစ်သောကြောင့်ပင်။

သို့သော်လည်း နားမလည်နိုင်သည်မှာ အင်အားကြီးဇွန်ဘီဘုရင်မလေးသည် ဘာဖြစ်လို့ သူမအနောက်သို့ လိုက်လာသနည်း? ဒီဇွန်ဘီမလေး၏ အတွေးများကို သူမလုံးဝနားမလည်နိုင်ပါပေ။

ချူးလီလီသည် လင်းချင်းစာကို ဖတ်ပြီးသည့်အခါ ‘ဟုတ်ပြီ’ဟု အဓိပ္ပာယ်ရသည့် အသံဖြင့် အော်သာပြသည်။

လင်းချင်းသည် သူမကိုဘာမှမပြောဘဲ ကားကိုသာ မောင်းထွက်လာသည်။ သိပ်မကြာခင်မှာ သူမ၏ကားသည် လေးလာသလို ခံစားလိုက်ရသည်။ ထိုအရာသည် ချူးလီလီ၏နောက်လိုက် ဇွန်ဘီနှစ်ကောင်က သူမ၏ကားပေါ်သို့ ခုန်တက်လာသောကြောင့် ဖြစ်သည်ကို သိလိုက်သည်။  
  
သို့သော်လည်း ထူးဆန်းသည်မှာ ဇွန်ဘီနှစ်ကောင်သည် ဘယ်လိုဆူညံသံကိုမှ မလုပ်ရဲကြပေ။ သူတို့သည် ကားထဲရှိ လင်းချင်းနှင့် ချူးလီလီတို့ကို နှောင့်ယှက်မိမှာ ကြောက်နေပုံရသည်။ တကယ်တော့ သူတို့သည် ချူးလီလီကိုသာ ကြောက်ကြတာ ဖြစ်ပါသည်။

ထိုအချိန်တွင် ဝူချန်းယွဲ့သည် ဝူယွဲ့လင်းလေးကို စခန်းသို့ ပြန်ခေါ်သွားပြီဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူ့သမီး၏ လူများကိုလျစ်လျူရှုကာ စကားမပြောသည့်အကျင့်သည် လုံးဝမပြောင်းကြောင်း တွေ့ရသည်။ ဝူချန်းယွဲ့လည်း ဘာဖြစ်လို့ သူ့သမီးက စကားမပြောသလဲ ဆိုသည်ကို မသိပေ။ ထိုကလေးမလေးသည် ဒီလိုပဲဖြစ်သည်။ သို့သော်လည်း ကောင်းသည်တစ်ခုက သူ့သမီးဘာမှမပြောင်းလဲခြင်းပင်။ ဇွန်ဘီမကြောင့် ကြောက်လန့်နေကာ ပိုဆိုးသွားမလား သူစိုးရိမ်ခဲ့ရတာ ဖြစ်သည်။

သူစိုးရိမ်သလို မဖြစ်သည့်အခါ အခုအနည်းငယ်စိတ်လျှော့နိုင်ပြီ။ အစတုန်းက သစ်သီးခြံထဲတွင် သူ့သမီးသည် ဇွန်ဘီမကို အရမ်းခင်တွယ်နေပုံရသည်။ ဝူယွဲ့လင်းသည် သူ့အားဘာမှမပြောသော်လည်း အချိန်တိုင်း ထိုဇွန်ဘီမကို လိုက်ရှာနေတက်သလို လုပ်နေတာမျိုး ဖြစ်နေသည်ဟု သူခံစားရသည်။

သူ့သမီး၏စရိုက်က မပြောင်းသော်လည်း ကိုယ်ကတော့ ပြောင်းလဲနေသည်။ သူ့သမီးကို စတွေ့တည်းက ဝူချန်းယွဲ့သည် သူ့သမီး၏ကိုယ်ထဲမှာ မှော်စွမ်းအားတွေ ပြည့်နေကြောင်းကို ခံစားမိသည်။ ဘာဖြစ်လို့လည်း မသိသော်လည်း ထိုအစွမ်းသည် သူတို့လိုမျိုး သဘာဝလွန်စွမ်းအား မဟုတ်ပေ။ ထိုအစွမ်းက သူ့သမီးကိုယ်ထဲတွင် ပုန်းအောင်းနေသည်။ 

အစတုန်းက ထိုစွမ်းအားသည် သူ့သမီးအား ဒုက္ခပေးမည်စိုးသဖြင့် မုန့်ယွဲ့ကို စမ်းသပ်စေရာ ထိုအစွမ်းသည် နူးညံ့လွန်းပြီး သူ့သမီးကို အကာအကွယ်ပေးတာဖြစ်ကြောင်း သိလိုက်ရသည်။ ဒီလိုသိလိုက်ရသည့်အခါ ဝူချန်းယွဲ့သည် ပျော်ရွှင်သွားသည်။ ဘာပဲဖြစ်ဖြစ် ထိုအရာက ကောင်းသည်ဖြစ်သည်။

လမ်းတစ်လျှောက်လုံး ဝူချန်းယွဲ့သည် ဒီအစွမ်းကို စူးစမ်းနေသည်။ သို့သော်လည်း ဇွန်ဘီမက သူ့သမီးကိုယ်ထဲသို့ ဘယ်လိုထည့်ပေးခဲ့သလဲ သူမသိပေ။ ထိုဇွန်ဘီမသည် စောင့်ရှောက်ပေးရုံသာမက ကာကွယ်ရေးစွမ်းအားကိုပါ သူ့သမီးကိုယ်ထဲသို့ ထည့်ပေးခဲ့သေးသည်။

ဝူချန်းယွဲ့သည် ထိုအစွမ်းက သူ့သမီး၏ သဘာဝလွန်စွမ်းအားကို အမြန်နိုးထလာအောင် ကူညီပေးနေသလို ခံစားရသည်။ စခန်းသို့ရောက်သည်နှင့် ဝူယွဲ့လင်းသည် သူမအနားသို့ အရင်လိုပဲ သူမယုံရသည့် သူ့အဖေနှင့် မုန့်ယွဲ့တို့ကလွဲ၍ ဘယ်သူ့ကိုမှ အကပ်မခံတော့ပေ။

ထို့ကြောင့် သူတို့သည် အလုပ်မများတိုင်း ဝူယွဲ့လင်း၏အခန်းထဲတွင် နေပေးတက်ကြသည်။ သို့သော်လည်း ဝူချန်းယွဲ့ကတော့ သူ့သမီးကို ရုံးခန်းထဲသို့ ခေါ်ထားတက်သည်။ သူ့အနားကလူများသည် ထိုငြိမ်နေတက်သည့် ကလေးမလေးကို မြင်ရသည်ကို အသားကျနေပြီ ဖြစ်သည်။

ဝူယွဲ့လင်းသည် အရမ်းငြိမ်လွန်းသည်။ သူ့အဖေက အခန်းထဲတွင် ထားသည့်အခါ ကုတင်ပေါ်တွင် ထိုင်နေတက်သည်။ သူမဘာတွေတွေးနေသလဲ ဘယ်သူမှ မသိနိုင်ပေ။ သူ့အဖေက ရုံခန်းသို့ ခေါ်လာလျှင် ဆိုဖာပေါ် ငြိမ်ငြိမ်လေး ထိုင်နေတာ၊ အိပ်နေတာမျိုးသာ လုပ်တက်သည်။ နိုလားလျှင်လည်း မှိုင်းမှိုင်းတိုင်းတိုင်း ဆက်ထိုင်နေတက်သည်။

ဝူချန်းယွဲ့သည် သူ့သမီးပျင်းနေမှာစိုး၍ အိမ်မွေးတိရိစ္ဆာန်ရှာပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဇွန်ဘီမ၏ နယ်မြေမှ ထွက်လာတုန်းက သူ့သမီးသည် ယုန်လေးတစ်ကောင်ကို ပိုက်ထားခဲ့သည် ဖြစ်သည်။ ထို့ကြောင့် အမွေးပွသည့် အကောင်လေးများ ရှာပေးသည်။ တိရိစ္ဆာန်လေးများသည် ကမ္ဘာပျက်ခေတ်တွင် အရမ်းရှားကာ သန္ဓေပြောင်းကောင်များဖြင့် ပြည့်နေသည်။ သို့သော်လည်း အခြေစိုက်စခန်းခေါင်းဆောင်တစ်ယောက် အနေဖြင့် ဝူချန်းယွဲ့သည် သူလိုချင်သည်ကို ရလေသည်။

သို့သော်လည်း ပြဿနာမှာ သူ့သမီးသည် ရှာပေးထားသည့် ကြောင်ပေါက်နှင့် ခွေးပေါက်လေးများကို လှည့်တောင်မကြည့်ပေ။ သူမအရှေ့သို့ ချပေးပါကာ မျက်နှာလွှဲသွားလိမ့်မည်။ သူ့သမီးက တစ်ခါတစ်လေ ခေါင်းမာတက်သည်ကို သူလည်းသေချာသိသည်။

ဝူချန်းယွဲ့သည် ထိုဇွန်ဘီမက ထူးခြားသည်ဟု ခံစားရသည်။ သူမတွင် မှတ်ညဏ်များရှိသလို လူသားလိုပဲရှိသေးရာ လူတစ်ဝက်လား? ဇွန်ဘီတစ်ဝက်လား?
ဘယ်လိုအစာတွေစားမလဲ သူသိချင်သည်။ တိရိစ္ဆာန်လား? သူမက မြွေသွေးသောက်နေသည်ကို သူမြင်ဖူးသဖြင့် မြွေကြီးတစ်ကောင်လုံးကို စားပစ်လိုက်ပြီလား သူသိချင်သည်။ ဝူချန်းယွဲ့သည် ထိုင်တွေးနေစဉ်မှာ သူ့သမီးသည် ပုံထိုင်ဆွဲနေသည်။ ထိုအချိန်တွင် သူ့တံခါးကို လူတစ်ယောက်က ခေါက်လာသည်။

ထိုအခါမှ ထူးဆန်းသည့် ဇွန်ဘီမအကြောင်းကို တွေးမိနေသဖြင့် အလုပ်ပျက်နေပြီ ဖြစ်ကြောင်းကို အသိဝင်တော့သည်။ သူသည် တံခါးကိုကြည့်ကာ
“ဝင်ခဲ့”

တံခါးဖွင့်လိုက်သည်နှင့် အရပ်ရှည်ကာ ကိုယ်လုံးတောင့်သည့် ရှောင်ယွင့်လုံသည် ဖိုင်အချို့ဖြင့် ဝင်လာသည်။ သူသည် ဖိုင်များကို စားပွဲပေါ်တင်ကာ   “လုထန်ရီနဲ့ ကောင်းချင်းမင်းတို့က မင်းကိုတွေ့ချင်လို့တဲ့”

ဝူချန်းယွဲ့သည် သူ့အားအံ့သြစွာဖြင့် မေးသည်။   “သူတို့က ကျိုးအတွက် အလုပ်လုပ်နေတာမလား? ဘာဖြစ်လို့ ငါ့ကိုတွေ့ချင်တာလဲ?”

ရှောင်ယွင့်လုံသည် ခေါင်းခါကာ   “မင်းကိုယ်တိုင်ပဲ မေးကြည့်တော့”

ဝူချန်းယွဲ့သည်လည်း အလုပ်လုပ်ချင်စိတ်မရှိသဖြင့် သိချင်စိတ်ဖြင့် ခေါင်းငြိမ့်ကာ   “ခေါ်လိုက်”

“ဝင်ခိုင်းလိုက်”   ရှောင်ယွင့်လုံသည် တံခါးဝက အစောင့်များကို လှည့်ပြောလိုသည်။ ထို့နောက် ချောမောခန့်ညားသည့် လူငယ်နှစ်ယောက်က ဝင်လာကြသည်။  
Previous Chapter 88 of 198 Next