၅၅။ ကလေးထိန်းဖြစ်လာပြီ
လင်းချင်းသည် ကလေးမလေး၏ အဝတ်များကိုချွတ်ကာ မြေပြင်ပေါ်သို့ ပစ်လိုက်သည်။ ထို့နောက် သူမသည် အဝတ်စုတ်ကိုဖြဲလိုက်ကာ ရေစွတ်လိုက်သည်။ ထို့နောက် ဝူယွဲ့လင်း၏ ညစ်ပတ်နေသည့် မျက်နှာလေးကို သန့်ရှင်းအောင် ရေပတ်ဝတ်ဖြင့် သုံးခါလောက် တိုက်ပေးလိုက်သည်။ ဝူယွဲ့လင်းသည် မျက်လုံးလေးကိုမှိတ်ကာ လင်းချင်းသန့်ရှင်းပေးနေသမျှကို ငြိမ်ငြိမ်လေးနေသည်။
လင်းချင်းသည် ဝူယွဲ့လင်း၏မျက်နှာလေးမှာ သန့်ရှင်းသွားမှ ပိုချစ်ဖို့ကောင်းနေကြောင်း သိလိုက်ရသည်။ ထို့နောက် ကလေးမလေး၏ ကပ်စီးနေသည့် ဆံပင်ရှည်လေးများကိုကြည့်ကာ သူမမျက်မှောင်ကျုံ့မိသွားသည်။
‘ဘယ်လိုခေါင်းလျှော်ပေးရမလဲ? ငါ့မှာ ခေါင်းလျှော်ရည်လိုဟာမျိုးမှ မရှိတာ။ ကန်ရေထဲကို ဆံပင်တွေ ကြာကြာစိမ်ပေးထားရင် ရလိုက်မလားမသိဘူး’
သူမသည် ဝူယွဲ့လင်းအား ကန်ထဲသို့တွန်းပို့ကာ ရေတိမ်သည့်နေရာတွင် ထိုင်စေကာ ရေပတ်ဝတ်ဖြင့် တစ်ကိုယ်လုံးကို တိုက်ပေးသည်။ လင်းချင်း၏နယ်မြေထဲတွင် အပူချိန်သည် အေးလည်းမအေး ပူလည်းမပူဘဲ ပုံမှန်သာဖြစ်သည်။ လင်းချင်းလို ဇွန်ဘီကတော့ ကန်ရေ၏အပူချိန်ကို မခံစားနိုင်သော်လည်း ဝူယွဲ့လင်းကတော့ ဒီလိုမဟုတ်ပေ။
ရေထဲသို့ ခြေထောက်ချသည်နှင့် ဝူယွဲ့လင်းသည် ရေကနွေးနေသည်ကို ခံစားမိလိုက်သည်။ သူမ၏ကိုယ်ကတောင် ရေထက်အေးနေသေးသည်။ သူမ၏အဝတ်များ မရှိသည့်အချိန်တွင် ရေနွေးနွေးလေးကြောင့် သက်သောင့်သက်သာရှိသွားကာ စိတ်ဝင်တစားရှိသွားသည်။ သို့သော်လည်း ခပ်အေးအေးနေသည့်ကလေးဖြစ်သောကြောင့် သူမ၏စိတ်ခံစားချက်များကို ထုတ်မပြပေ။ အခြားကလေးများဆိုလျှင် ရေဖြင့်ဆော့နေလောက်ပြီ။
လင်းချင်းသည်လည်း ရေထဲတွင် ရပ်လိုက်သည်။ ဝူယွဲ့လင်း၏ကိုယ်လေးကို ရေပတ်တိုက်ပေးပြီးသည့်အခါ သူမလည်း ရေချိုးတော့သည်။
ကလေးကိုခေါ်လာရသည်က အပိုအလုပ်ဖြစ်သည်ဟု သူမခံစားမိလာသည်။ သူမည် စားဖို့ရှာပေးရသည်။ အိပ်ရာလုပ်ပေးရသည်။ ရေချိုးပေးရသည်။ အခုလည်း အဝတ်လျှော်ပေးနေရပြီ။ ရုတ်တရတ် သူမသည် ဇွန်ဘီကလေးထိန်းကြီးဖြစ်လာကြောင်း သိလိုက်ရသည်။
သူမသည် ကလေးမလေးအား အဖေလက်ထဲသို့ ပြန်အပ်လိုက်ပါက သူမ၏ဘဝတွင် အလုပ်ရှုပ်သက်သာမည်ဖြစ်သည်။ အခုတော့ ကလေးကိုခေါ်လာသဖြင့် သူမတွင် တာဝန်ပိုနေရသည်။ ကလေးမလေး၏အဖေက အာရုံနောက်စရာမှန်သော်လည်း ကလေးတာဝန်က သူမအတွက် လွယ်မနေပေ။
ပြီးတော့လည်း ဝူယွဲ့လင်းသည် သူမနှင့်စကားမပြောပေ။ ကလေးမလေးက ပျင်းဖို့ကောင်းသလို သူမခံစားရသည်။ သို့သော်လည်း သူမသည် ဆူညံ့ကာအာရုံနောက်စေသည့် ကလေးမျိုးကိုလည်း မကြိုက်ပေ။ ထိုကလေးမျိုးအနားတွင်သာ နေရပါက သူမသည် အာရုံနောက်ရလွန်း၍ ခေါင်းခဲနေလောက်သည်။
ဝူယွဲ့လင်းလေးကတော့ ငြိမ်လွန်းသဖြင့် လင်းချင်းသည် သူမဒီမှာရှိနေကြောင်းတောင် မေ့နေတက်သည်။ ကလေးမလေးကို ပြန်ပေးဆွဲသည်မှာ လုထန်ယုသာဖြစ်၍ သူမလုပ်တာလည်း မဟုတ်ပေ။ ကလေးမလေး၏အဖေကသာ လူကောင်းဆိုလျှင် သူမပြန်ပေးလိုက်မှာဖြစ်သည်။ အမှန်တိုင်းပြောရလျှင် လင်းချင်းလည်း ဘာဖြစ်လို့ ဒီကလေးမလေးကို ဆက်ထိန်းသိမ်းထားမိသလဲ မသိတော့ပေ။
ဝူယွဲ့လင်းသည် လင်းချင်းက သူမကိုရေချိုးပေးပြီးသည့်တိုင်အောင် ဆက်ရပ်နေဆဲဖြစ်သည်။ ထို့နောက် သူမသည် လင်းချင်း၏အနောက်သို့ ချက်ချင်းပြေးပုန်းကာ ခေါင်းလေးသာ ပြူထွက်၍ မြက်ခင်းဘက်ကို ကြည့်နေသည်။
လင်းချင်းလည်း ကလေးမလေး၏ ထူးဆန်းသည့်အပြုအမှုကြောင့် သူမကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်သည့်အခါ အဝေးမှ အဝတ်မဲ့နေသည့်ကလေးမလေးကို မျက်လုံးများတောက်ပစွာဖြင့် ကြည့်နေသည့် ရှဲ့တုန်းကို လှမ်းမြင်လိုက်ရတော့သည်။ သူ့မျက်လုံးထဲတွင် သူ့စိတ်ကိုမြင်နေရသဖြင့် ကလေးမလေးမှာ ကြောက်ပြီးပုန်းခြင်း ဖြစ်သည်။
အခုအချိန်မှာတော့ လင်းချင်းသည် နှာဘူးကောင်ကိုတွေ့ထားသည်ဟု ရဲကိုသာတိုင်ချင်တော့သည်။ သူမသည် ကိုယ်ကိုမတ်ကာ ရှဲ့တုန်းအား သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
လင်းချင်း၏အကြည့်ကြောင့် ရှဲ့တုန်းသည် သူ့ကိုဘာဖြစ်လို့ လင်းချင်းက နှာဘူးလို ကြည့်နေသလဲဟု တွေးမိသွားသည်။ နောက်မှ သူဒီကိုဘာလုပ်ဖို့ လာသလဲဆိုသည်ကို သတိရသွားသည်။ လင်းချင်းကို စကားပြောဖို့လာသော်လည်း ဝူယွဲ့လင်း၏အနံ့ကြောင့် သူ့စိတ်သည် ခနလောက် အလုပ်မလုပ်တော့ခြင်းဖြစ်သည်။ လင်းချင်း၏ ဖိအားပေးသည့်အကြည့်ကြောင့်သာ အသိပြန်ဝင်ခြင်းဖြစ်သည်။
အနားသို့အရမ်းမလာဘဲ ငါးမီတာလောက်အကွာအထိ လင်းချင်းဆီကို သူလျှောက်လာသည်။ ထို့နောက် သူလက်ဝါးကိုဖြန့်လိုက်သည်။ သူ့လက်ဝါးပေါ်မှ မီးတောက်လေးတစ်ခုသည် ဖြည်းဖြည်းချင်းယိမ်းနွဲ့ကာ ထွက်ပေါ်လာသည်။
မီးတောက်ကိုမြင်သည့်အခါ လင်းချင်း၏မျက်လုံးများ တောက်ပသွားသည်။ သို့သော်လည်း သူ့ကိုခနစောင့်ဖို့ လက်သဏ္ဍာန်ပြလိုက်သည်။ ထို့နောက် ဝူယွဲ့လင်းကိုသာ ရေဆက်ချိုးပေးနေလိုက်သည်။
ကလေးမလေး၏ ဆံပင်ရှည်များသည် သန့်သွားဖို့ ဆယ်မိနစ်လောက် အချိန်ယူလိုက်ရသည်။ ကလေးမလေးတွင် ခါးလောက်အထိရှည်သည့် ဆံပင်ထူထူများရှိသည်။ သူမ၏ဆံပင်များကိုကျစ်ထားသော်လည်း လျှော့ရဲလာကာ စေးကပ်နေသည်။ လင်းချင်းသည် ခေါင်းလျှော်ပေးဖို့အတွက် ကလေးမလေးအား ခါးကုန်းခိုင်းရကာ စေးကပ်နေခြင်းနည်းသွားအောင် သူမလက်ဖြင့် ပွတ်တိုက်ဆေးကြောပေးသည်။
ထို့နောက်တွင်မှ ရေစိုနေသည့်ဆံပင်ဖြင့် ကလေးမလေးကို ကန်ဘောင်သို့ တက်စေသည်။ ရေစိုဆံပင်များကို ရေများကို သေချာညှစ်ပေးပြီးမှ လင်းချင်းသည် ကလေးမလေးအား လူကြီးအကျီကို ဝတ်စေသည်။ ထိုအကျီက ဝူယွဲ့လင်း၏ ဒူးလောက်အထိရှည်နေပြီး လက်များကတော့ ကလေးမလေးအတွက် အရမ်းရှည်ကျနေလွန်းသည်။ ထို့ကြောင့် အကျီလက်ကို ခေါက်ပေးလိုက်ရသည်။
ထို့နောက် သူမအားကုတင်ဘက်သို့ သွားစေကာ ကလေးပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ သူမသည် အပေါ်ဝတ်တစ်ထည်ဖြင့် ကလေးမလေးအား ခြုံပေးထားလိုက်သည်။ ကလေးမလေး၏ ဆံပင်များသည် စိုနေဆဲဖြစ်သောကြောင့် သူမလည်းခြောက်အောင် ဘယ်လိုလုပ်ပေးရမလဲ မသိသဖြင့် ဖျားမည်စိုးရိမ်သောကြောင့် အနွေးထည်ကို ခြုံပေးထားခြင်းဖြစ်သည်။
ထို့နောက်တွင်မှ လင်းချင်းသည် ရှဲ့တုန်းဆီသို့သွားလိုက်သည်။ ရှဲ့တုန်းသည် သူ့လက်မှမီးကို သေမသွားအောင် ထိန်းချုပ်နေပုံရသည်။ လင်းချင်းသည် သူ့အား စာရွက်ပေါ်တွင် ဘောပင်ဖြင့် ရေးပြလိုက်သည်။
‘အခုအစွမ်းကို သုံးနိုင်ပြီလား?’
ရှဲ့တုန်းသည် သူမအား ခေါင်းငြိမ့်ပြသည်။ ထို့နောက် ခေါင်းပြန်ခါသည်။ လင်းချင်းကတော့ ဒါဘာကိုပြောချင်သလဲဆိုသည်ကို နားလည်သည်။ သူဆိုလိုသည်မှာ သူသည် မီးကိုထုတ်နိုင်သော်လည်း မထိန်းနိုင်သေးပေ။ သူ့မီးတောက်သည် အရမ်းသေးနေကာ ကြီးအောင် ဘယ်လိုလုပ်ရမလဲ မသိပေ။
သူသည် လူ့နှလုံးကိုစားထားတာဖြစ်သည်။ ထိုအချိန်မတိုင်မီက သူသည်မီးတောင် မထုတ်နိုင်သေးပင်မယ့် အခုတော့ထုတ်နိုင်ပြီ။ မီးသည် မကြီးသော်လည်း ဒါကတော့ တိုးတက်မှုပင်။ လူသားစားခြင်းက ဇွန်ဘီများတိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပုံရသည်။
သို့သော်လည်း ရှဲ့တုန်းက အဆင့်သုံးဟုတ်မဟုတ်ကိုတော့ လင်းချင်းလည်းမသိပေ။ သူသည် အဆင့်သုံးဇွန်ဘီများထက် အားနည်းသော်လည်း မီးထုတ်နိုင်နေသည်။ ထို့အတူ မီးကိုဘယ်လိုအသုံးချရမလဲ ဆိုသည်ကိုလည်း သေချာသိနေသေးသည်။ သူ့စွမ်းအားများ တိုးဖို့အတွက် ရှဲ့တုန်းသည် လူသားစားဖို့လိုနေသည်ဟု လင်းချင်းက ယူဆလိုက်သည်။ လူ့နှလုံးကို စားနေရသည်က သူ့အတွက် လက်မခံနိုင်စရာဖြစ်နေသော်လည်း ပိုသန်မာလာချင်လျှင် သူ့စိတ်ကို ပြောင်းလဲဖို့ လိုနေပြီ။
လင်းချင်းသည် ရှဲ့တုန်းကို စာရေးပြလိုက်သည်။
‘ငါတို့အပြင်မှာ အချိန်ရရင် တိုက်ကြည့်ရအောင်။ နင့်အစွမ်းက ဘယ်လောက်အထိ ကန့်သတ်ချက်ရှိလဲ ငါသိချင်တယ်’
ရှဲ့တုန်းသည် စာဖတ်ပြီးသည့်အခါ ခေါင်းငြိမ့်ပြလိုက်သည်။ သူကိုယ်တိုင်လည်း သိချင်နေတာ ဖြစ်သည်။ သိုသော်လည်း လင်းချင်း၏ မျက်ဝန်းနက်များကို ကြည့်လိုက်သည့်အခါ တိုက်ခိုက်ရာတွင် သူသဲအိတ်ဖြစ်မှာ သေချာနေကြောင်းကို သိလိုက်သည်။
လင်းချင်းသည် ရှဲ့တုန်းကို တစ်ချက်ကြည့်ပြီးနောက် ဝူယွဲ့လင်း၏ အဝတ်များလျှော်ပေးရန် သွားလေသည်။