May Honey Logo May Honey
Previous Next

၁၇၉။ မှတ်ဉာဏ်ပျောက်တာ

ရှဲ့တုန်းသည် လင်းချင်းကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။
‘ဘာကိုပြောချင်တာလဲ? လုထန်ယုရဲ့ကိုယ်ထဲကို နောက်တစ်ယောက်က ရောက်လာပြီး အသက်ပြန်ရှင်တာလား? ပြန်မွေးလာတာလား? ဝိဉာဉ်ပြောင်းတာလား? ဘာကြီးလဲ?’

ရှဲ့တုန်းသည် လင်းချင်းကို ကြည့်လိုက်သည့်အခါ လူတိုင်းမုန်းသည့်မိန်းမနှင့် တကယ်ကြီးကွာခြားနေသည်။ သို့သော်လည်း သူမပြောပြသည့်အကြောင်းက အရမ်းကို မယုံကြည်နိုင်စရာဖြစ်လွန်းသည်။ သူ့လိုလူသားမှတ်ဉာဏ်များဖြင့် ဇွန်ဘီဆိုသည်က အကျိုးအကြောင်းသင့်သေးသော်လည်း လူနှစ်ယောက်၏ မှတ်ဉာဏ်ရှိနေသည်လား? ၂ယောက်၏မှတ်ဉာဏ်တွေက ရောသွားခြင်းမျိုးလား?
‘လုထန်ယုရဲ့မှတ်ဉာဏ်တွေ ရှိနေတာလား?’

ရှဲ့တုန်းသည် ရေးပြသည့်အခါ လင်းချင်းက ခေါင်းငြိမ့်ပြသည်။ လုထန်ယု၏ မှတ်ဉာဏ်များသည် အစီအစဉ်မကျသော်လည်း သူမ၏စိတ်ထဲတွင်တော့ ရှိနေသည်။ ရှဲ့တုန်းသည် သူမ၏အခြေအနေကို နားမလည်ပေ။ မယုံချင်သော်လည်း ဒေါင့်စုံကသေချာတွေးကြည့်ရင် သက်သေပြပြီးသား ဖြစ်နေပြီ။
‘ဒါပင်မယ့် ဒါကတကယ့်ကို မယုံနိုင်စရာပဲ ဒီလိုမျိုးတကယ်ဖြစ်နိုင်လို့လား?’

‘ကမ္ဘာပျက်သွားတော့ အပင်တွေနဲ့တိရိစ္ဆာန်တွေက သန္ဓေပြောင်းကုန်ကြတယ်။ ၇၀ရာခိုင်နှုန်းလောက်လူတွေက ဇွန်ဘီဖြစ်ပြီး သေကုန်တယ်။ ကျန်တဲ့တချို့လူတွေက အစွမ်းတွေရလာကြတယ်။ ဟုတ်ပြီ မဖြစ်နိုင်တာ ဘာရှိသေးလို့လဲ?’

ရှဲ့တုန်းသည် ဒီလိုတွေးလိုက်ပြီးနောက် လင်းချင်းပြောသည်ကို လက်ခံနိုင်သွားသည်။

လင်းချင်းက လင်းချင်းသာဖြစ်သည်။ လုထန်ယုမဟုတ်ပေ။ လုထန်ယု၏ကိုယ်နှင့် နာမည်ကို ငှားသုံးနေရခြင်းသာ။ ထို့နောက် သူသည် မေးခွန်းထပ်ရေးပြလိုက်သည်။

‘မိသားစုကို တွေ့ပြီးပဲကို ဘာဖြစ်လို့ နာမည်အမှန် မပြောတာလဲ?’

လင်းချင်းသည် သူ့ကိုကြည့်ပြီးနောက် သင်ပုန်းကိုယူကာ သူ့မေးခွန်းကိုဖျက်ပြီး ရေးပြသည်။

“ဟေးဒီးစခန်းကို သိလား?”

ရှဲ့တုန်းက ခေါင်းငြိမ့်ပြသည်။ ဒီနိုင်ငံတွင် ရှင်ကျန်ခဲ့သူများ၏ စခန်းများသည် ၈ခုရှိသည်။ ပင်လယ်မြို့တော်စခန်းသည် အရှေ့ဘက်၊ ဟွာရှားစခန်းသည် အလယ်၊ နဂါးနက်စခန်းသည် အရှေ့မြောက်၊ မွန်ဂိုစခန်းသည် မွန်ဂိုအတွင်းပိုင်း၊ ပုန်းကွယ်နေသည့်တိမ်တိုက်စခန်းသည် တိဘက်၊ မြေနဂါးစခန်းသည် တောင်ဘက်နှင့် မိုးမီးစခန်းကို ယူနမ်နှင့်စီကျွမ်းမှလူများက တည်ထောင်ထားခြင်း ဖြစ်သည်။
လင်းချင်းသည် ထပ်ရေးပြသည်။

“ဟေးဒီးစခန်းခေါင်းဆောင် ငရဲမီးကိုရောသိလား?”

ရှဲ့တုန်းသည် ခေါင်းငြိမ့်ပြသည်။ ငရဲမီးခေါင်းဆောင်သည် တောင်တရုတ်ပိုင်းက စခန်းနှစ်ခုအနက် တစ်ခုမှ ခေါင်းဆောင်ဖြစ်ကြောင်းကို သိသည်။ အစက လင်းချင်းသည် တောင်ဘက်ကို လူသွားရှာမည်ပြောခဲ့စဉ်က ဟေးဒီးစခန်းတွင်သွားရှာမည်ဟု ထင်ခဲ့တာဖြစ်သည်။

‘မြန်လိုက်တာ! တစ်ပတ်အတွင်းရှာတွေ့သွားတာပဲ’

‘ဟေးဒီးစခန်းက ပျက်သွားပြီ။ အခုမရှိတော့ဘူး။ သူတို့က ပြေးလွှားနေရပြီ။ စခန်းခေါင်းဆောင်က ကိုယ့်ကိုကိုယ်ဖောက်ခွဲလိုက်တယ်လို့ ကြားတယ်’
ရှဲ့တုန်းသည် မြေနဂါးစခန်းက ဟေးဒီးစခန်းကို သိမ်းပိုက်လိုက်ကြောင်းကို မသိပေ။ လင်းချင်း၏စာကိုဖတ်ပြီးမှ သူအံ့သြသွားသည်။

“ဂါး?”
‘တကယ်လား?’

လင်းချင်းသည် ခေါင်းငြိမ့်ကာ ရေးပြသည်။

‘သူတို့က ဘယ်သူလဲဆိုတာကို နင်မသိသေးဘူးလို့ ငါထင်တယ်’

ထို့နောက် သူမသည် လင်းဖန်၊ ယွမ်ထန်ရှင်းနှင့် အခြားသူများအကြောင်းကို ပြောပြရတော့သည်။ လင်းဖန်တို့မိသားစုသည် ဟေးဒီးစခန်းခေါင်းဆောင်၏ အမျိုးများဖြစ်ကာ ယွမ်ထန်ရှင်းကတော့ စခန်းမှဒုခေါင်းဆောင်ဖြစ်ကြောင်း ပြောပြသည်။ နောက်ဆုံးသူမရေးပြလိုက်သည်မှာ

‘ငရဲမီးခေါင်းဆောင်ရဲ့ နာမည်ရင်းကလည်း လင်းချင်းပဲ’

ချူးလီလီနှင့် ကျွင်းကျွင်းတို့သည်လည်း အနားတွင်ရှိသလို စိတ်ဝင်စားစွာဖြင့် လင်းချင်းရေးပြသည်များကို လိုက်ဖတ်နေတာဖြစ်သည်။ နောက်ဆုံးစာကြောင်းကို မြင်တော့ သုံးယောက်လုံး ကြောင်အကုန်သည်။
ကျွင်းကျွင်းသည် လင်းချင်းကိုကြည့်ကာ တွေးမိသည်။

‘ငရဲမီးခေါင်းဆောင်က လင်းချင်း။ မိသာစုကလည်း တူနေတော့ တစ်ယောက်တည်းလား? ဟမ်? ဒါဆိုရင် နင်က ငရဲမီးခေါင်းဆောင်လား? အဲ့စခန်းခေါင်းဆောင်လား?’
ကျွင်းကျွင်းသည် လင်းချင်းကို လက်ညိုးထိုးကာ မျက်လုံးအပြူးသားကြည့်နေစဉ် ကျန်သည့်၂ယောက်မှာလည်း ဒီလိုအမှုအယာဖြစ်နေသည်။

သို့သော်လည်း လင်းချင်းသည် ခေါင်းခါကာ ရေးပြသည်။

‘ငါ့မိသားစုဆိုပင်မယ့် လွန်ခဲ့တဲ့ငါးနှစ်က ဘာဖြစ်လဲကို ငါမသိဘူး။ ငါမှတ်မိတာက ကမ္ဘာမပျက်ခင်အထိပဲ။ ဘာဖြစ်လို့ ဒီလိုဖြစ်နေလဲတော့ ငါလည်းမသိဘူး’

အခြားသူများသည် စိတ်ရှုပ်သွားသည်။

‘ဘာကိုပြောချင်တာလဲ? မှတ်ဉာဏ်တွေ မရှိတော့တာလား?’

လင်းချင်းက ဆက်ရေးပြသည်။
‘ငါ့မှတ်ဉာဏ်တွေ ပျောက်သွားတာထင်တယ်။ ဟေးဒီးစခန်းက လင်းချင်းက တခြားတစ်ယောက်လိုပဲ။ အဲ့ဒါကြောင့် အချိန်ရရင် တောင်ဘက်ကို ထပ်သွားကြည့်ရမယ်’

သုံးယောက်သည် လင်းချင်းပြောသည်ကို ဖြည်းဖြည်းချင်းနားလည်သွားသည်။ အရင်ကမ္ဘာက လင်းချင်းသည် နိုးလာသည့်အခါ ဇွန်ဘီဖြစ်နေပြီး ကမ္ဘာကြီးက ပြောင်းလဲသွားသည်။ သို့သော်လည်း ပျက်စီးနေသည့်ကိုယ်ဖြင့် ဒီကမ္ဘာဖြင့် လိုက်လျောညီထွေနေခဲ့ရသည်။ စိတ်မာသည့်သူဖြစ်သောကြောင့် အချိန်ကုန်မခံဘဲ တောင်ဘက်သို့သွားကာ မိသားစုကို ရှာခဲ့သည်။ အစကတော့ ရှင်သလား သေပြီလား သူမလည်း မသိခဲ့ပေ။ ကမ္ဘာပျက်ပြီး ငါးနှစ်အကြာမှ နိုးလာတာ ဖြစ်သောကြောင့် လူသန်းပေါင်းများစွာ သေကုန်ပြီဖြစ်သည်။ သို့သော်လည်း သေချာအောင် သူမကတော့ လိုက်ရှာခဲ့သည်။ အခြားဇွန်ဘီများက ဘာဖြစ်လို့ လင်းချင်းက ဒီလောက် စိတ်မာနေသလဲဆိုသည်ကို နားမလည်နိုင်ကြပေ။ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ? မိသားစုက ဇွန်ဘီဖြစ်ရင် သို့မဟုတ် ဇွန်ဘီကြောင့် သေနေရင်ရော?
ဘာပဲဖြစ်ဖြစ် သူမသည် အခုတော့ မိသားစုကို ပြန်တွေ့ခဲ့ပြီ။ သို့သော်လည်း ဒီမတိုင်ခင်တွင် သူမမှာ ဘယ်လောက်အထိ စိတ်ရှုပ်နေခဲ့ရမည်နည်း? ဇွန်ဘီသုံးယောက်သည် ဒါကိုတွေးမိကာ စိတ်မကောင်းဖြစ်သွားကြသည်။ ရှဲ့တုန်းသည် တပ်သားဟောင်းဖြစ်ခဲ့သောကြောင့် အမှုအယာကို ထိန်းနိုင်သော်လည်း ကျန်သည့်အမျိုးသမီးနှစ်ယောက်သည် မျက်နှာများ မည်းမှောင်ကုန်ကြသည်။ သူတို့သည် ဇွန်ဘီဖြစ်နေကြသော်လည်း လူသားများလို အကျင့်စရိုက်များ ဆက်ရှိနေကြဆဲပင်။
သူတို့၏စိတ်အတက်အကျကြောင့် လင်းချင်းသည် ရယ်ချင်လာကာ ရေးပြလိုက်သည်။

‘ဒီလိုမဖြစ်ကြပါနဲ့တော့။ ငါအခုမိသားစုနဲ့ ပြန်တွေ့ရပြီလေ’

ချူးလီလီနှင့် ကျွင်းကျွင်းသည် သူမကို ဒီလိုမေးခွန်းဖြင့် ကြည့်လာသည်။

‘သူတို့ကို မတွေ့ရင်ရော? ဆက်ရှာနေဦးမှာလား?’

လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် ဆက်ရှာနေမှာပင်။ မဟုတ်လျှင် သူမ၏ ဇွန်ဘီဘဝကြီးက ဘာအဓိပ္ပါယ်မှ ရှိတော့မှာ မဟုတ်ပေ။
ရှဲ့တုန်းသည် သူ့မေးကို လက်ဖြင့်ပွတ်ရင်းဖြင့် တွေးနေသည်။

‘မိသားစုကို တွေ့ပင်မယ့် အရင်ငါးနှစ်က ဘာဖြစ်လဲမသိသေးဘူး။ ဟိုလင်းချင်းကလည်း သေပြီ။ အဲ့ဒီတော့ ကိုယ့်ကိုကိုယ်ဖောက်ခွဲလိုက်တော့ သေသွားပြီး ဝိဉာဉ်က လုထန်ယုရဲ့ကိုယ်ထဲကို ဝင်သွားတာလား? မှတ်ဉာဏ်တစ်ချို့ကလည် ပျောက်သွားတယ်ပေါ့။ ဒါကဖြစ်နိုင်တယ်။ မဟုတ်ရင် ငရဲမီးခေါင်းဆောင်နဲ့သူနဲ့ မိသားစုချင်းက တူနေမှာမဟုတ်ဘူး’

‘လုထန်ယုလို့ မိတ်ဆက်လိုက်တာ မဆန်းတော့ပါဘူး။ သေပြီးတော့ တခြားဇွန်ဘီကိုယ်နဲ့ ပြန်ရှင်လာတာကိုမှ လွန်ခဲ့တဲ့ငါးနှစ်က မှတ်ဉာဏ်ကလည်း ပျောက်နေသေးတယ်။ မိသားစုကို လင်းချင်းဆိုတာကို သွားပြောလို့ကတော့ ဟိုဘက်က ထချလိမ့်မယ်! ပြီးတော့လည်း ဇွန်ဘီတစ်ကောင်က သူတို့ရဲ့သေသွားတာ သိပ်မကြာသေးတဲ့ ဆွေမျိုးဆိုပြီး လာပြောလို့ကတော့ သာမန်လူဘယ်သူကမှ ယုံမှာမဟုတ်ဘူး’

ချူးလီလီကတော့ ရှဲ့တုန်းလို အများကြီးကို လိုက်တွေးမနေဘဲ နှစ်ခွန်းသာ မေးသည်။
“အာ ယာ ယာ”
‘ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ? တောင်ပိုင်းကို ဘယ်တော့သွားမှာလဲ?’

Previous Chapter 179 of 410 Next