၁၀၃။ ဇွန်ဘီလား? လူလား?
လင်းချင်းသည် ပတ်ဝန်းကျင်တွင် ရှာသော်လည်း ချူးလီလီကို ရှာမတွေ့ပေ။ နောက်မှ သူမသည် လူသားများကို ကြောက်သည်ကို သတိရသွားသည်။ ထို့ကြောင့် သူမသည် တစ်နေရာရာတွင် ပုန်းနေလောက်သည်ကို တွေးမိသွားသည်။
‘ဒါဆိုရင် ဒီဇွန်ဘီအုပ်ကြီးကို ဘယ်သူခေါ်ထားတာလဲ?’ သူမတွေးနေမိသည်။ သူမက မလှုပ်သလို ကားထဲကလူများကလည်း ဘာမှမလုပ်ရဲကြပေ။ သူတို့အား စိတ်ဖြင့်တိုက်ခိုက်ဦးမှာကို ကြောက်ရွံ့နေကြတာ ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲသည် ခနရပ်တန့်သွားသည်။
ကားထဲကလူများသည် သတိအပြည့်ထားနေချိန်မှာ လင်းချင်းသည် ချူးလီလီကို ရှာနေသည်။ သို့သော်လည်း ချူးလီလီဘယ်ရောက်နေသလဲကို အာရုံမခံနိုင်သော်လည်း အခြားသန်မာကာ ယုတ်မာပြီး သွေးဆာနေသည့် ဇွန်ဘီကိုတော့ အာရုံခံမိသည်။ ဒီဇွန်ဘီသည် ကောင်းပုံမရပေ။
ဒီဇွန်ဘီအုပ်ကို ချူးလီလီက ခေါ်ထားသည်ဟု သူမထင်သော်လည်း အခုသူမကို ရှာမရသည့်အခါ သူမ၏အထင်မှာ မှားပြီဖြစ်ကြောင်း သိလိုက်သည်။ ချူးလီလီနှင့် တွေ့စတည်းက သူမဆီမှ မကောင်းသည့် အရှိန်အဝါကို မရပေ။ ချူးလီလီသည် သူမလိုပင် သွေးဆာကာ ရန်လိုခြင်းမရှိသည့် သန့်စင်သည်။ ထို့ကြောင့် အခုတော့ ချူးလီလီသည် လူသားများကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးဆိုသည်ကို ယုံသွားသည်။ ထို့အပြင် ချူးလီလီသည် အခုလည်း အစရှာမရအောင် ပျောက်နေသည်။
ယုတ်မာသည့် ဇွန်ဘီ၏ အရှိန်အဝါကြောင့် အခုဘာဖြစ်နေသလဲ ဆိုသည်ကို သူမမှန်းရသွားသည်။ ဒီလူများက ဘာကြောင့်လာသလဲ မသိသော်လည်း ယုတ်မာသည့် ဇွန်ဘီကတော့ သူတို့နောက်ကို လိုက်လာခြင်းပင်။ ဒီနေရာကို ရောက်သည့်အခါ လေစွမ်းအားဇွန်ဘီက မရှိကြောင်းသိသွားသဖြင့် ဒီလူများကို တားနေခြင်း ဖြစ်လိမ့်မည်။ လင်းချင်းသည် ဒီဇွန်ဘီ၏ လူသားများအပေါ် ပြင်းထန်သည့်ဆန္ဒကို အာရုံခံမိသည်။ အကုန်လုံးကိုသူစားချင်နေတာ ဖြစ်သည်။
လင်းချင်းသည် လုံချင်းယင်တို့အဖွဲ့ကို ပြန်ကြည့်လိုက်သည်။ သူမပြန်ကြည့်သည့်အခါ သူတို့သည် ထူးဆန်းသည်ကို သတိထားမိသွားသည်။ သူတို့ရှေ့က ဇွန်ဘီသည် သူတို့ကို တိုက်ခိုက်ချင်သလိုရော သတိထားနေတာရော မရှိပေ။ ထို့အပြင် ဒီဇွန်ဘီသည် သူတို့အား အရေးမလုပ်သလိုမျိုး သက်သောင့်သက်သာရပ်နေတာ ဖြစ်သည်။ ဇွန်ဘီ၏ မျက်လုံးထဲတွင် သူတို့က ရှိတောင်မရှိပေ။ တူယွမ်ရှင်းနှင့် သူ့အသင်းဖော်များသည် လင်းချင်းကို ခေါင်းအစခြေအဆုံးကြည့်ကာ တွေဝေလာသည်။
“ငါတို့ကို ပစ်မှတ်ထားနေတာ ဟုတ်လို့လား?” တူယွမ်ရှင်းက မေးသည်။
“အရမ်းသန့်နေတာပဲ ရေခနခနချိုးထားသလိုတောင် ဖြစ်မနေဘူးလား?” အခြားသူသည် သူ့မေးခွန်းကို မဖြေဘဲ လင်းချင်း၏အဝတ်များကို ကြည့်ကာ နောက်မေးခွန်းတစ်ခု ထပ်ထွက်လာသည်။
“ဟုတ်တယ် အတော်သန့်တယ်. . .အထူးသဖြင့် အဲ့ဒီမျက်လုံးနက်တွေက ဇွန်ဘီနဲ့တောင် မတူသလိုပဲ” သူ့စကားကို ကြားသည့်အခါ အခြားသူများသည် လင်းချင်း၏ အသွင်အပြင်ကိုသာ အာရုံစိုက်ကြတော့သည်။
“ဟင်? ဟုတ်တယ်ကွ”
“ပြီးတော့. . .ဘာဖြစ်လို့ ရိုင်ဖယ်ကိုလွယ်ထားတာလဲ? ဟင်? ခါးနဲ့ပေါင်မှာလည်း ပစ္စတိုတွေချိတ်ထားသေးတယ်။ ဇွန်ဘီတွေက ဘယ်တုန်းက သေနတ်ဘယ်လိုသုံးရမလဲ သိသွားကြတာလဲ?”
သူမ၏အဝတ်များနှင့် လက်နက်တို့ကို ဒီလူများက အရေးတယူဆွေးနွေးနေကြသည့်အခါ လင်းချင်းသည် မျက်လုံးကို လှန်မိသွားသည်။
လုံချင်းယင်လည်း ဒီလိုပဲ လုပ်ဖြစ်သွားသည်။ ထို့နောက် လင်းချင်းကို တအံ့တသြ ကြည့်မိသည်။ သူမ၏အရှေ့က ဇွန်ဘီသည် စိတ်လေစွာဖြင့် ခေါင်းကိုမော့ချလိုက်သည်ကို မြင်ရသောကြောင့် ဖြစ်သည်။ ထိုအမူအယာမှာ ‘ငါအရူးတွေနဲ့ လာတွေ့နေတာပဲ”ဟူသည့် ပုံစံမျိုးပင်။ သူမမြင်လိုက်သည်ကို မယုံနိုင် ဖြစ်သွားသည်။ အေးစက်သည့် လုံချင်းယင်တောင် သူမ၏ အမြဲတမ်းတောင့်ခဲနေသည့် အမှုအယာမှာ လင်းချင်းကြောင့် ပျက်သွားသည်။
“ဟင်. . .ငါတို့ကို အထင်သေးသလို လုပ်နေတာမလား?” တူယွမ်ရှင်းသည် လင်းချင်း၏မျက်နှာထားကို သတိထားမိသဖြင့် ထပြောသည်။
အခြားသူများသည်လည်း ဆွံ့အသွားသည်။
လင်းချင်းကတော့ မျက်စိထပ်လှန်ရပြန်သည်။
“တကယ်ကြီး အထင်သေးနေတာပဲ” ကားထဲကလူသည် ပြောသည်။ ကားထဲကလူများသည် သူတို့အား ဇွန်ဘီက အထင်သေးသဖြင့် တစ်ခုခုလွဲနေသလို ခံစားနေရပြီ။
‘ဝိညာဉ်မဲ့နေတဲ့ ဇွန်ဘီတစ်ကောင်က ဘာဖြစ်လို့ လူလိုအမှုမယာလုပ်နေတာလဲ?’ တုယွမ်ရှင်းသည် စိတ်ထဲတွင် မေးခွန်းများ ထွက်လာသည်။
လုံချင်းယင်သည် သူမ၏ဓားရှည်ကို မြှောက်ကာ ဒီဇွန်ဘီကို ကြည့်နေရသည်ကို စိတ်မရှည်တော့ပေ။ ထို့ကြောင့် တိုက်ခိုက်ဖို့ ခြေထောက်ကို ပြင်လိုက်သည်။
သူမလှုပ်ရှားမှ ကားထဲကလူများလည်း အသိဝင်ကြသည်။ သူတို့သည် ရန်သူ၏ အဝတ်များနှင့် လက်နက်တို့ကိုကြည့်ကာ အာရုံလွဲနေကြောင်း ပြန်သိသွားသည်။
ထိုအချိန်တွင် လင်းချင်းသည် နောက်သို့ဆုတ်ကာ သူမဘယ်လက်ကိုမြှောက် လက်ဝါးကိုချကာ ညာလက်ချောင်းကို ဘယ်လက်ဝါးပေါ်တင်ပြသည်။ ထိုဇွန်ဘီသည် သူတို့ကိုရပ်ဖို့ အချက်ပြနေတာ ဖြစ်သည်။ သူတို့အကုန်လုံးသည် ရပ်တန့်သွားကြကာ ကားထဲကလူများသည် လုံချင်းယင်ကို မေးခွန်းများဖြင့် ကြည့်လာကြသည်။
‘သူက. . .ဇွန်ဘီလား? လူလား?’ အသင်းဖော်များ၏ မျက်လုံးများတွင် ဒီမေးခွန်းများသာ ဖြစ်သည်။
အခြားသူများသည်လည်း လင်းချင်းကို တွေဝေစွာ ကြည့်ကြသည်။ ဘုရားကသာ ဒါကဇွန်ဘီလား ယောက်ျားလားဆိုသည်ကို သိနိုင်လိမ့်မည်။
“မင်း. . .လူလား? ဇွန်ဘီလား?” တူယွမ်ရှင်းတို့အဖွဲ့ထဲမှ သွက်လွန်းသည့်သူသည် လင်းချင်းကို မနေနိုင်တော့ဘဲ ထမေးလိုက်သည်။
လင်းချင်းသည် ဆွံ့အသွားရပြန်သည်။ သူမသည် လုံးဝကို ဇွန်ဘီနှင့် တူပါသည်။ သူမသည် မျက်လုံးများကိုဖုံးထားရန် နေကာမျက်မှန်ရှာသော်လည်း မတွေ့ခဲ့သဖြင့် ဒီတိုင်းထွက်လာခြင်း ဖြစ်သည်။
ဘာမှမတွေးဘဲ ထမေးလိုက်သူကြောင့် အကုန်တိတ်ဆိတ်သွားသည်။ အခြားသူများ၏ အကြည့်များကြောင့် သူသည် ခေါင်းမော့လိုက် ခေါင်းငုံလိုက်ဖြင့် တောင်ကြည့်မြောက်ကြည့် လုပ်နေတော့သည်။
‘မင်းက ဇွန်ဘီကိုတောင် စကားသွားပြောသေးတယ်။ ဟိုက မင်းစကားကို နားလည်မှာတဲ့လား? ပြန်ဖြေမယ် ထင်နေလား?’ သူ့အသင်းဖော်များသည် ဒီလိုမပြောရုံတမယ် သူ့ကိုစိုက်ကြည့်နေကြတာ ဖြစ်သည်။
သူတို့က သူကို့ကို အရူးကောင်ဟု ထင်နေကြမည် ဆိုသည်ကို သူသိသော်လည်း မကြာခင်တွင် သူ့အသင်းဖော်များသည် သူတို့သာ လွဲနေကြောင်းကို သိသွားကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့က ဇွန်ဘီသည် စာအုပ်ကိုထုတ်ကာ ဘောပင်ဖြင့် စာရေးနေသောကြောင့် ဖြစ်သည်။ တူယွမ်ရှင်းနှင့် အသင်းဖော်များသည် သူတို့မြင်ရသည်ကို မယုံနိုင်စွာ မျက်လုံးပြူးကြည့်နေကြသည်။
ဇွန်ဘီသည် စာရေးပြီးသည့်အခါ စာရွက်ကိုဖြဲ၍ လိပ်ကာသူတို့အားပစ်ပေးသည်။ ကားထဲကလူများသည် သူတို့က ရူးသလား ဇွန်ဘီကပဲ ပိုရူးနေသလား မသိကြတော့ပေ။ ဘယ်တုန်းက ဇွန်ဘီတွေက စာတက်သွားတာလဲ? ဒီဇွန်ဘီက ဘာလဲ?
ထိုစာရွက်လိပ်သည် လုံချင်းယင်ဆီသို့ ပျံလာသည်။ လင်းချင်းသည် ကားနှင့်အရမ်းဝေးသဖြင့် ကားဆီသို့ ပစ်မပေးနိုင်သဖြင့် လုံချင်းယင်ကို ပေးခြင်းဖြစ်သည်။ လုံချင်းယင်သည် နားမလည်စွာဖြင့် ဖမ်းလိုက်သည်။ ထို့နောက် စာရွက်ကိုဖြေလိုက်သည့်အခါ ကားထဲကလူများသည် သူမကို ကြည့်လာသည်။ ဘာတွေရေးထားသလဲ ဆိုသည်ကို သူတို့လည်းသိချင်နေကြသဖြင့် ထွက်လာကြည့်ကြသည်။
လုံချင်းယင်သည် စာရွက်ထဲတွင် တပ်သားများ၏ လက်ရေးလို သေသပ်ပြတ်သားစွာ ရေးသားထားသည့် စာများကို ဖတ်လိုက်သည်။ ‘ငါကဇွန်ဘီပါ။ ဒါပင်မယ့် လူမသတ်ဘူး။ နင်တို့ပစ်မှတ်က နင်တို့အနောက်မှာ’
စာကိုဖတ်ပြီးသည့်အခါ လုံချင်းယင်နှင့် အခြားသူများသည် အနောက်ကို လှည့်ကြည့်လိုက်ရာ အလွန်တရာရုပ်ဆိုးသည့် ဇွန်ဘီတစ်ကောင်သည် သစ်ပင်ပေါ်မှာထိုင်နေကာ သူတို့အားရန်လိုနေသည့် မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဘယ်တည်းက ပေါ်လာသလဲ ဆိုသည်ကို မသိလိုက်ပေ။