၁၆၈။ နားထဲစူးစေသည့်မိစ္ဆာသံ
ချူးလီလီသည် လင်းချင်းအား သူမရွေးထားသည့် အခန်းထဲသို့ ခေါ်လာသည်။ ထိုအခန်းသည် နှစ်ယောက်ခန်းဖြစ်၍ အရမ်းမကြီးသလို အရမ်းလည်း မသေးပေ။ ကုတင်ပေါ်တွင် တုံတုံက ကျွင်းကျွင်းနှင့် ဆော့နေသည်ကို လင်းချင်းက မြင်လိုက်ရသည်။
အခန်းသည် အခုဆို အတော်လည်း သပ်ရပ်ကာ သန့်ရှင်းနေပြီ။ အခန်းထဲက စောင်နှင့်အခင်းတိုင်းကိုလည်း ပြတင်းပေါက်တွင် နေပူလှန်းထားသည်။ ဒါတွေအကုန်လုံးကို ချူးလီလီက ရောက်သည်နှင့် လုပ်လိုက်တာပဲ ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ချူးလီလီသည် သန့်ရှင်းသည်ကိုနှစ်သက်ကာ လုံလရှိသည့်ဇွန်ဘီကောင်းလေးဖြစ်သည်။
လင်းချင်းသည် အခန်းထဲသို့ ဝင်လာသည့်အခါ ကျွင်းကျွင်းနှင့် တုံတုံက သူမကိုလှည့်ကြည့်သည်။ သူမသည် ဦးထုပ်ကိုချွတ်လိုက်သည်။ ရေကန်က ကုသမှုကြောင့် သူမသည် အခုဆိုလျှင် အပူချိန်ကို ခံစားနိုင်နေပြီဖြစ်သည်။ နေ့လည်မရောက်သေးသော်လည်း ပုဝါနှင့်ဦးထုပ်ကို ဆောင်းထားရသည်မှာ သူမအတွက် တကယ့်ကိုပူသည်။ ထို့ကြောင့် ချူးလီလီနှင့် ကျွင်းကျွင်းတို့ကလည်း သူမ၏ကတုံးပြောင်ကို မြင်ဖူးနေသည်ဖြစ်၍ ဦးထုပ်နှင့်ပုဝါကို ချွတ်လိုက်သည်။
သို့သော်လည်း သူမ၏ကတုံးကို မြင်လိုက်ရသည့်အခါ အကုန်လုံးသည် ဒါကိုပဲကြည့်နေကြသည်။ ကျွင်းကျွင်းက ရယ်ချင်သော်လည်း မရယ်သင့်မှန်းသိ၍ ထိန်းနေရသည်။ ချူးလီလီနှင့် တုံတုံတို့ကလည်း စပ်စုစွာ ကြည့်နေကြသည်။ လင်းချင်းက စိတ်ထဲတွင် ရွတ်နေရသည်။ ‘ငါအသားကျအောင် နေရမယ်’
ချူးလီလီသည် လင်းချင်း၏ခေါင်းကို အနားကိုတိုးကာ လာကြည့်သည်။ ထို့နောက်ကိုင်ဖို့ လက်ကိုလှမ်းလိုက်သည်။ လင်းချင်းသည် ချက်ချင်းတုန့်ပြန်သည်။ ထိုအခါ ချူးလီလီသည် ခေါင်းကိုကိုင်မရတော့သဖြင့် နှုတ်ခမ်းကိုဆူထော်ထားကာ ပလုံးပထွေးပြောသည်။ “အာ ယာ ယာ ယာ ယာ ယာ” ‘ကိုင်ကြည့်ချင်တာကို’
လင်းချင်းသည် တိတ်တိတ်ပဲနေစဉ် ချူးလီလီ၏လက်သည် ထပ်လှမ်းလာကာ ကိုင်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာ ပြောသည်။ “အာ ယား” ‘အရမ်းချောမွေ့နေတာပဲ’
လင်းချင်းသည် ဆွံ့အလို့သာ နေချေသည်။
“မေမေ သားလည်း ကိုင်ချင်တယ်” ထိုအချိန်တွင် တုံတုံသည် ကျွင်းကျွင်း၏ အကျီစကိုဆွဲကာ နောက်လက်တစ်ဖက်က လင်းချင်း၏ခေါင်းကို လက်ညိုးထိုး၍ ပြောသည်။
“ဟား!” ကျွင်းကျွင်းသည် မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်မိသည်။
‘ဒီကလေးနှစ်ကောင်က တကယ့်ကိုဆိုးတာပဲ’ လင်းချင်းသည် ဒီလိုတွေးမိသော်လည်း ဘာမှပြန်မပြောတော့ဘဲ ဦးထုပ်ကို ပြန်ဆောင်းလိုက်သည်။
ထိုအခါ တုံတုံသည် မကြိုက်တော့ပေ။ ကျွင်းကျွင်းအား တိုးတိုးလေးချွဲ၍ ကပ်ပြောသည်။ “မေမေ သားခေါင်းကို ကိုင်ကြည့်ချင်တယ်!”
ကျွင်းကျွင်းသည် သူ့သားကို ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်သည်။ သူမသည် လင်းချင်း၏ခေါင်းကိုထိလျှင် စိတ်ဆိုး၍ ကိုက်စားလိမ့်မည်ဟု အရမ်းပြောပြချင်သော်လည်း သူမသည် စကားမပြောနိုင်သည်ဖြစ်လေရာ တုံတုံအား ခေါင်းသာခါပြနိုင်လေသည်။ ထိုအခါ ဆိုးဆိုးဝါးဝါး ဖြစ်လာသည်။
“ဝါး! ကိုင်ချင်တယ်! ဝါး!” အခန်းထဲကနေ ကျယ်လောင်သည့် ကလေးငိုသံက ထွက်ပေါ်လာသည်။ လင်းချင်းသည် ဒီလိုကြောက်ဖို့ကောင်းသည့် ငိုသံအကျယ်ကြီးကြောင့် လန့်သွားသည်။ ချူးလီလီကတော့ နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ကာ ဂျောင်ထဲကို ပြေးသွားထိုင်နေသည်။
ကောင်လေး၏ငိုသံသည် မြေငလျင်လှုပ်နေသလိုပင်။ “ဝါး! အား! ကိုင်ချင်တယ်! ကိုင်ချင်တယ်လို့! ဝါး!”
လင်းချင်းသည် ဒီလိုနတ်ဆိုးအော်နေသလို အသံမျိုးကြောင့် သူမ၏ နားစည်များတောင် ကွဲထွက်တော့မတက် ခံစားလိုက်ရသည်။ ၂စက္ကန့်လောက် ကြာသည့်အခါ သည်းမခံနိုင်တော့သည် ချူးလီလီသည် ပြတင်းပေါက်ကနေ ခုန်ချသွားကာ ထွက်ပြေးလို့သွားတော့သည်။
“ဝါး! ကိုင်ချင်တယ်! မေမေ! ကိုင်ချင်တယ်! ဝါး!” တုံတုံသည် ချူးလီလီက ထွက်ပြေးသွားသည်ကို ဂရုမစိုက်နိုင်ဘဲ လင်းချင်း၏ ကြက်ဉလို ကတုံးပြောင်ကို အရမ်းကိုင်ကြည့်ချင်နေသဖြင့် ငိုနေသည်ကို မရပ်တော့ပေ။
ချူးလီလီနှင့် လင်းချင်းတို့သည် အသံများကို အရမ်းကြားလွယ်သူများဖြစ်လေရာ သူ့၏ငိုသံသည် နှိပ်ဆက်နေသလိုပင်။ ချူးလီလီက ပြတင်းပေါက်နေ ခုန်ချသွားသည်မှာ မထူဆန်းပေ။ ထို့ကြောင့် ခေါင်းပေါက်မတက် နတ်ဆိုးငိုသံကြောင့် လင်းချင်းသည် ဒေါသတကြီးဖြင့် ဦးထုပ်ကိုချွတ်ကာ ဆိုဖာပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက်တုံတုံဆီသို့သွားကာ မျက်လုံးမှိတ်ပြီး ခေါင်းငုံပေးလိုက်သည်။ ‘ကိုင်! ဒီတိုင်းကိုင်ချလိုက်! ကျေးဇူးပြုပြီး! ထပ်မငိုပါနဲ့တော့!’
အခန်းများသည် အသံလုံသည်ဖြစ်သော်လည်း တစ်ဖက်တွင်တော့ စွမ်းအားရှင်လူသားအချို့သည်လည်း တုံတုံ၏ ငိုသံကို ကြားလိုက်သည်။ အခန်းထဲက လုကျွင်းကျားထွက်သွားပြီး သိပ်မကြာခင်တွင်ပဲ ကလေးငိုသံကို ကြားလိုက်ရတာ ဖြစ်သည်။
“ဟင်? ငါကလေးငိုသံကို ကြားလိုက်ရတာလား?” လင်းဖန်က အခြားသူများကိုကြည့်ကာ ပြောသည်။
ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ပြကာ “ကြားတယ်! ဒါပင်မယ့် ဒီနေရာမှာ ကလေးဆိုလို့ ရှောင်လုပဲ ရှိတာမဟုတ်ဘူးလား?”
လင်းဝမ်ဝမ်သည် ဘေးကိုကြည့်ကာ နားမလည်စွာဖြင့် “ဟုတ်တယ်! ဘယ်ကလေးက ငိုနေတာလဲ?”
ထိုအဖွဲ့သည် အချင်းချင်းကြည့်နေကြသည်။ လုံချင်းယင်ကတော့ ကလေးဘယ်သူလဲကို သိသော်လည်း ဘာမှမပြောဘဲ အခြားသူများ အံ့သြနေသည်ကို ကြည့်နေလိုက်သည်။ သူမတွေးနေတာက ဘာဖြစ်လို့ ကလေးက အကျယ်ကြီး ထအော်ငိုနေသလဲ ဆိုတာပင်။
ချူးလီလီတို့ အခန်းနားသို့ ရောက်လာသည့် လုကျွင်းကျားသည်လည်း အသံကိုကြားလိုက်သဖြင့် ဇွန်ဘီအခန်းထဲက ငိုသံထွက်သလားဟူ၍ နားမလည်ဖြစ်ကာ ရပ်သွားသည်။ သူကသေချာမကြားသဖြင့် သိပ်တော့လည်း မသေချာပေ။
အခန်းထဲတွင် လင်းချင်းက သူမ၏ခေါင်းကို တုံတုံအနားသို့ပြလိုက်သည့်အခါ ချက်ချင်းအငိုတိတ်သွားသည်။ ကလေးသည် ရှိုက်နေရင်းဖြင့် လင်းချင်း၏ခေါင်းကို ကြည့်နေသည်။ ထို့နောက် လက်ကိုထုတ်ကာ လင်းချင်း၏ခေါင်းကို ထိကြည့်သည်။ ပြီးတော့ လက်ကိုပြန်မရုတ်တော့ဘဲ ခေါင်းကိုပွတ်လို့သာနေတော့သည်။
လင်းချင်းကတော့ စိတ်ထဲကနေ အော်နေပြီ။ ‘ငါဒီကောင်လေးကို မကြိုက်ဘူး! ဝူယွဲ့လင်းလေးကမှ သူ့ထက်အများကြီးချစ်ဖို့ကောင်းတယ်! ငါကလေးမလေးကို အရမ်းလွမ်းတာပဲ!’
ကျွင်းကျွင်းသည်လည်း တုံတုံက လင်းချင်း၏ခေါင်းကို ပွတ်နေသည်ကို ပြုံး၍ကြည့်နေသည်။ ကလေးက စိတ်ကျေနပ်လောက်ချိန်တွင် အခန်းတံခါးဝသို့ လူတစ်ယောက် ရောက်လာသည်ကို အာရုံခံမိမှ ချက်ချင်းသူမ၏သားကို ဖယ်လိုက်သည်။
လင်းချင်းသည်လည်း အာရုံခံမိသဖြင့် တံခါးမခေါက်ခင်တွင် ချက်ချင်းသွား တံခါးဖွင့်ပေးလိုက်သည်။
တံခါးခေါက်တော့မည့် လုကျွင်းကျားသည် တံခါးပွင့်လာသည့်အခါ အံ့သြသွားသည်။ ထို့နောက် တံခါးနောက်တွင် နေကာမျက်မှန်ဖြင့် ကတုံးဇွန်ဘီတစ်ကောင်က သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။
‘ဒီကတုံးကောင်ကရော ဘယ်ကနေ ရောက်လာတာလဲ?’ သူတွေးနေမိသည်။
လုကျွင်းကျား၏ စိတ်ရှုပ်သွားမှုကို မြင်သည့်အခါ လင်းချင်းသည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီးနောက် ကတုံးကိုပွတ်လိုက်ရင်း အနေရခက်စွာဖြင့်
“ဘာကူညီပေးရမလဲ?”
ကလေးသည် ခုနက ငိုလွန်း၍ သူမသည် တံခါးဖွင့်သည့်အခါ ဦးထုပ်ဆောင်းဖို့ မေ့သွားတာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကတုံးပြောင်ကို မြင်ရသည်က အမာရွတ်များဖြင့် ပြည့်နေသည့် မျက်နှာထက်တော့ ပိုကောင်းသေးသည်။
လင်းချင်း၏အသံကြားမှ လုကျွင်းကျားသည် မှတ်မိသွားသည်။ သူသည်စိုက်ကြည့်ကာ “ဟင် ဆံပင်တွေက!!!” ဆံပင်တွေ ဘယ်ရောက်သွားလဲဟု သူမေးချင်သော်လည်း အမျိုးသမီးဖြစ်သောကြောင့် မမေးသင့်ကြောင်း သိလိုက်သည်။ လင်းချင်း၏ မျက်နှာလှလှလေးမှ မျက်ဝန်းနက်များနှင့် ကတုံးပြောင်ကို ကြည့်လိုက်သည်။ ယောက်ျားအတွက်ဆိုရင် ဒီပုံက လက်ခံနိုင်စရာဖြစ်သော်လည်း မိန်းမဖြစ်နေသည့်အခါ. . .
သူသည်စိတ်ငြိမ်အောင်ထားပြီး ချောင်းဟန့်လိုက်ကာ “ငါတို့ဒုခေါင်းဆောင်က နောက်အစီအစဉ်အကြောင်းပြောဖို့ သူတို့အခန်းကို ဖိတ်လိုက်တယ်။ အဆင်ပြေမလား?”
လင်းချင်းသည် တွေးတောင်မနေဘဲ ခေါင်းငြိမ့်ပြလိုက်သည်။