၁၀၅။ လူကယ်ဖို့ ရည်ရွယ်ချက်
လင်းချင်းသည် ချူးလီလီညွှန်ပြရာကို သွားလိုက်သည်။
နှစ်လမ်းလောက်သွားပြီးသည့်အခါ ဟိုတယ်ကြီးဖြစ်ပုံရသည့် အဆောက်ဦးတစ်ခုကို တွေ့ရသည်။ ပြတင်းပေါက်မှန်များကွဲနေကာ တံခါးများမရှိတော့သော်လည်း ကောင်းသည်က အဆောက်အဦးသည် မပျက်စီးသေးပေ။
ဟိုတယ်၏အပေါက်ဝမှ သူမဝင်လာလိုက်သည်။ ကမ္ဘာပျက်ခေတ်ဖြစ်သောကြောင့် ဧည့်ကြိုနေရာသည် ညစ်ပတ်ရှုပ်ပွနေသည်။ ဆိုဖာများသည် အချို့အကောင်များကြောင့် ပြဲနေကာ စပရိန်ပေါ်နေတာများတောင် ရှိသည်။ အများစုကတော့ ခြောက်ကပ်နေသည့် သွေးများဖြင့် ညစ်ပတ်နေကြသည်။
လင်းချင်းသည် တစ်ချက်လောက်ကြည့်ပြီးနောက် အပေါ်သို့ တက်လာသည်။ ဒီနေရာက ဇွန်ဘီများကို လေစွမ်းအားဇွန်ဘီက မောင်းထုတ်ထားသောကြောင့်လား ခေါင်းကြီးဇွန်ဘီက ခေါ်၍လားတော့မသိ အခုဒီနေရာတွင် ဇွန်ဘီတစ်ကောင်မှ လင်းချင်းမမြင်ရပေ။
ဒီနေရာတွင် သက်ရှိမရှိသဖြင့် တိတ်ဆိတ်နေသည်။ အရာအားလုံးသည် ဖုန်များဖြင့်ဖြစ်သည်။ လင်းချင်းမလာခင် အရင်တည်းက ဘယ်သူမှ ဒီနေရာသို့ ရောက်ခဲ့ပုံမရပေ။ လင်းချင်းသည် လှေကားပေါ်တက်လာစဉ် လှေကားကို ကြည့်သည့်အခါ ခြောက်ကပ်နေသည့် သွေးများစွန်းနေသည်ကို တွေ့ရသည်။ ကမ္ဘာပျက်တုန်းက ဒီနေရာသည် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းပြီး ဆိုးဝါးခဲ့မလဲ ဆိုသည်ကို ခြောက်ကပ်နေသည့်သွေးများက ရှင်းပြနေသည်။
လင်းချင်းသည် ဒုတိယထပ်သို့ရောက်သည့်အခါ ကြမ်းပြင်မှာ ညစ်ပတ်နေသည်။ တတိယထပ်လည်း မထူးပေ။ လင်းချင်းသည် အခန်းများစွာကို ကြည့်ပြီးနောက် နောက်ဆုံးတွင် အခန်းကြီးတစ်ခုကို တွေ့လိုက်သည်။
ဒီအခန်းတွင် ကုတင်ကြီးနှစ်လုံး၊ ဆိုဖာများနှင့် ဧည့်ခန်းတို့ပါသည်။ ဒီအခန်းသည် ရှုပ်မနေသော်လည်း ဖုန်တော့ထူသည်။ လင်းချင်းက ဝင်လိုက်သည်။ ထို့နောက် ပြတင်းပေါက်များကို ဖွင့်လိုက်ပြီးနောက် ရေချိုးခန်းကို ဝင်ကြည့်သည်။ ထို့နောက် အိပ်ခန်းသို့ ပြန်လာသည်။ နောက်ဆုံးမှ နယ်မြေထဲကနေ တူယွမ်ရှင်းတို့ အဖွဲ့သားတိုင်းကို တစ်ယောက်စီ ထုတ်လိုက်သည်။
ချူးလီလီသည် ဖုန်ထူနေသည့် အခန်းကိုကြည့်ကာ အထဲသို့ ဝင်မလာချင်သဖြင့် အပြင်မှာသာ ရပ်နေသည်။ လင်းချင်းသည် ဖုန်ထူနေသည့် အိပ်ရာများပေါ်သို့ လူများကိုပစ်တင်လိုက်သည်။ ထို့နောက် သူတို့၏အခြေအနေကို တစ်ယောက်စီ စစ်ကြည့်လိုက်သည်။
ပထမဆုံး ပါးစပ်ကအမြုပ်ထွက်နေသည့်သူကို ကြည့်သည်။ သူမသည် မျက်ခွံများကို ဖွင့်ကာ မျက်လုံးများကို ကြည့်လိုက်သည်။ ထို့နောက် လက်မှ သွေးခုန်နှုန်းကို စမ်းကြည့်သည့်အခါ နှလုံးခုန်ဆဲပင်။ အခြားသူများကို ကြည့်တော့လည်း ဒီအတိုင်းဖြစ်သည်။ သို့သော်လည်း သဘာဝလွန်စွမ်းအား ပိုသန်မာသူများက ပိုအခြေအနေကောင်းပုံရသည်။ သာမန်လူနှစ်ယောက်တော့ ကိုမာဝင်နေသည်။ သူတို့ကိုနှိုးဖို့ အထူးကုသမှု လိုလိမ့်မည်။
လင်းချင်းသည် နယ်မြေထဲက ကန်ရေက အသုံးဝင်မည်ဟု ခံစားရသော်လည်း မသေချာပေ။ အရင်တုန်းက ကန်ရေဖြင့် အဆာပြတ်ကာသေမလိုဖြစ်နေသည့် ကလေးကို ကယ်ဖူးသော်လည်း ဒီလူများက အခြေအနေ မတူကြပေ။ သူမက ဆရာဝန်မဟုတ်သဖြင့် လူတွေကို ဘယ်လိုကုရမလဲ မသိပေ။ ဆေးလည်းမရှိသည့်အခါ ကန်ရေသာတိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီလူများက ရှင်မရှင်ကိုတော့ သူတို့ကံကြမ္မာသာ ဖြစ်သည်။ ကန်ရေဖြင့် ကုသပေးဖို့လုပ်သည်က သူမလုပ်ပေးနိုင်သလောက်ပင်။ အနီးဆုံးစခန်းများကို ပြန်ပို့ဖို့ဆိုရင်လည်း ၁၀နာရီလောက် မောင်းရမှာ ဖြစ်သောကြောင့်ပင်။ အသန်မာဆုံးသူများကို ကန်ရေဖြင့် နှိုးကြည့်ရမည်။ နိုးလာလျှင် ဒီအခြေအနေကို သူတို့ဘာသာ ကိုင်တွယ်ပါစေ။
ဒီအတွေးဖြင့် နယ်မြေထဲသို့ဝင်သွားကာ ရေခွက်ကြီးတစ်ခွက်ဖြင့် ပြန်ထွက်လာသည်။ သူမသည် တစ်ယောက်ချင်းစီကို ရေတိုက်လိုက်ကာ စောင့်ကြည့်နေသည်။
ကန်ရေတွင် စွမ်းအားများပါကြောင်း သူမမြင်နိုင်သည်။ ဒီစွမ်းအားများသည် ခေါင်းတွင်စုသွားသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ ခေါင်းကြီးဇွန်ဘီ၏အသံကြောင့် ခေါင်းထိသွားကြတာ ဖြစ်လိမ့်မည်။
သူမကယ်နေခြင်းမှာ စိတ်ထားကောင်းသည်ထက် တခြားအကြောင်းရှိသေးသည်။ ဒီလူများကို လင်းဖန်၊ လင်းဝမ်ဝမ်၊ လင်းဟောင်၊ ဟွမ်မေ့နှင့် ချန်းဝမ်ယွဲ့တို့အကြောင်း မေးဖို့ကယ်တာ ဖြစ်သည်။ ဒီလူများသည် ဟေးဒီးစခန်းကဖြစ်ကြောင်းသိသည်။ အခုတော့ ဒီလူများနိုးလာဖို့သာ သူမစောင့်ရတော့မည်။
တံခါးမှကြည့်နေသည့် ချူးလီလီသည် လင်းချင်းက ကန်ရေတိုက်နေသည်ကို မြင်သည့်အခါ သူမ၏လက်ကို လာဆွဲသည်။ လင်းချင်းက သူမအား ဘာပြောချင်သလဲ နားမလည်စွာ ကြည့်လိုက်သည်။
ချူးလီလီက စာရေးချင်သည့်ပုံရေးပြသည့်အခါ လင်းချင်းသည် စာအုပ်နှင့် ဘောပင်ပေးလိုက်သည်။
ချူးလီလီရေးပြသည်မှာ
‘သူတို့ကို ကယ်တောင် ကျေးဇူးသိတက်မယ့်ဟာတွေ မဟုတ်ဘူး။ မကြီးနဲ့ ညီမလေးကို သတ်လိမ့်မယ်’
လင်းချင်းသည် စာဖတ်ပြီးသည့်အခါ ချူလီလီသည် အရင်က လူကယ်ဖူးလောက်သော်လည်း သူမကိုပြန်သတ်ဖို့ ကြိုးစားခြင်းနှင့် ကြုံခဲ့ရသည်ကို ခန့်မှန်းမိသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရင်းနှီးနေပြီဖြစ်သောကြောင့် အခုအချိန်တွင် ချူးလီလီဆီမှ စွန့်ပစ်ကာ ထိခိုက်ခံရသဖြင့် ဝမ်းနည်းနေမှုကို သူမခံစားရသောကြောင့် ဖြစ်သည်။
လင်းချင်းသည် သက်ပြင်းချကာ ရေးပြလိုက်သည်။ ‘ရပါတယ်။ လက်ခံဖို့မမျှော်လင့်ပါဘူး။ ဒီတိုင်းလူတချို့အကြောင်း မေးချင်လို့ပါ။ အလကားကူညီတာ မဟုတ်ဘူး။ သူတို့က ငါ့ကြင်နာမှုကို ရန်လိုမှုနဲ့ တုံ့ပြန်ရင် ငါတို့ထွက်သွားမယ်။ တိုက်မယ်ဆိုလည်း ငါတို့က ရှုံးမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် စိတ်ပူမနေနဲ့ ဟုတ်ပြီလား?’
ချူးလီလီသည် စာဖတ်ပြီးသည့်အခါ ငြိမ်သွားသည်။ သူမသည် ပြတင်းပေါက်ဆီသို့သွားကာ ကမ္ဘာပျက်ခေတ်၏ အပျက်အစီးများပုံနေသည့် မြင်ကွင်းကို ကြည့်နေသည်။
လင်းချင်းသည် သူမအား စကားပြောမနေတော့ဘဲ ကုတင်နားသို့ ပြန်လာကာ သူတို့၏အိတ်ကပ်များကို စစ်ကြည့်သည်။ သူမသည် နေကာမျက်မှန်လိုသည်ဖြစ်ရာ သူတို့တွင်ရှိမလား သိချင်တာ ဖြစ်သည်။ ရှိလို့ကတော့ ကယ်ပေးရသည့် အဖိုးအခအဖြစ် ယူထားလိုက်မည်။ သူမယူသည်က တန်ဖိုးကြီးတာလည်း မဟုတ်ပေ။ ထို့ကြောင့် စိတ်မသန့်မဖြစ်ဘဲရှာနေရာ အံ့သြစွာဖြင့် တူယွမ်ရှင်း၏ခါးတွင် နေကာမျက်မှန် တွေ့လိုက်ရသည်။
‘နေကာမျက်မှန်ရှိသားပဲ’ လင်းချင်းသည် တူယွမ်ရှင်း၏ နေကာမျက်မှန်ကို အံ့သြစွာဖြင့် တပ်ထားလိုက်သည်။ နေကာမျက်မှန်က အရောင်အရမ်းနက်သည်။ သို့သော်လည်း အဖြူအမဲသာမြင်ရသည့် လင်းချင်းအတွက်တော့ အတော်အဆင်ပြေသည်။
မျက်မှန်တွေ့သည့်အခါ သူမသည် နံရံကိုမှီကာ ဒီလူများကို ကြည့်နေသည်။ မိနစ်အချို့. . .နာရီဝက်. . .တစ်နာရီ. . .နှစ်နာရီကျော်သွားမှ လုံချင်းယင်သည် မျက်ခွံများလှုပ်လာသည်။ ‘နိုးပြီပဲ’
လုံချင်းယင်သည် ခေါင်းကိုဖိထားရင်း ထလာသည်။ ပတ်ဝန်းကျင်ကို သတိထားမိသည့်အခါ သူမသည် သတိအပြည့်ဖြစ်သွားသည်။ ထို့နောက် နှစ်မီတာအကွာတင်ရပ်နေသည့် လင်းချင်းနှင့် ဂါဝန်အဖြူဝတ်ထားသည့် ဇွန်ဘီမလေးတို့ကို သူမမြင်လိုက်ရသည်။ ဒီဇွန်ဘီများကို မြင်သည့်အခါ သူမသည် အလိုအလျောက်ဓားကို ဆွဲထုတ်ရန်ပြင်သည်။ သို့သော်လည်း ခါးတွင်ဘာမှမရှိပေ။ နောက်မှ သူမသည် မေ့နေတာ ကြာလောက်ပြီဖြစ်ရာ ဒီဇွန်ဘီများက ထိခိုက်အောင်လုပ်ချင်လျှင် လုပ်ပြီးနေသည်ကို သတိရသွားသည်။
ခန္ဓာကိုယ်ကို အမြန်စစ်ကြည့်သည့်အခါ ဘာမှမဖြစ်ပေ။ ထို့ကြောင့် အခြားသူများလည်း အဆင်ပြေတာ သေချာမှ သူမသည် လင်းချင်းကို ကြည့်လိုက်လေသည်။