၁၅၈။ အအေးခန်းတွေ့ခြင်း
နေစွမ်းအင်သုံးစက်ပစ္စည်းများသည် ကမ္ဘာပျက်ခေတ်တွင် အရမ်းအရေးပါသည်။ ကမ္ဘာပျက်သွားသည့်နောက် လျှပ်စစ်မရှိတော့ကာ ရေလည်းမလာတော့ပေ။ သို့သော်လည်း နေစွမ်းအင်သုံးပစ္စည်းများက လူသားများကို လျှပ်စစ်သုံးနိုင်စေသည်။ ထို့ကြောင့် နေစွမ်းအင်သုံးပစ္စည်းများသည် စခန်းတိုင်းတွင် အရမ်းကို တန်ဖိုးကြီးတာဖြစ်သည်။
ဇွန်ဘီအမဲလိုက်အဖွဲ့သာ နေစွမ်းအင်သုံးပစ္စည်းတစ်ခုခုဖြင့် စခန်းသို့ ပြန်လာနိုင်ပါက သူတို့အဖွဲ့သည် အလွန့်ကို ကောင်းမွန်စွာ ဆက်ဆံခံရမည် ဖြစ်သည်။ သေချာပေါက်ကို ထိုပစ္စည်းကို သူတို့သိမ်းထားကာ အသုံးပြုနိုင်မှာ ဖြစ်သည်။
ရှင်းလော့က နေစွမ်းအားသုံးပစ္စည်းကို တွေ့သည်ပြောသည့်အခါ အခန်းထဲကလူတိုင်း၏ မျက်လုံးများသည် တောက်ပကုန်ကြသည်။
“အလုပ်လုပ်သေးလား?” လင်းဖန်သည် ခုံကနေအရင်ထကာ အံ့သြစွာဖြင့် မေးသည်။
“အလုပ်လုပ်သေးတယ်” ရှင်းလော့က ဖြေသည်။
“အအေးခန်း ဒါမှမဟုတ် ရေခဲခန်းရော တွေ့သေးလား?” လင်းဖန်းက မေးသည်။
“မတွေ့သေးဘူး. . .” ရှင်းလော့သည် ခေါင်းခါကာ ပြောသည်။ သူ့စကားကို ကြားသည့်အခါ အခြားသူများသည် အနည်းငယ်စိတ်ပျက်ကုန်ကြသည်။
သူတို့သည် အစာကုန်တော့မှာ ဖြစ်သည်။ လင်းဝမ်ဝမ်၏ နယ်မြေထဲတွင် သိုလှောင်ထားတာများရှိသော်လည်း ထိုအရာများက လဝက်တောင်ခံမှာ မဟုတ်တော့ပေ။ အရင်လများက ယန်ကျင်းဟွာကို ရှောင်ကာ ပင်လယ်မြို့တော်စခန်းကို သွားနေရသဖြင့် အချိန်ပိုကုန်ကာ အစာလည်း ပိုကုန်ခဲ့သည်။ ထို့ကြောင့် အစာအချို့ရရန် ပင်လယ်မြို့တော်စခန်းကို အမြန်သွားရန် လိုအပ်နေသည်။
သူတို့သည် ဇွန်ဘီပိုးက ၉၀ရာခိုင်နှုန်းလောက် ကူးထားသော အပင်များကို မစားရဲပေ။ ထို့ကြောင့် သူတို့သည် အရင်ခေတ်က ကျန်ခဲ့သည် အခြောက်ခံအစားအသောက်များနှင့် ခဲထားသည့်အစားအသောက်များသာ အဓိကရှာဖွေရသည်။
“လင်းဟောင်နဲ့ တူယွမ်ရှင်းကို သေချာရှာဖို့ပြောလိုက်။ ဒါကဟိုတယ်ကြီး။ အခဲခန်းမရှိဘဲနဲ့တော့ နေစွမ်းအင်သုံးစက်ကို အလကားတပ်ထားမှာ မဟုတ်ဘူး” လင်းဖန်က ပြောသည်။
“ဟုတ်ကဲ့” ရှင်းလော့က အမြန်ဖြေသည်။
“သွားတော့” လင်းဖန်သည် မျှော်လင့်ချက်ဖြင့် ပြောသည်။ ထိုအခါ ရှင်းလော့သည် တံခါးကို ပြန်ပိတ်ပေးခဲ့ကာ အခန်းထဲမှ ထွက်သွားသည်။
ဒီဟိုတယ်၏ အစာခြောက်များကို အအေးခံထားသည့် အခဲခန်းကို ရှာတွေ့ဖို့အတွက် လင်းဟောင်တို့သည် အချိန်အတော်ယူခဲ့ရသည်။ သို့သော်လည်း ပြဿနာသည် သူတို့က မဖွင့်နိုင်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ထိုအအေးခန်းကို အပိတ်အဖွင့်လုပ်သည့် လျှပ်စစ်ပစ္စည်းများသည် ပျက်စီးကုန်သောကြောင့် ဖြစ်သည်။
ဒီအအေးခန်းကို မီးပြတ်၍ ရပ်သွားခြင်းမျိုးမရှိအောင် နေစွမ်းအင်သုံးစက်ဖြင့် ချိတ်ဆက်ထားတာ ဖြစ်သည်။ သူတို့သည် မိုးရွာသည့်နေများတွင် အသုံးပြု၍ရရန် လျှပ်စစ်ဖြင့် မောင်းနှင်ဖို့လည်း လျှပ်စစ်ဖြင့် ချိတ်ဆက်ထားခြင်းများ ရှိသည်။
သို့သော်လည်း ဒီအအေးခန်းသည် လည်ပတ်နေဆဲဖြစ်ရာ လျှပ်စစ်ဖြင့် ပိတ်ထားခြင်း ဖြစ်သည်။ ဘယ်သူကမှ ဒါကိုမဖွင့်တက်သဖြင့် စိုးရိမ်စွာဖြင့် တံခါးဝတွင် ရပ်စောင့်နေကြသည်။ နောက်ဆုံးတော့ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ ရောက်လာကြသည်။
လုံချင်းယင်သည် သတ္တုစွမ်းအင်ရှိကာ တံခါးသည် သံဖြင့်လုပ်ထားသဖြင့် သူမကတော့ ဘယ်လိုဖွင့်ရမလဲ သိလောက်သည်။ ထင်သလိုပင် လုံချင်းယင်သည် သူမ၏လက်ကို တံခါးပေါ်သို့ တင်လိုက်ရုံဖြင့် ငါးစင်တီမီတာလောက်ထူသည့် သတ္တုစပ်တံခါးသည် ပေါက်ထွက်သွားသည်။ သူမက တံခါးကို အလွယ်လေးဖွင့်လိုက်သည့်အခါ ကျန်သည့်သူများသည် ဆွံ့အကုန်ကြသည်။
တံခါးပွင့်သွားသည်နှင့် လေအေးငွေ့များသည့် မြူခိုးဖြူများနှင့်အတူ ထွက်လာသဖြင့် သူတို့သည် ချမ်းသလိုဖြစ်တောင်သွားသည်။ သူတို့ဝင်လိုက်သည့်အခါ အအေးခန်းသည် မီတာတစ်ရာတစ်ပတ်လည်လောက်ရှိအောင်ကို ကျယ်ကြောင်းကို သိလိုက်ရသည်။ လူတိုင်းသည် ရေခဲရိုက်ငါးများနှင့် အသားတို့ကို တွေ့သည့်အခါ ပျော်လွန်း၍ ထရယ်ကုန်ကြသည်။
ဒီအအေးခန်းထဲသို့ ဘယ်သူမှမရောက်တာ ကြာကြောင်းသိသာလှသည်။ အစားအစာများသည် မထိခဲ့တာ ကြာပုံရသည်။ သူတို့သည် အထဲကအကန့်များထဲမှ အစာများကို ဖွင့်မကြည့်ပုံရသလို အအေးခန်း၏အလည်တွင် ဝက်များ ဆယ့်လေးကောင် ဆယ့်ငါးကောင်လောက်ကို ချိတ်ဆွဲထားခဲ့ပုံသည်ကို တွေ့ရသည်။ အခုတော့ ဒီနေရာတွင် ၇ကောင် ၈ကောင်လောက်ကို ခဲလျှက်သား သူတို့ရခဲ့သည်။
ထို့အတူရေခဲရိုက်ထားသည့် ငါးများပါသည့် ဘူးများကို ရေခဲတုံးများဖြင့် ခွဲထားသည်ကိုလည်း တွေ့ရသည်။ ငါးဘူးတစ်ဒါဇင်လောက်ကို တွေ့ရသည်။ အရင်ခေတ်က စားသောက်ဆိုင်အများစုတွင် ငါးအရှင်များကို စားသုံးသူရှေ့တွင်ထားကာ နှစ်သက်ရာကိုရွေးချယ်၍ ချက်ပြုတ်ပေးတာမျိုးရှိသည့်အတွက် ဒီငါးများသည် ဒီလိုဖြစ်ခဲ့ပုံရသည်။ သူတို့သည် ကြက်သား၊ ဘဲသားနှင့် အမဲသားများကိုလည်း တွေ့ခဲ့ရသည်။
တူယွမ်ရှင်းသည် မျက်လုံးများတောက်ပစွာဖြင့် “ဒါတွေနဲ့ဆို ငါတို့အကြာကြီး တောင့်ခံနိုင်ပြီ!”
လုံချင်းယင်သည် တစ်ချက်ကြည့်ပြီးနောက် အနောက်သို့လှည့်ကာ “ဆန် ဒါမှမဟုတ် ဂျုံတွေ တွေ့သေးလား?”
“အင်း” လင်းဟောင်က ဖြေသည်။ “အောက်ထပ်က သိုလှောင်ခန်းထဲမှာ။ ဒီဟိုတယ်က သေချာသိမ်းထားတာမလို့ အကုန်လုံးက ကောင်းသေးပြီးတော့ စားရတယ်”
သူတို့အဖွဲ့သည် ဟိုတယ်တွင် စားစရာများစွာကို တွေ့ရသည့်အတွက် အရမ်းအံ့သြနေသည်။ ပိုကောင်းသည်မှာ နေစွမ်းအားသုံးစနစ်ကြောင့် သူတို့သည် မီးဖိုချောင်ဝင်နိုင်ပြီ။ ထို့အပြင် ရေသန့်မရှိသော်လည်း အအေးခန်းတွင် ရေခဲများရှိသည်။
“ဒီကိုလာဖို့ပြောတဲ့ ဇွန်ဘီကို ကျေးဇူးတင်သင့်တယ်မလား? သူ့ကြောင့်မဟုတ်ရင် ငါတို့တခြားနေရာကို သွားမိမှာ!”
“ဟုတ်တယ်! ဟုတ်တယ်!”
“ဒီနေရာက လမ်းမသင့်လို့လား? ပင်လယ်မြို့တော်စခန်းကလူတွေ ဒီနေရာကို မရှာရသေးဘူးလား?”
“ဟုတ်မယ်။ ဒါပင်မယ့် မြို့လေးမှာ ဒီလိုအကောင်းစား ဟိုတယ်ရှိမယ် မထင်မိဘူး။ ငါတို့ကံကောင်းနေတာမလား?”
“သေချာတာပေါ့! အအေးခန်းထဲက အသားတွေအကုန်လုံးက ကောင်းသေးတယ်။ ပြီးတော့ ဆန်တောင်ရှိနေတာ!”
သူတို့သည် ဇွန်ဘီကိုစောင့်နေရင်းဖြင့် ညစာကို ဟိုတယ်မီးဖိုချောင်တွင် ချက်လိုက်ကြသည်။ လင်းချင်းကတော့ နောက်နေ့မနက်မှ နယ်မြေထဲက ထွက်လာတာ ဖြစ်သည်။
သို့သော်လည်း လင်းဖန်တို့ဆီသို့ လင်းချင်းမရောက်ခင် တစ်ခုခုက လာနေသည်ကို သတိထားမိလိုက်သည်။ ထိုဇွန်ဘီသည် အနားရှိနေသဖြင့် သူမသည် ဟိုတယ်သို့ အရောက်မခံနိုင်ပေ။ ထို့ကြောင် ကိုယ်ဖျောက်လိုက်ကာ ထိုနေရာသို့ ပေါ့ပါးလျှင်မြန်သွက်လက်စွာဖြင့် အဆောက်အဦးအမိုးများပေါ်က သွားလိုက်သည်။
အဆင့်မြင့်ဇွန်ဘီတိုင်းတွင် ပိုင်နက်ရှိကြသည်။ လင်းဖန်တို့သည် သူ့ပိုင်နက်ထဲတွင် မဟုတ်သော်လည်း အနားတွင်ဖြစ်ရာ သူတို့အနံ့ကို ရသည်က သေချာသည်။ ထို့ကြောင့် ဒီမနက်တွင် ဟိုတယ်သို့လာတာ ဖြစ်သည်။ သို့သော်လည်း အစာနှင့်နီးမှ သူ့အားအတားခံရတော့မှာ ဖြစ်သည်။
လင်းချင်းသည် ထိုဇွန်ဘီ၏ အမြန်နှုန်းနှင့် လမ်းကြောင်းကို ကြည့်လိုက်သည်။ ထိုဇွန်ဘီသည် အသက်နှစ်ဆယ်ကျော်ကောင်လေး ဖြစ်ခဲ့ပုံရသော်လည်း အခုတော့ ဒေါသကြီးသည့် ဇွန်ဘီခေါင်းဆောင်ဖြစ်နေပြီ။ သို့သော်လည်း လင်းချင်းသည် သူ့ဆီမှ ဘာဖိအားမှကို မခံစားရပေ။
သူမသည် နှစ်ခုဆက်ထားသည့် အဆောက်အဦးတစ်ခုကို တွေ့သည်။ တစ်ခုကပိုမြင့်သည်။ ထိုဇွန်ဘီသည် မြင့်ရာအမိုးမှ နိမ့်ရာအမိုးသို့ ခုန်ဆင်းမည်ဖြစ်ရာ လင်းချင်းသည် အောက်အဆောက်အဦးကနေ ဆင်းလာမည်ကို စောင့်နေလိုက်သည်။
ဇွန်ဘီခေါင်းဆောင်က ဆင်းလာသည့်အခါ လင်းချင်းသည် ကိုယ်ပြန်ဖော်လိုက်ကာ သူမ၏လက်သည်းများကို ထုတ်လိုက်ပြီး လေထဲတွင်ပဲရှိသေးသည့် ထိုဇွန်ဘီကို ချိန်ရွယ်ကာ ယမ်းလိုက်သည်။