၇၅။ လမ်းဘေးက ကား
လင်းချင်းက မြွေကြီးဖြင့် တိုက်ခိုက်နေစဉ် လမ်းဘေးတွင် စောင့်နေသည့် ကျွင်းကျွင်း၏နားသည် လှုပ်သွားသည်။ သူမသည် ကားသံတိုးတိုးကို ကြားလိုက်သဖြင့် သူမ၏ခေါင်းသည် လမ်းဘေးသို့ လှည့်ကြည့်လိုက်သည်။ သူမသည် ဇွန်ဘီဖြစ်နေပြီဆိုသည်ကို မမေ့သဖြင့် လူသားများအပေါ် ရန်လိုမှုတို့က အလိုအလျောက်ရှိစမြဲပင်။
ထို့ကြောင့် သူမသည် ကားကိုကွယ်ကာ ဟင်းရွက်ခင်းထဲသို့ ဆင်းပြေးကာ လင်းချင်းသွားသည့်ဘက်သို့ ချက်ချင်းပြေးလိုက်သွားသည်။ သူမ၏ခြေထောက်များက မသွက်သေးသဖြင့် သူမသည် တရွတ်တိုက်ပြေးနေရတာ ဖြစ်သည်။ သို့သော်လည်း ကောင်းသည်မှာ သူမမြန်ချင်သလောက် မဟုတ်သော်လည်း ပြေးလို့တော့ ရနေခြင်းပင်။
မိနစ်အနည်းငယ်အတွင်း စစ်ဘက်သုံးကားသည် လမ်းအဆုံးတွင်ပေါ်လာကာ လင်းချင်းကားရပ်ထားသည့်နေရာသို့ ရောက်လာသည်။ ကားကို လင်းချင်း၏ကားဘေးတွင် ထိုးရပ်လိုက်သည်။ ဝူချန်းယွဲ့၊ မုန့်ယွဲ့နှင့် အခြားတပ်သားသည် ကားပေါ်မှ ဆင်းလာကြသည်။ သူတို့သည် လင်းချင်း၏ကားကို ခနစူးစမ်းပြီးနောက် လမ်းဘေးက စိုက်ခင်းကို ကြည့်လိုက်သည်။
“ဒါဆိုရင် ဒါတွေက စိုက်ခင်းပေါ့။ အရင်က ဘယ်သူမှ လာခဲ့ပုံမရဘူး ထင်တယ်နော်?” မုန့်ယွဲ့သည် ဟင်းရွက်ခင်းကို တအံ့တသြကြည့်ရင်း ပြောသည်။ ပြောနေရင်းတွင် သူမ၏လက်ထဲမှ အပင်လေးကို ထုတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ အာရုံခံကြည့်လိုက်သည်။
ဝူချန်းယွဲ့သည် လင်းချင်း၏ကားကို တစ်ချက်ကြည့်ပြီးနောက် စိုက်ခင်းကို ကြည့်ရင်း ဆိတ်ဆိတ်သာနေသည်။
သူ့ဘေးက တပ်သားသည် စိုက်ခင်းကို ကြည့်ကာ မေးသည်။
“ဘာဖြစ်လို့ ကားပိုင်ရှင်က ဒီမှာကားကို ထိုးခဲ့တာလဲ? စိုက်ခင်းထဲမှာ အစာရှာဖို့လား? ဒါပင်မယ့် အသီးအနှံတိုင်းက ရောဂါကူးပြီး စားလို့မရတော့ဘူး။ ပြီးတော့လည်း စိုက်ခင်းက အန္တရာယ်ကြီးတာကို။ ဘယ်လိုများ သွားရဲကြတာလဲ? အသက်ရှင်လျက် ပြန်မလာနိုင်တော့မှာကို မကြောက်ကြဘူးလားမသိဘူး?”
ဝူချန်းယွဲ့သည် သစ်သီးခြံကို လှမ်းကြည့်ကာ “ဟိုမှာတိုက်ပွဲဖြစ်နေတယ်။ ကြည့်ရတာ သန္ဓေပြောင်းကောင်တွေ ဖြစ်လိမ့်မယ်”
သန္ဓေပြောင်းကောင်ဟုပြောလိုက်ပြီးနောက် သူတို့သုံးယောက်လုံး၏ မျက်နှာများသည် တည်တံ့သွားကြသည်။
မုန့်ယွဲ့က ခေါင်းငြိမ့်ကာ ပြောသည်။ “ညီမလည်း ခံစားမိတယ်။ အဆင့်လေးသန္ဓေပြောင်းကောင် အရမ်းအန္တရာယ်များတယ်။ ဒါပင်မယ့် အကို့အတွက် ပြဿနာမဟုတ်ပါဘူး။ တောင်နဲ့နီးနေတော့ သန္ဓေပြောင်းကောင်တွေရှိတာ မထူးဆန်းပါဘူး”
သူမတို့သည် ပင်လယ်အခြေစိုက်စခန်း၏ အစွန်းတွင် ရှိနေတာဖြစ်သည်။ သူတို့သာ နည်းနည်းဆက်သွားပါက ဇီခရိုင်သို့ ရောက်တော့မှာ ဖြစ်သည်။ ထို့ကြောင့် ဒီနေရာသည် တောင်တန်းများဖြင့် ဝန်းရံနေတာ ဖြစ်သည်။
ဝူချန်းယွဲ့သည် သဘောတူညီစွာ ခေါင်းငြိမ့်ပြသည်။ တောင်တန်းဒေသများရှိ သန္ဓေပြောင်းသတ္တဝါများသာ အန္တရာယ်ရှိသည်မဟုတ်ဘဲ မခန့်မှန်းနိုင်သည့် သန္ဓေပြောင်းပင်များသည်လည်း ရှိနေသေးသည်။
မုန့်ယွဲ့သည် သူမ၏လက်ဝါးထဲမှ အပင်ကိုကြည့်ကာ “ဒီနေရာက အပင်တိုင်းက ပိုးကူးနေပြီ။ ဘာမှစားမရတော့ဘူး။ တကယ်လို့ ကားပိုင်ရှင်သာ စိုက်ခင်းထဲကို သွားလို့ကတော့ သူတို့စားရတာ ဘာမှရှာလို့ရမယ် မထင်ဘူး။ ပြီးတော့ သန္ဓေပြောင်းကောင်အပြင် အဆင့်မြင့်ဇွန်ဘီလည်း ဒီအသီးခြံထဲမှာ ရှိနေမယ်လို့ ညီမထင်တယ်”
သူမသည် မျက်ခုံးများ တွန့်ကွေးနေသည်။ သစ်သီးခြံသည် အန္တရာယ်ကြီးသလို ခံစားနေရသောကြောင့် သူမစိတ်ထဲလွယ်သလို မခံစားရပေ။ ဒီခံစားချက်မှာ သန္ဓေပြောင်းပင်များနှင့် အကောင်များကြောင့် ဖြစ်ကြောင်းကို သူမနားလည်ပါသည်။ သူမသည် အပင်စွမ်းအားရှင်ဖြစ်သဖြင့် တိုက်ခိုက်နိုင်စွမ်းမမြင့်ပေ။ သို့သော်လည်း သူမ၏အစွမ်းက အနားရှိအပင်များအတွက် အရမ်းခံစားရလွယ်စေကာ အပင်ကြီးမြန်အောင်လုပ်ပေးနိုင်သည်။ သူမသည် အရမ်းကောင်းသည့် လမ်းပြတစ်ယောက်လည်း ဖြစ်သေးသည်။
တော်သေးသည်မှာ သူမသည် အနည်းငယ်တိုက်ခိုက်တက်သည်။ ထို့အတူ ပတ်ဝန်းကျင်အာရုံခံနိုင်စွမ်း အရမ်းမြင့်သေးသဖြင့် သူမသည် အားနည်းသူမဟုတ်ပေ။ သို့သော်လည်း ဝူချန်းယွဲ့နှင့် အခြားတပ်သားများနှင့်အတူ တာဝန်ထမ်းဆောင်နိုင်သည့်အထိတော့ မဟုတ်ပေ။ ရုတ်တရက် သူမ၏လက်ဝါးက အပင်ကို သူမကြည့်လိုက်သည်။ ထို့နောက်မျက်နှာသည် ပိုအတည်ဖြစ်လာကာ သစ်သီးခြံကိုကြည့်ရင်း အရမ်းဂရုစိုက်ရတော့မလို ဖြစ်လာတော့သည်။
သူမ၏လှုပ်ရှားမှုကို ဝူချန်းယွဲ့က သတိထားမိသည့်အခါ မေးသည်။ “ဘာဖြစ်လို့လဲ? အဲ့ဒီမှာ တစ်ခုခု ဖြစ်နေလို့လား?”
ဝူချန်းယွဲ့သည် အန္တရာယ်များသည့် သစ်သီးခြံသို့ သွားမှာမဟုတ်ပေ။ သူ့သမီးကိုရှာဖို့ အမီလိုက်နေရသည်ဖြစ်ရာ ဒီလိုနေရာတွင် အချိန်မဖြုန်းခင်ပေ။ သို့သော်လည်း လင်းချင်း၏ကားက ရပ်ထားသည်မြင်သည့်အခါ သူ့ကားကိုရပ်ကာ ခနဆင်းကြည့်ခြင်းသာ ဖြစ်သည်။
ဒီကားပိုင်ရှင်သည် စိုက်ခင်းထဲသို့ ဆင်းသွားသည်မှာ မကြာသေးသောကြောင့် အခုဆိုလျှင် သူတို့ကြောက်ပြေးလောက်ပြီ ဖြစ်သည်ဟု ထင်လိုက်သည်။ စိုက်ခင်းထဲက နှစ်ကောင်သည်လည်း အချင်းချင်းတိုက်နေသည်ဖြစ်ရာ ဘယ်သူက ဘယ်သူ့သားကောင် ဖြစ်သွားမလဲ မသိရသေးပေ။
မုန့်ယွဲ့သည် မျက်လုံးဖွင့်လိုက်ကာ တည်ကြည်စွာဖြင့် “ညီမခံစားမိနေတယ်! လင်းလင်းက သစ်သီးခြံထဲမှာ! ညီမအထင်သာမှန်ရင် ဟိုထူးဆန်းတဲ့ ဇွန်ဘီမကလည်း ဒီမှာရှိနေမှာပဲ” သူမသည် လက်ကိုမြှောက်လိုက်ကာ လင်းချင်းရှိသည့်ဘက်သို့ ညွှန်ပြရင်း ပြောသည်။
သူမစကားကို ကြားသည့်အခါ ဝူချန်းယွဲ့၏မျက်နှာသည် ပြောင်းသွားသည်။ သူမညွှန်ပြသည့်နေရာကို အမှုအယာမဲ့စွာကြည့်ရင်း “သေချာလား?”
မုန့်ယွဲ့သည် သေချာမှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြီး ပြန်ဖြေသည်။ “ညီမထင်ရင် မှားစရာမရှိဘူး! အရင်တစ်ချက်လောက် ဝင်ကြည့်ရအောင်။ အခုသန္ဓေပြောင်းကောင်နဲ့တိုက်နေတာက သူဖြစ်လောက်တယ်”
ဝူချန်းယွဲ့သည် မုန့်ယွဲ့၏စကားတောင် မဆုံးသေး စိုက်ခင်းထဲသို့ ချက်ချင်းဆင်းပြေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဟင်းရွက်ခင်းများကိုဖြတ်ကာ သစ်သီးခြံသို့ ပြေးနေပြီဖြစ်သည်။
“လီချန်း နင်ဒီမှာခနစောင့်” မုန့်ယွဲ့သည် တပ်သားကို အမိန့်အမြန်ပေးပြီးနောက် ဟင်းရွက်ခင်းထဲကိုဖြတ်ကာ သစ်သီးခြံသို့ ပြေးနေသည့် ဝူချန်းယွဲ့နောက်သို့ အပြေးလိုက်သွားသည်။
“ယွဲ့ သတိထားဦး!” ရှောင်လီချန်းဟု အမည်ရသည့် တပ်သားသည် မုန့်ယွဲ့အား စိတ်ပူသဖြင့် သတိလှမ်းပေးလိုက်သည်။
ဝူချန်းယွဲ့သည် အင်အားကြီးသော်လည်း မုန့်ယွဲ့ကတော့ တိုက်ခိုက်ရေးသမား မဟုတ်ပေ။ ထို့ကြောင့် အခုလို သစ်သီးခြံထဲသို့ ပြေးလိုက်သွားခြင်းမှာ သူမအတွက် အန္တရာယ်များသည်။ သို့သော်လည်း သူမ၏အပင်အစွမ်းကြောင့် သန္ဓေပြောင်းပင်များက ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပေ။
လင်းချင်းသည် မြွေကြီးခွေနေသည်ကို ကြည့်ရင်းဖြင့် မစင်ပုံကြီးလိုလို သံခွေကြီးလိုလို ခံစားလာရသည်။ ဒီလိုအနေအထားသည် တိုက်ခိုက်ရေးအတွက်ရော ခုခံရေးအတွက်ပါ မြွေကြီးအတွက် အသုံးဝင်သည်။ အခုဆိုလျှင် သူ့အားအလွယ်တကူ မတိုက်ခိုက်နိုင်တော့သလို ရန်သူကို လှမ်းပေါက်ဖို့လည်း လွယ်ကူသွားပြီ။
လင်းချင်းသည် မြွေကြီး၏ ငါးမီးတာလောက်အကွာတွင် ရပ်နေရင်း ခြေထောက်ကိုကွေးထားကာ ရင်ဘတ်ရှေ့တွင် လက်သည်းထုတ်ထားသည့် လက်နှစ်ဖက်ဖြင့် တိုက်ပွဲဝင်အနေအထားဖြင့် ရပ်နေသည်။
မြွေသည် နာကျင်နေရာမှာ ပြန်သက်သာလာသည်ကို ကြည့်င်း လင်းချင်းသည် သူမ၏အာရုံစိုက်မှုအပြည့်ဖြင့် တိုက်ခိုက်ရမည်ဆိုသည်ကို သိလိုက်သည်။ မြွေသည်ခွေနေရာမှ ခေါင်းထုတ်ရင်း လင်းချင်းကိုကြည့်နေသည်။ သူ့ဒဏ်ရာများသည်လည်း အခုဆိုလျှင် သွေးမထွက်တော့ဘဲ ရပ်သွားပြီဖြစ်သည်။
လင်းချင်းသည် မြွေသွေးနံ့ကို ရနေသည်။ ထိုအနံ့သည် ငါးညှီနံ့ကိုမှ ချိုသည့်အနံ့ဖြင့်ဖြစ်သောကြောင့် ပိုဆာလောင်လာပြီဖြစ်သည်။ မြွေက ဖြည်းဖြည်းချင်း ခေါင်းထုတ်လိုက်သည့်အခါ လင်းချင်းသည် မျက်မှောင်ကျုံ့လိုက်သည်။ သူမသည် ကလေးတစ်ယောက်၏ကိုယ်လောက်ရှိသည့် မြွေ၏တြိဂံပုံခေါင်းကို စူးရှစွာ ကြည့်လိုက်သည်။
ရုတ်တရက် မြွေခေါင်းသည် လင်းချင်းကို လှမ်းပေါက်သည်။ အရမ်းမြန်သဖြင့် သူမဆီသို့ ငါးညှီနံ့အပြည့်လေတို့က တိုက်ခိုက်လာသည်ကို သူမအရင်ခံစားလိုက်ရသည်။ လင်းချင်းသည် ချက်ချင်းထိုင်ချလိုက်ရသည်။ သူမသည် နောက်သို့မဆုတ်သလို မြွေကိုလည်း ချက်ချင်းမတိုက်ပေ။ မြွေများသည် အတည့်ရွေ့လျားတာ မဟုတ်သလို လူးလှိမ့်နေတာ ဖြစ်သည်။ ထို့ကြောင့် သားကောင်သည် အတည့်ထွက်ပြေးပါက ရှင်သန်နိုင်စွမ်း နည်းပါးသွားမှာ ဖြစ်သည်။