May Honey Logo May Honey
Previous Next

၂၄။ မှီခိုမလား ဒါမှမဟုတ် မမှီခိုဘူးလား

စကားပြောနေစဉ်တွင် ဟွမ်ရှောင်းသည် အခြားသူများကို မျက်စိဖြင့် အချက်ပြထားသည်။
“ဟုတ်တယ် ခေါင်းဆောင်။ ဒုခေါင်းဆောင်ပြောတာ ဟုတ်တယ်။ ကျွန်တော်တို့ စစ်တပ်နဲ့လိုက်လို့ကတော့ ဘာမှရမှာ မဟုတ်ဘူး။ သာမန်ဇွန်ဘီတွေကို လိုက်လို့ရတဲ့ အမြူတေတွေက သူတို့နဲ့မှမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်လည်း ရှာလို့ရနေတာပဲ”
“ဟုတ်တယ်။ ပြီးတော့လည်း အခုအဆင့်မြင့်ဇွန်ဘီကို တွေ့ပြီ။ အဝေးကြီးရောက်ဦးမှာ မဟုတ်လောက်သေးဘူး။ လိုက်ရင်မိလိုက်မှာပါ။ ဘာဖြစ်လို့ စစ်တပ်နဲ့ လိုက်တော့မှာလဲ?”
“ပြီးတော့လည်း သူတို့က လူအများကြီးပဲ။ တကယ်လို့ အဆင့်သုံးဇွန်ဘီသာတွေ့ရင် အမိယူလိုက်ရုံပဲ။ အဆင့်လေးတွေ့ရင်လည်း ပြန်ခုခံလို့ ရပါသေးတယ်။ အဆိုးဆုံး မနိုင်ရင် ထွက်ပြေးရတယ်မလား? ကံအတိုင်းပဲမလား? သတ်နိုင်ရင် ဆန်နဲ့စောင်ရမှာလေ”
“ဟုတ်တယ် ဟုတ်တယ်”

ကျန်သည့်သူများက ဟွမ်ရှောင်း၏ အချက်ပြမှုကြောင့် ဝင်ပြောကြသည်။

ရှဲ့တုန်းသည် မျက်မှောင်ကျုံ့ကာ စိတ်မကြည်လင်စွာဖြင့်

“ငါတို့အထဲက ဘယ်သူကမှ အဆင့်လေးနဲ့ ကြုံဖူးတာ မဟုတ်ဘူး။ အဆင့်လေးက ဘယ်လောက်သန်လဲ ငါတို့သိတာ မဟုတ်ဘူး။ ဒါပင်မယ့် ငါ့အထင်က ဘယ်တော့မှ မမှားဘူးကွ”

“ခေါင်းဆောင်က အဆင့်လေးမီးစွမ်းအားရှင်။ ဒါတောင် အဆင့်လေးဇွန်ဘီလောက်ကို ကြောက်နေတာလား? လွဲတော့လွဲနေပြီ”

ဟွမ်ရှောင်သည် ပြုံးရင်းပြောသည်။ သူ့အမူအယာသည် ပုံမှန်ဖြစ်သော်လည်း မျက်လုံးထဲတွင် မနာလိုမှုနှင့် အမုန်းတရားတို့က ရှိနေသည်။

“ဟုတ်တယ်။ ငါကအဆင့်လေးပင်မယ့် အဆင့်လေးဇွန်ဘီကို နိုင်လိမ့်မယ်လို့ မသေချာဘူး။ ပြီးတော့လည်း အဆင့်လေးစွမ်းအားရှင်တွေက အဆင့်လေးဇွန်ဘီတေါကို လုံးဝမယှဉ်နိုင်ဘူးလို့ ကြားဖူးတယ်”

ရှဲ့တုန်းသည် သူ့ကိုလာငြင်းနေသည့် ဒီလူများကို စိတ်မရှည်စွာဖြင့် မျက်မှောင်ကျုံ့ကြည့်ရင်း ပြောသည်။

ထိုအချိန်တွင် ဟွမ်ရှောင်းသည် နှာခေါင်းကို ရှုံ့ကာ

“ဒါတွေ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ငါကတော့ စစ်တပ်နောက်ကို မလိုက်နိုင်ဘူး။ ပြီးတော့ သူတို့ကလည်း လိုက်ခွင့်ပေးမှာ မဟုတ်ဘူး”

‘စစ်တပ်ကလူတွေသာ ဒါကိုကြားလို့ကတော့ ခေါင်းတွေနောက်ကိုလန်အောင် ရယ်နေမှာ’
ဟွမ်ရှောင်းသည် ဒီလိုတွေးပြီးနောက် တခြားတစ်ဖက်သို့ သူများတွေအရှေ့ရောက်အောင် သွားလိုက်သည်။

ရှဲ့တုန်းသည် သူ့စကားကို နားမထောင်ချင်သည့် ကိုးယောက်ထဲမှ ခြောက်ယောက်၊ ခုနှစ်ယောက်လောက်ကို ကြည့်ကာ သက်ပြင်းချကာ ခေါင်းငြိမ့်ရင်း ဟွမ်ရှောင်းနောက်သို့ လိုက်ရတော့သည်။

“ဒါဆိုရင်လည်း ငါတို့ဒီနေရာကနေ သွားကြရအောင်”

ဟွမ်ရှောင်းသည် သူ့ကိုရန်လိုနေကြောင်း သူသေချာသိသည်။ စခန်းမှ ထွက်လာတည်းက သူ့ကိုရန်လိုနေကာ မလေးမစားလုပ်နေခြင်း ဖြစ်သည်။ ဟွမ်ရှောင်းအကြောင်း တိုင်တန်းခြင်းများကို ခေါင်းဆောင်အနေဖြင့် အခြားသူများဆီက သူကြားရသော်လည်း သူ့မှာကလေးထိန်းကြီးလို သူ့အဖွဲ့သားများကို ကာကွယ်ရန်တာဝန်ရှိလို့သာ ဖြစ်သည်။ အဖွဲ့သားအချင်းချင်း အဆင်မပြေလျှင် လုံခြုံရေးပြဿနာက ပိုကြီးသောကြောင့်လည်း ပါလေသည်။ ထို့ကြောင့် သူသည် ဟွမ်ရှောင်းကို တစ်ချိန်လုံး သည်းခံနေခြင်းဖြစ်သည်။

. . .

သူတို့ထွက်သွားသည်နှင့် ဝူချန်းယွဲ့ဦးဆောင်သည့် စစ်တပ်သည် ဒီနေရာသို့ ရောက်လာသည်။ သူတို့သည် အကြမ်းခံကားသုံးစီးဖြင့် လာခြင်းဖြစ်သည်။ ထိုကားများသည် ဇွန်ဘီတို့၏ လက်သည်းများကို ခံနိုင်ရုံသာမက လမ်းဘေးက ဇွန်ဘီများကိုလည်း တိုက်ချနိုင်သည်။ ကမ္ဘာပျက်ကပ်ခေတ်တွင် လက်စွယ်များလိုမျိုး သံစူးကြီးများဖြင့် ကာကွယ်ထားသည့် ကားများကိုသာ အသုံးပြုကြတော့သည်။ ထိုကားများသည် ဇွန်ဘီအုပ်များထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သည်။ ဘယ်အရာကမှ ဒီကားများကို မတားစီးနိုင်ပေ။ ထိုကားများနောက်တွင် ဇွန်ဘီဒဏ်ခံနိုင်သည့် စစ်တပ်သုံးကားအစိမ်းရောင်များလည်း ပါလာသေးသည်။
ထိုကားများသည် ရှဲ့တုန်းနှင့် သူတို့အဖွဲ့ရပ်ခဲ့သည့်နေရာတွင် ရပ်သွားသည်။ ရှေ့ဆုံးကားမှ အရပ်အလွန်ရှည်ကာ သန်မာသည့်လူတစ်ယောက်က သူ့စစ်သားများနှင့်အတူ ထွက်လာသည်။ ထိုစစ်သားများသည် သူတို့ထွက်လာသည်နှင့် ဒီနေရာတွင် ဇွန်ဘီတစ်ကောင်မှ မရှိအောင် ရှင်းပစ်လိုက်မှာဖြစ်သည်။
ထိုအရှေ့က အရပ်ရှည်ကာ သန်မာသည့်သူသည် သူ့၏စူးရှသည့် မျက်လုံးများဖြင့် ပတ်ဝန်းကိုကြည့်နေသည်။ ထို့နောက် သူ့မျက်လုံးတို့သည် ရှဲ့တုန်းတို့အဖွဲ့ရပ်ခဲ့သည့်နေရာတွင် ခနရပ်သွားပြီးမှ ပြန်လှည့်သွားသည်။
ထိုအချိန်တွင် သူ့အနောက်မှ လူတစ်ယောက်ပေါ်လာသည်။ ထိုလူသည် သူ့ထက်အနည်းငယ်ပုသော်လည်း သူ့ကိုယ်အနေအထားသည်လည်း အရပ်ရှည်ကာ သန်မာသည့်ပုံ ဖြစ်သည်။ ထိုလူ၏ချောမောသည့်မျက်နှာသည် အနည်းငယ်နူးညံ့သည်။ သူ့မျက်လုံးထဲတွင် အပြုံးဖျော့ဖျော့လေးရှိနေကာ နှုတ်ခမ်းထောင့်တို့က အပေါ်သို့မသိမသာ ကွေးလို့နေသည်။ သို့သော်လည်း သူပြုံးနေသလား မပြုံးဘူးလား ပြောလို့မရပေ။ ထိုလူသည် နွေးထွေးပြီး နူးညံ့ကာ ယဉ်ကျေးပုံရသည်။ သို့သော်လည်း သူဝတ်ထားသည့် စစ်ဝတ်စုံကြောင့် သူသည် တည်ကြည်သည့် စစ်သားတစ်ယောက်အသွင် ရှိနေသည်။
ထိုအချိန်တွင် သူရှိနေသောကြောင့် ဘယ်သူကမှ ဒီနေရာတွင် ပေါ်လာခဲ့သည့် ပြင်းထန်သည့်အရှိန်အဝါကို မသိရှိကြပေ။ သို့သော်လည်း သူ့မျက်ခုံးများသည် ကျုံ့နေကာ စိုးရိမ်နေသည့်ပုံ ပေါ်နေသည်။
“ထွက်သွားတာမြန်တာလား? ဒါမဟုတ် တခြားအဆင့်လေးဇွန်ဘီအမြူတေပဲ ယူသွားချင်နေတာလား?”

သူသည် သက်ပြင်းချကာ ပြောသည်။

အရပ်ရှည်ကာ သန်မာသည့်သူက သူ့အားလှည့်ကြည့်ကာ နှုတ်ခေါင်းရှုံ့ပြီး အေးစက်စွာဖြင့်

“အဲ့ဒီဇွန်ဘီအမဲလိုက်အဖွဲ့က သူ့တို့ပစ်မှတ်ဖြစ်နေမှန်းတောင် သိမှာမဟုတ်ဘူး။ အဆင့်လေးတစ်ယောက်၊ အဆင့်သုံးတစ်ယောက်၊ အဆင့်နှစ်လေးယောက်လောက်နဲ့ ကျန်တာက သာမန်လူတွေ. . .အင်း. . .အဆင့်လေးဇွန်ဘီအတွက် သူတို့ကိုယ်တိုင် အစာအဖြစ်သွားပို့ပေးနေသလိုပဲ။ ငါတို့ကိုမြင်တာနဲ့ လိုက်လာဖို့ ညဏ်ကောင်းမယ်ထင်တာ။ ဒါပင်မယ့် ငတုံးအဖွဲ့ထင်ပါတယ်”

ဝူချန်းယွဲ့၏ နှုတ်ခမ်းများသည် ကော့တက်သွားသော်လည်း သူ့မျက်လုံးသည်တော့ တောက်မနေဘဲ

“သူတို့ဘဝကောင်းဖို့အတွက် စခန်းကနေ အရဲစွန့်ပြီးထွက်လာကြတာ။ လူတွေရဲ့လောဘက ဒီလိုပဲ။ တစ်ခုခုကိုလိုချင်တာနဲ့ ရဖို့အတွက် စွန့်စားချင်လာကြတာပဲ”

ရှောင်ယွင့်လုံသည် သဘောတူစွာဖြင့် ခေါင်းငြိမ့်ပြသည်။ ထို့နောက် သူတို့အနောကမှ အဆင့်လေးအဆင့် စစ်သားများအား

“အဖွဲ့တစ်ကနေငါး ကိုယ့်တပ်သားတွေကို ခေါ်ပြီး လင်းလင်းကို ရှာကြ။ အဖွဲ့ခြောက်ကနေတစ်ဆယ် ဒီနေရာမှာ ရသလောက် ဇွန်ဘီတွေကို အမဲလိုက်ကြ။ သွားကြတော့!”

“ဟုတ်ကဲ့!”

စစ်သားများသည် သတိအပြည့်ဖြင့်ရပ်ကာ အမိန့်ကို နားထောင်ပြီးနောက် သူတို့တပ်ဖွဲ့များကို ခေါ်၍ ချက်ချင်းဆောင်ရွက်ကြသည်။

ထိုအချိန်တွင် အမျိုးသမီးငယ်လေးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ကားထဲက ထွက်လာသည်။ သူမသည် အသက်နှစ်ဆယ်လောက်သာရှိသည်ဟု ထင်ရသော်လည်း နှစ်ဆယ့်သုံးနှစ်ရှိပြီ ဖြစ်သည်။ သူမသည် သစ်တောနှင့် သက်ဆိုင်သည့် မှော်စွမ်းအင်မျိုးရှိသည်။

သူမသည် အရမ်းလှတာ မဟုတ်သော်လည်း ရုပ်တော့မဆိုးပေ။ ထို့ကြောင့် အိမ်နီးချင်းမှ လှသည့်ကောင်မလေးလောက်သာ ဖြစ်သည်။ သူမ၏မျက်နှာသည် ရှင်းသန့်နေကာ သူမ၏မျက်လုံးတို့သည် တောက်ပကြည်လင်နေသည်။ သူမသည် ဝူချန်းယွဲ့၏ လက်ထောက်တပ်မှူး အဆင့်ငါးအပင်စွမ်းအားရှင် မုန့်ယွဲ့ဖြစ်သည်။

မုန့်ယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ဝူချန်းယွဲ့၏ လက်မောင်းကိုဆွဲကာ

“အကိုယွဲ့ ညီမခံစားမိတယ်! လင်းက ဒီနားမှာ! ခံစားချက်က အားနည်းသေးပင်မယ့် ဒီနားမှာပဲ”

ယောက်ျားနှစ်ယောက်သည် သူမ၏စကားကို ကြားသည့်အခါ အမူအယာပြောင်းသွားကြသည်။ ဝူချန်းယွဲ့၏ မျက်နှာတွင် အပြုံးဖွဖွပေါ်လာကာ မုန့်ယွဲ့အား စိတ်လှုပ်ရှားစွာဖြင့် မေးသည်။

“ဘယ်မှာလဲ? ဘယ်မှာလဲ? လင်းလင်းရဲ့နေရာကို အာရုံခံမိပြီလား?”

မုန့်ယွဲ့သည် လင်းလင်းအဆင်ပြေကြောင်း မသေချာသေးသော်လည်း ဝူချန့်ယွဲ့မှာတော့ တည်ငြိမ်မနေနိုင်တော့ပေ။ မုန့်ယွဲ့က သူ့သမီးလေးကို အာရုံရကြောင်းပြောသည့်အခါ သူ့တည်ငြိမ်မှုတို့သည် ပျောက်ဆုံးသွားကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
မုန့်ယွဲ့သည် မျက်လုံးကို မှိတ်လိုက်ကာ သူ့မ၏အာရုံထဲတွင် နစ်မြောနေပုံရသည်။ ထို့နောက် မျက်လုံးချက်ချင်းပွင့်လာကာ လက်ညိုးညွှန်ပြသည့်အခါ အလင်းတန်းတစ်ခုက ထွက်လာသည်။

“ဒီဘက်ပဲ”

Previous Chapter 24 of 198 Next