May Honey Logo May Honey
Previous Next

၁၉၀။ ခံစားချက်နောက်ကိုလိုက်

ရှဲ့တုန်းသည် လင်းချင်း၏ကိုယ်ကို ကြည့်နေသော်လည်း မကိုင်ရဲပေ။ သွားထိလိုက်ပါက သူ့ဖင်ကို သူမကပိတ်ကန်မည်ဆိုသည်မှာ သံသယဝင်စရာကို မလိုပေ။

လင်းချင်းသည် အမြန်ထွက်သွားသည်။ ပတ်ဝန်းကျင်က ဇွန်ဘီများသည် အလိုအလျောက်ကို သူမအတွက် လမ်းဖယ်ပေးကြသည်။ လင်းချင်းသည် စက်ရုံပေါက်ဝသို့ ရောက်သည့်အခါ ကားကိုထုတ်လိုက်ပြီးနောက် ရှေ့ခုံတွင် ဝင်ထိုင်လိုက်ကာ သူမ၏အရှိန်အဝါကို အကုန်လုံးထိန်းထားလိုက်သည်။

ရှဲ့တုန်းသည် ကားမောင်းသူထိုင်ခုံတွင် ထိုင်လိုက်ကာ ကားနှိုးလိုက်သည်။ ထို့နောက် လင်းချင်းကို ကြည့်လိုက်ရာ သူမသည် သူမအားထူးဆန်းသည့် ခံစားမှုကိုပေးနေသည့် ထိုနေရာကို လက်ညိုးထိုးပြပြီးနောက် လက်ကိုယမ်းပြသည်။ ရှဲ့တုန်းသည် သူမက သူ့ကိုကားအမြန်မောင်းခိုင်းနေခြင်းကို သိလိုက်သဖြင့် ခေါင်းငြိမ့်ပြကာ အမြန်မောင်းထွက်လာသည်။ 

လမ်းတွင် လင်းချင်းသည် ဘယ်ကိုသွား၍မည် ဆိုသည်ကို တချိန်လုံး ညွှန်ပြလာပြီးနောက် တစ်နာရီလောက်ကြာသည့်အခါ သူမ၏အမှုအယာ ပြောင်းလာလေသည်။ စက်ရုံသည် အနောက်ဘက်ကန်မြို့နယ်နားတွင်ရှိပြီးတော့ သူတို့သည် အခုဆိုလျှင် ထိုမြို့နယ်တစ်ခုလုံးကို ကျော်လာကာ မြို့ပေါ်ကိုရောက်လာပြီဖြစ်သည်။ မြို့ပေါ်နှင့် မြို့လည်နှစ်ခုလုံးသည် ဟန်ကျိုးမြို့၏ လူစည်ကားရာနေရာများ ဖြစ်ကြသည်။

ဒီနေရာတွင် လင်းချင်းသည် အချို့အရှိန်အဝါများကို ရှင်းလင်းစွာ အာရုံခံမိရုံတင်မကဘဲ ရှဲ့တုန်းကပါ သန်မာသည့်အရှိန်အဝါများကို အနည်းငယ် ခံစားမိလေသည်။ ဒီနေရာတွင် ရှဲ့တုန်းသည် သူ့ကိုဖိနှိပ်ထားခံရသလို ခံစားနေရသည်။ ရှဲ့တုန်းသည် သူ့ကားရှေ့က ဇွန်ဘီအုပ်ကြီးကြောင့် ကားကိုရပ်လိုက်သည်။ ဇွန်ဘီများသည် သူနှင့်လင်းချင်းကို ကြည့်နေကြကာ သူတို့၏ပျက်စီးနေသည့် မျက်နှာများတွင် နားမလည်နိုင်သည့်အရိပ်အယောင်များ ရှိနေသည်။

ရှဲ့တုန်းသည် ကားတံခါးဖွင့်ကာ ဆင်းဖို့လုပ်နေသည့် လင်းချင်းကို လှည့်ကြည့်လိုက်သည်။ သူမ၏အရှိန်အဝါကိုထိန်းထားလေရာ သူမသည် သာမန်ဇွန်ဘီလိုသာဖြစ်နေသဖြင့် သာမန်ဇွန်ဘီများကြောင့် လမ်းပိတ်သွားခြင်း ဖြစ်သည်။ ရှဲ့တုန်းသည် ကားပေါ်ကနေ ဆင်းလာမှ လင်းချင်းသည် ကားကိုနယ်မြေထဲသို့ ထည့်လိုက်သည်။

လင်းချင်းသည် ဒီနေရာတွင် လူအိုကြီးများလို နှေးတိနှေးတုံ့ဖြင့် သွားလာနေကြသည့် ဇွန်ဘီထောင်ပေါင်းများစွာကို တွေ့လိုက်ရသည်။ လင်းချင်းသည် အရှိန်အဝါကို ထိန်းထားသည်ဖြစ်ရာ ဇွန်ဘီများက သူမကို မရှောင်ရှားကြပေ။ ရှဲ့တုန်း၏အရှိန်အဝါကိုတော့ ဇွန်ဘီများသည် သိသွားကြသော်လည်း သူ့လောက်မသန်မာသဖြင့် မတိုက်ခိုက်ဘဲ ရှောင်ကြသည်။

လင်းချင်းသည် ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် အနားရှိ အဆောက်အဦးတစ်ခုသို့သွားကာ မျောက်တစ်ကောင်လို အမိုးပေါ်သို့ တက်သွားသည်။ သူမက ဘာလုပ်မည် ဆိုသည်ကို မသိသော်လည်း ရှဲ့တုန်းသည် သူမ၏အပြုအမှုများကို ကြည့်၍သင်ယူကာ သူမအတိုင်း အမိုးပေါ်ကို လိုက်တက်လာသည်။ ဒီလိုတက်ခြင်းသည် လှေကားကနေ တက်နေရခြင်းထက် အစများစွာကို ပိုမြန်ဆန်သည်။

ဒီနေရာက အဆောက်အဦးများသည် အထပ်၂၀လောက်သာရှိသည်။ လင်းချင်းသည် အမိုးပေါ်ရောက်သည့်အခါ ပိုဝေးသည့်နေရာကို ပိုရှင်းအောင်မြင်ရသည်။ သူမသည် အမိုးစွန်းကနေ အဆင့်မြင့်ဇွန်ဘီ၏အနံ့ကိုခံလိုက်ကာ သူမအပေါ်သက်ရောက်နေသည့် ဖိအားအရ သူတို့အဆင့်ကို ခန့်မှန်းလိုက်သည်။ အကွာဝေးသည် နည်းသွားပြီဖြစ်ရာ သူမသည် ရှင်းလင်းစွာ အာရုံခံနိုင်သည်။ သူမကို ထူးဆန်းသလို ခံစားရသည့်နေရာတွင်တော့ သူမသည် လူသားအဖွဲ့တစ်ခု၏အနံ့များကို အာရုံခံမိလိုက်သည်။
‘လူဆယ်ရောက်ကျော် အဲ့ဒီမှာရှိနေတာလား? ပြီးတော့ အဆင့်ငါးဇွန်ဘီတွေနဲ့ ဝိုင်းခံနေရသေးတယ်။ သူတို့ ဘာလုပ်နေကြတာလဲ?’

ထိုနေရာသည် မြို့လည်နှင့်နီးလေရာ ဇွန်ဘီတို့က မရေတွက်နိုင်အောင် များပြားလေသည်။ လူသားအဖွဲ့မှာ အဆင့်၅နှစ်ယောက်နှင့် အခြားသူများသည် အဆင့်သုံးလောက် အဆင့်လေးလောက်သာ ရှိကြသည်။   ‘ဒါဆိုရင် ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာကြတာလဲ? ပြီးတော့လည်း အဆင့်ငါးဇွန်ဘီသုံးကောင်က သူတို့နားမှာ ဘာလုပ်နေတာလဲ? မစားသေးဘူးလား?’

လင်းချင်းသည် ထိုနေရာကို အာရုံစိုက်ကြည့်သော်လည်း ၁၀မိုင်လောက်ဝေးနေသဖြင့် သူမသည် အကုန်လဒံးကို သေချာမခံစားနိုင်ပေ။ သိနိုင်သည်ကတော့ ထိုလူများသည် ဇွန်ဘီခေါင်းဆောင်အချို့နှင့် အတူရှိနေခြင်းသာ။   ‘အန္တရာယ်များတဲ့ ဇွန်ဘီခေါင်းဆောင်တွေနဲ့ ဒီလူတွေက ဘာဖြစ်လို့ နေကြတာလဲ?’

လင်းချင်းသည် နားမလည်နိုင်တော့ပေ။ သူမအာရုံခံမိသည့်အရာက ကမ္ဘာပျက်ခေတ်တွင် သိပ်ပုံမှန်ဟုတ်မနေပေ။

ရှဲ့တုန်းသည် အပေါ်သို့ရောက်လာသည့်အခါ လင်းချင်းကြည့်နေသည့်ဘက်ကို ကြည့်ပြီးနောက် အောက်ကိုငုံ့ကြည့်သည်။ အဆောက်အဦးများကြားတွင် ဇွန်ဘီများသည် ပြည့်နေပြီး အဆောက်အဦးထဲတွင် ဇွန်ဘီတို့က ပိုများသည်။ လင်းချင်းကတော့ အတွေးထဲတွင်မျောနေသလိုဖြင့် တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည်။ သို့သော်လည်း သူကတော့ သူမကြည့်နေသည့်ဘက်မှ ဘာတစ်ခုကိုမှ အာရုံမခံနိုင်ပေ။

လင်းချင်းသည် ခနတွေးပြီးနောက် ထိုလူများက ဘာလုပ်နေသလဲကို သိရအောင် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထူးဆန်းသည့် ခံစားချက်ကြီးက သူမအား တစ်ချိန်လုံး အနှောင့်အယှက်ပေးနေသောကြောင့် ဖြစ်သည်။ သူမသည် တွေးနေရင်း ရှဲ့တုန်းအား ထိုလူများရှိသည့်ဘက်ကို ညွှန်ပြပြီးနောက် အေးဆေးလာဖို့ လက်ပြလိုက်သည်။

လက်ပြပြီးနောက် လင်းချင်းသည် နောက်သို့ခြေတစ်လှမ်းဆုတ်၍ အားယူကာ အရှေ့က အဆောက်အဦးပေါ်သို့ ခုန်တက်သွားသည်။ လေထဲတွင်ပဲ သူမသည် ပျောက်ကွယ်သွားတော့သည်။ ရှဲ့တုန်းသည် လင်းချင်းက ဘယ်လိုလုပ်လိုက်သလဲကို မသိပေ။ 

ထိုအရာသည် သူမ၏ ခိုးဝှက်တိုက်ခိုက်မှုများအတွက် အကောင်းဆုံးဖြစ်သည့် ထူးခြားသည့်အရည်အချင်းဟု ခံစားမိလိုက်သည်။ လင်းချင်းသည် ပျောက်သွားကာ အခြားနေရာများတွင် ပေါ်လာတက်သည်ကို ကြိမ်ဖန်များစွာ မြင်ဖူးသော်လည်း သူမသည် ပါးလွှာကာဖောက်ထွင်းမြင်ရသည့် အရိပ်လိုမျိုးဖြစ်သွားကာ သွားလာနေခြင်းကိုတော့ ဘယ်တုန်းကမှ သတိမထားမိခဲ့ပေ။

လင်းချင်းသည် မြန်နိုင်သမျှမြန်မြန် အဆောက်အဦးများပေါ်ကနေ ခုန်လွှားကာ သွားနေခြင်းဖြစ်သည်။ ရှဲ့တုန်းကတော့ လင်းချင်းလောက် မလျှင်မြန်သလို ကိုယ်ဖျောက်ထားသည့် လင်းချင်းကိုလည်း မမြင်နိုင်သဖြင့် သူမညွှန်ပြသွားသည့်ဘက်သို့သာ သွားရသည်။

အဆောက်အဦးများသည် အနိမ့်အမြင့်မတူညီသလို အကွာဝေးချင်းလည်း မတူညီကြသော်လည်း လင်းချင်းကတော့ ရပ်နားခြင်းမရှိဘဲ ပြေးလွှားကာ ခုန်ကူးနေဆဲဖြစ်သည်။ အကွာဝေးသည် အရမ်းများလျှင် လင်းချင်းသည် လမ်းဘေးက သစ်ပင်ကနေ တစ်ဆင့်ခုန်ကူးသည်။ 

လင်းချင်းသည် ထိုလူများအနားသို့ နီးလာလေလေ မလွယ်ကူသလို ပိုခံစားရလေလေ ဖြစ်သည်။ သူမသည် အဆင့်ငါးဇွန်ဘီသုံးကောင်ကို လျစ်လျူရှုမိကာ ထိုလူများ၏ အကြောင်းကိုသာ သိချင်နေခြင်း ဖြစ်သည်။ ထိုလူသားများ၏ အရှိန်အဝါသည် သူမအတွက် ထူးခြားနေသဖြင့် ဒီလူများကို လျစ်လျူရှုလိုက်ဖို့ မတက်နိုင်တာ ဖြစ်သည်။ နာရီဝက်လောက်ကြာသည့်အခါ လင်းချင်းသည် သူတို့ရှိသည့်နေရာသို့ ရောက်သွားသည်။

ထူးဆန်းလွန်းသည်။ အမိုးထိပ်ကနေ လင်းချင်းသည် သာမန်ဇွန်ဘီများ ဝိုင်းခံထားရသည့် လူတစ်စုကို တွေ့လိုက်သည်။ ထိုသာမန်ဇွန်ဘီများသည် သွားများကိုဖြဲကာ ဒီလူများအနားသို့ ဖြည်းဖြည်းချင်းသွားနေကြသည်။ သူတို့သည် ထိုလူများကို ပိတ်ဝိုင်းထားသည် ဖြစ်သော်လည်း အနားသို့ မကပ်ရဲသဖြင့် နှစ်မီတာလောက်တော့ ခွာနေကြသည်။ အဆင့်မြင့်ဇွန်ဘီများက သူတို့ကို စောင့်ကြည့်နေသောကြောင့် ထိုလူများသည် သတိဖြင့်သွားနေရသည်။ 

တစ်ကောင်သည် အရှေ့တွင်ပိတ်ထားကာ တစ်ကောင်က အနောက်တွင်ရှိနေသည်။ တစ်ကောင်ကတော့ ဇွန်ဘီအုပ်ကိုထိန်းနေသည့်အလား ဘေးကနေ တစ်ချိန်လုံး လက်များကို လှုပ်ယမ်းလျှက်ရှိသည်။

လင်းချင်းသည် ဇွန်ဘီခေါင်းဆောင် သုံးကောင်ကို ကြည့်လိုက်လေရာ သူတို့၏ရုပ်များသည် မှတ်မိနိုင်စရာကို မရှိတော့ပေ။ လင်းချင်းသည် ထိုသုံးကောင်မှာ အထီးမှန်း အမမှန်းနှင့် ငယ်မှန်း ကြီးမှန်းကိုတောင် မသိနိုင်ပေ။ မျက်နှာတွင် သွေးများဖြင့်ပေကျံနေကာ ပါးစပ်များသည် ပြဲနေပြီး သွားများက ချွန်ထက်နေကာ မျက်လုံးနက်များက ပြူးထွက်နေသည်။ အရင်ခေတ်တွင်ဆိုလျှင် ဒီလိုရုပ်များကြောင့် လူများက မြင်လျှင် ကြောက်၍သေသွားနိုင်သည်။

Previous Chapter 190 of 198 Next