၂၀၀။ မိုးကြိုးနဲ့ မြူခိုးနက်
ထူးဆန်းကာ အားကောင်းသည့် ဇွန်ဘီသည် ထောင်ချောက်မိသွားသည့်အခါ လူသားအုပ်စုသည် စိတ်သက်သာရာရကာ ချက်ချင်းပဲ လုံခြုံသည့်နေရာသို့ နောက်ဆုတ်ကြသည်။
“အဆင့်ဘယ်လောက်လဲ? ဘာဖြစ်လို့ ဒီလောက်အရပ်ရှည်ပြီး သန်မာနေရတာလဲ? ဇွန်ဘီဘုရင်ခင်တည်းက အရပ်ရှည်လို့များလား?”
“ငါလည်းမထင်ဘူး။ သူ့ကြွက်သားတွေဆီကနေ အရမ်းအားကောင်းတဲ့ စွမ်းအင်ကို ငါအာရုံခံမိတယ်။ ဇွန်ဘီဖြစ်မှ ဒီလိုဖြစ်သွားတာ ဖြစ်မယ်”
“ဒါဆိုရင် အဆင့်ဘယ်လောက်လဲ? ပြီးတော့ သူ့မျက်လုံးတွေက ခရမ်းရောင်တောက်နေတယ်။ ဒီလိုဇွန်ဘီမျိုးကို ငါမမြင်ဖူးဘူး”
“ငါလည်းဘယ်မသိလဲကွ။ ဒါပင်မယ့် ခုနက ငါတို့မြင့်ခဲ့တဲ့ ဇွန်ဘီခေါင်းဆောင်တွေထက်တော့ အဆင့်မြင့်မယ်လို့ ငါပြောရဲတယ်။ အဆင့်ခြောက်ဆိုတော့ ဇွန်ဘီဘုရင်များလား?”
“ဇွန်ဘီဘုရင်!” ထိုအခါ အခြားသူများသည် ကြက်သီးထ၍ ခေါင်းဦးရေပြားတောင် စပ်ဖျင်းဖျင်းဖြစ်သွားသလိုပင်။
“မြန်မြန် မြန်မြန် မြန်မြန်! မလွတ်ခင် ငါတို့ဝေးရာပြေးကြရအောင်!”
“ဟိုအမျိုးသမီးကို ဘယ်လိုလုပ်ကြမလဲ?”
“ဘယ်အမျိုးသမီး! သူပျောက်သွားပြီဆိုတာ မင်းမမြင်ဘူးလား! ရူးနေလား? သူ့မှာနယ်မြေရှိတယ်ကွ ဇွန်ဘီကိုမတိုက်နိုင်ရင် နယ်မြေထဲကို ဝင်ပုန်းလိုက်ရုံပဲ သူကဘာဖြစ်မှာ မလို့လဲ? ငါတို့အတွက်သာ ဒီမှာနေဖို့ အန္တရာယ်များတာ။ ပြီးတော့ သူ့ကိုငါတို့က သွားနှောင့်ယှက်နေသလိုဖြစ်နေလိမ့်မယ်။ သွားမယ်! လာသွားကြစို့”
ဒီလိုပြောပြီးနောက် လူငါးယောက်သည် ပိုဝေးသည့်နေရာသို့ တပ်ဆုတ်သွားကြသည်။
မိုးကြိုးဇွန်ဘီဘုရင်သည် သူတို့ကို အခုအချိန်မှာ အာရုံမစိုက်နိုင်သေးပေ။ သူ့ကိုယ်ပေါ်က မြူခိုးနက်များကို ခြစ်ထုတ်နေသော်လည်း မရနိုင်သဖြင့် သူ့သွေးနှင့်ကြွက်သားများ ပျောက်ကွယ်နေသည်ကို ကြည့်နေရသလို ဖြစ်နေသည်။ ထို့နောက် သူ့ကိုယ်ကနေ မိုးကြိုးများထုတ်ကာ မြူခိုးနက်များကို ရှင်းဖို့လုပ်တော့သည်။
ထိုအခါ မိုးကြိုးများနှင့် မြူခိုးနက်များသည် ရောထွေးသွားပြီးနောက် အနက်ရောင်မီးခိုးများ ထွက်လာတော့သည်။ အချို့သည် မိုးပေါ်တက်သွားကာ အချို့က လေနှင့်ပျံ့သွားသည်။ ဇွန်ဘီဘုရင်သည် ဒီနည်းဖြင့် မြူခိုးနက်များကို ရှင်းရင်း အော်လိုက်သည်။ “ဝူး ဟူး ဝူး ဟူး”
မြူခိုးနက်များ မရှိတော့သည့်အခါ ဇွန်ဘီဘုရင်သည် အရင်ကထက် ပိုကြောက်ဖို့ ကောင်းသွားသည်။ အစက သူ့ကိုယ်တွင် သွေးစွန်းများရှိနေတာ ဖြစ်သော်လည်း အခုတော့ သူ့သွေးများဖြင့်ရွှဲနေတော့သည်။ သူလမ်းလျှောက်လိုက်တိုင်း သူ့ကိုယ်ကနေ အနက်ရောင် သွေးမည်းမည်း ပြစ်ပြစ်ကြီးများက မြေပြင်ပေါ်တွင် အိုင်ထွန်းအောင် စီးကျနေသည်။ သို့သော်လည်း သွေးထွက်နေခြင်းက ဇွန်ဘီဘုရင်ကို အရမ်းထိခိုက်သွားတာမျိုး မဟုတ်ဘဲ မြူခိုးနက်များထဲက ထွက်လာသည်နှင့် ခေါင်းမော့ကာ အော်တော့သည်။ “ဂါး!”
ထိုအခါ ဇွန်ဘီဘုရင်၏ဘေးတွင် သဏ္ဍန်နှစ်ခုသည် ရွှီးခနဲ ရောက်လာတော့သည်။ တစ်ချက်ကြည့်ရုံဖြင့် ဒီဇွန်ဘီနှစ်ကောင်သည် ခုနက သူမကိုကြောက်၍ ပြေးသွားသည့် ဇွန်ဘီခေါင်းဆောင်များ ဖြစ်ကြောင်းကို သိလိုက်သည်။ ဒီကောင်များသည် ဇွန်ဘီဘုရင်၏ လက်အောက်ငယ်သားများဖြစ်၍ သူ့ကိုကူညီဖို့ ရောက်လာကြတာ ဖြစ်သည်။
ထိုဇွန်ဘီခေါင်းဆောင် နှစ်ကောင်သည် ဇွန်ဘီဘုရင်နားတွင် ကွေးညွတ်ကာ ရပ်နေကြစဉ် လင်းချင်းသည် သူတို့ထံမှ ကြောက်ရွံ့မှုကို သိလိုက်ရသည်။ ‘ဘာဖြစ်လို့ ကြောက်နေတာလဲ?’
ထိုအချိန်တွင် ဇွန်ဘီဘုရင်သည် ခြေတစ်လှမ်းတိုးလိုက်ကာ သူ့ခရမ်းရောင် တောက်နေသည့် လက်သည်းများဖြင့် ဇွန်ဘီခေါင်းဆောင်နှစ်ကောင်၏ လည်ပင်းကို ဖောက်လိုက်သည်။ ခေါင်းများပါ ပေါက်ကွဲထွက်သွားသည်နှင့် ဇွန်ဘီဘုရင်သည် ခေါင်းထဲမှ အမြူတေကို ဆွဲထုတ်လာသည်။ ထို့နောက် ဇွန်ဘီခေါင်းဆောင်နှစ်ကောင်သည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ သေဆုံးသွားတော့သည်။
အခုမှ ဇွန်ဘီခေါင်းဆောင်နှစ်ကောင်၏ ကြောက်ရခြင်းကို လင်းချင်းသိတော့သည်။ သူတို့သည် သေမှာကို ကြောက်နေသော်လည်း ပြန်မတိုက်ရဲကြတာ ဖြစ်သည်။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ သူတို့၏ ဇွန်ဘီအမြူတေကို ထုတ်ယူ၍ သတ်သွားခြင်းကို ငြိမ်ခံနေရခြင်း ဖြစ်သည်။
ဇွန်ဘီဘုရင်သည် ဦးနှောက်အစအနများ ပါနေသည့် အမြူတေနှစ်ခုကို သူ့ပါးစပ်ထဲသို့ ထည့်ကာ ဝါးစားလိုက်ပြီးနောက် အကျယ်ကြီးအော်သည်။ ထို့နောက် လုံးဝမပျောက်သေးသည့် လင်းချင်း၏ မြူခိုးနက်များကို လက်ညိုးထိုးပြလိုက်သည်။ ထိုအခါ မိုးခြိမ်းသံများနှင့်အတူ လက်မောင်းလောက်ထူသည် မိုးကြိုးများသည် မြူခိုးနက်ထဲသို့ ပစ်ချလိုက်သည်။
မြေပြင်ပေါ်သို့ကျလာသည့် မိုးကြိုးများသည် မြူခိုးနက်များကို ဖျက်စီးပစ်လိုက်သည်။ လင်းချင်းသည် မြူခိုးနက်များကို မထိန်းချုပ်နိုင်တော့သည့်အခါ အသက်ရှုကြပ်သလို ခံစားလိုက်ရသည်။ ဇွန်ဘီဘုရင်က မြူခိုးနက်ထဲက စွမ်းအင်ကို ဖျက်စီးလိုက်သဖြင့် မကြာခင်တွင် ပျောက်သွားတော့မည် ဖြစ်ကြောင်းကို လင်းချင်းက သိလိုက်သည်။
မြူခိုးနက်များက မရှင်းနိုင်သဖြင့် လင်းချင်းသည် ဒီဇွန်ဘီဘုရင်က ရင်ဆိုင်ဖို့မလွယ်ကြောင်းကို သိလိုက်သည်။ သူမထက် ပိုသွက်လက်သဖြင့် သူမ၏ ခိုးတိုက်ခိုက်မှုများသည်လည်း အလုပ်မဖြစ်ပေ။
‘ဘယ်လိုတိုက်ရမှာလဲ? နယ်မြေထဲကို ဆွဲခေါ်သွားပြီးတော့ နွယ်လေးကို ရှင်းခိုင်းလိုက်ရမလား? နွယ်လေးတောင် ကိုင်တွယ်နိုင်ပါ့မလားဆိုတာ ငါမသေချာဘူး။ ပြီးတော့လည်း သူ့ကိုယ်ကြီးကိုကြည့်ဦး။ သွေးသံတရွှဲရွှဲနဲ့ ငါ့ကန်ရေတွေ ညစ်ပတ်ကုန်မယ်။ ဒီဇွန်ဘီကို ငါ့ကန်ထဲ ပစ်ချလိုက်ရင် ငါ့ရေက သောက်လို့ရပါတော့မလား?’
လင်းချင်းက ဇွန်ဘီဘုရင်ကို ဘယ်လိုရှင်းမလဲ တွေးနေစဉ် ဟိုကလည်း သူမကို လိုက်ရှာနေသည်။ လင်းချင်းက သူ့မှာထားသည့် သူ့အစာကို ခိုးသွားသဖြင့် ဒေါသထွက်နေတာ ဖြစ်သည်။ ဇွန်ဘီခေါင်းဆောင်များသည် သူ့အားအစာပို့သူများ ဖြစ်လေရာ လင်းချင်းက ဒီကောင်များကို ကြောက်အောင်ခြောက်လွှတ်၍ သူ့အစာကို ခိုးသွားခဲ့သည်။
ဇွန်ဘီဘုရင်သည် ဆာလောင်နေသည်မှာ ရက်အချို့ရှိပြီ။ ဒီလူသားအုပ်စုသာဆိုလျှင် သူဗိုက်ဝတော့မည်ဟု မျှော်လင့်ထားခဲ့တာ ဖြစ်သည်။ သို့သော်လည်း အံ့သြဖို့ကောင်းစွာဖြင့် သူ့နယ်မြေထဲမှာကို အခြားဇွန်ဘီတစ်ကောင်က သူ့အစာကို လာခိုးရဲသည်။ ထို့အပြင် ထိုဇွန်ဘီသည် သူ့ထက်လည်း အဆင့်နိမ့်သေးသည်။ သူမကသာ သူနှင့်အဆင့်တူသည့် ဇွန်ဘီဘုရင်မဖြစ်လျှင် ဒီလောက် ဒေါသထွက်မှာ မဟုတ်ပေ။ ‘အဆင့်နိမ့်ဇွန်ဘီက ငါ့ကိုအာခံရဲတယ်ဆိုတော့ ဒါကသေချာပေါက် လာစိန်ခေါ်နေတာပဲ။ ဒီလောက်ရဲတဲ့ ဇွန်ဘီမကို ငါအပိုင်းပိုင်းဆွဲဖြဲပြီးတော့ သူ့အမြူတေကို ထုတ်ပစ်မယ်’
လင်းချင်းက ဇွန်ဘီဘုရင်ဖြင့် ရင်ဆိုင်နေချိန်တွင် ကားကြီးသုံးစီးသည် ဒီနေရာဖြင့် ဆယ်မိုင်အကွာကို ရောက်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ဝူယွဲ့လင်းသည် ဝူချန်းယွဲ့၏ ရင်ခွင်ထဲမှာ သူမ၏ ပုစဉ်းရုပ်လေးကို သေချာကိုင်ထားလျှက် ကြောင်ပေါက်လေးလို ခွေအိပ်နေသည်။
ဝူချန်းယွဲ့သည် သူ့သမီးကိုဖက်ထားကာ ကားပြတင်းပေါက်ကနေ အပြင်ကို ကြည့်နေသည်။ သူ့ဘေးက မြေပုံကြည့်နေသည့် ရှောင်ယွင့်လုံသည် ခေါင်းမော့လာကာ မေးသည်။ “မိုးကြိုးဇွန်ဘီဘုရင်က မြို့ပေါ်မှာဆိုတာ မင်းသေချာလား? ဒီနေရာမှာ ဇွန်ဘီတွေ အရမ်းပေါတာ ဇွန်ဘီခေါင်းဆောင် ဆယ်ကျော်လောက်နဲ့ တွေ့မယ်ထင်တယ်”
ဒီနေရာသည် ဇွန်ဘီအရမ်းပေါများကြောင်းကို ပင်လယ်မြို့တော်က လူတိုင်းက သိကြသည်။ ထို့ကြောင့် သီးသန့်ဇွန်ဘီအမဲလိုက်အဖွဲ့များကို သူတို့မလွှတ်ပေ။ ဇွန်ဘီခေါင်းဆောင် ဆယ်ကျော်လောက် နေသည့်နေရာဖြစ်သောကြောင့် ဇွန်ဘီဘုရင်သို့မဟုတ် ဇွန်ဘီဘုရင်မ ရှိခြင်းက ဖြစ်နိုင်သည်။ ဘယ်သူကမှ မဖြစ်မနေ မဟုတ်လျှင် သူတို့ဖြင့် မရင်ဆိုင်ချင်ကြပေ။ ဇွန်ဘီဘုရင်ကို သတ်နိုင်ရင် ပြဿနာမရှိပင်မယ့် မသတ်နိုင်လျှင် ဇွန်ဘီအုပ်ကြီး၏ လက်စားချေမှုကို ခံစားရမှာ ဖြစ်သည်။ ဇွန်ဘီဘုရင်တို့သည် ဉာဏ်ကောင်းသဖြင့် အငြိုးထားကြသည်။
ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ ပြောသည်။ “အဆင့်ခြောက်ဇွန်ဘီတွေက အဆင့်ငါးဇွန်ဘီတွေ များများရှိတဲ့နေရာမှာ အမြဲရှိတက်တယ်”
ရှောင်ယွင့်လုံသည် ခေါင်းမော့ကာ သူ့ကိုကြည့်ပြီးနောက် လင်းလင်းကို ကြည့်ကာ “မင်းယုံကြည်မှု ဘယ်လောက်ရှိနေတာလဲ? ဒါအရမ်းအန္တရာယ်များတယ်။ မသတ်နိုင်ရင် နောက်ဆက်တွဲတွေကို သိတယ်မလား”
ဝူချန်းယွဲ့သည် ပြုံး၍ခေါင်းငြိမ့်ကာ ပြောသည်။ “ငါသိတယ်။ ဒါကြောင့် ငါသတ်နိုင်ဖို့အတွက် အကုန်လုပ်မှာပါ။ ဒါပင်မယ့် လင်းလင်းကို ငါ့အတွက် စောင့်ရှောက်ပေးထား” ဇွန်ဘီဘုရင်ကိုသတ်ဖို့ မဖြစ်နိုင်ခဲ့ပါ သေသည့်အထိ ဇွန်ဘီအုပ်၏ အမဲလိုက်ခြင်းနှင့် ရင်ဆိုင်ရမည်ကို သူသိပါသည်။ ဒီလိုဖြစ်ခဲ့ပါက သူကတော့ ပြဿနာအကြီးအကျယ်ကို တက်လေပြီ။