၈၁။ အရမ်းခါးတယ်
ရှောက်သီးတစ်လုံးစာလောက်ရှိသည့် မြွေသည်းခြေကို လင်းချင်းသည် ပါးစပ်ကျယ်ကျယ်ဟကာ မြိုချလိုက်သည်။ ထို့နောက် သူမသည် တွေဝေမှုမရှိစွာ သူမ၏သွားစွယ်ဖြင့် ကိုက်လိုက်သည်။ သည်းခြေရည်များသည် သူမ၏ပါးစပ်ထဲမှာ ပေါက်သွားသည့်အခါ သူမတောင့်သွားသည်။
“ဂါး!” သူမသည် ပါးစပ်ကို လက်ဖြင့်ကာရင်း အော်လိုက်သည်။ သူမ၏မျက်နှာတစ်ခုလုံးမှာ မဲ့ရွဲ့နေသည်။ ထို့နောက် သူမသည် ကန်ဘေးသို့အမြန်သွားလိုက်ရသည်။
“ဂါး?” လင်းချင်း၏အော်သံကြောင့် ကျွင်းကျွင်းသည် နယ်မြေထဲမှနေ ဘာဖြစ်သလဲကို ထွက်ကြည့်လာသည်။ လင်းချင်းသည် ကန်ဘေးမှာလဲနေကာ မျက်နှာတစ်ခုလုံးကို ကန်ရေထဲသို့ နှစ်ထားသည်ကို တွေ့လိုက်ရသည့်အခါ ဘာဖြစ်သလဲ ခန့်မှန်း၍မရပေ။
လင်းချင်းသည် ကန်ထဲကို မျက်နှာနှစ်ကာ ရေကိုသောက်လိုက်သည်။ ခေါင်းပြန်မော့လာသည့်အခါ ရေတွေကိုငုံထားပြီး နာကျင်နေသည့်ရုပ်ဖြင့် ဖြစ်သည်။ ထို့နောက် သူမသည် ကန်ဘေးတွင်ထိုင်လိုက်ကာ လက်ဆေးလိုက်သည်။
မြွေသည်းခြေသည် အလွန်ဆိုးဝါးလွန်းအောင်ကို ခါးလွန်းသည်။ အခုတော့ သူမ၏လျှာတစ်ခုလုံးတွင် ခါးသက်မှုဖြင့် ပြည့်နေသည်။ သူမသည် ဆေးခါးများကို သောက်ဖူးသော်လည်း ဒီသည်းခြေလောက်တော့ မခါးပေ။
သူမသည် လက်ဆေးပြီးသည့်အခါ လက်ဖြင့်ရေကို ထပ်ခပ်သောက်လိုက်သည်။ ထို့နောက်တွင် သူမသည် နေရသည်မှာ အနည်းငယ်သက်သာလာသော်လည်း သူမ၏ပါးစပ်ထဲက ခါးသက်သည့်အရသာကတော့ မပျောက်သေးပေ။
သူမသည် မျက်ခုံးကိုကျုံ့လိုက်ကာ ရှုံ့မဲ့နေသည့် မျက်နှာဖြင့် ကန်ကိုကြည့်လိုက်သည်။ ရုတ်တရက် သူမအတွေးတစ်ခုရသွားသည်။ ကန်ရေတွင် မှော်ဆန်သည့်အကျိုးများရှိနေသဖြင့် သူမသာ မြွေ၏ကျန်သည့်အပိုင်းကို ရေစိမ်ထားလျှင် ဘယ်လိုဖြစ်မလဲ သိချင်သွားသည်။ ကန်ရေက အသားကို လတ်ဆက်အောင် ထိန်းထားပေးနိုင်မလား?
ဒီအတွေးဖြင့် သူမသည် မြွေဆီသို့သွားကာ သူမစားထား၍အမြီးမှ အရိုးများသာကျန်သည့်အပိုင်းကို လက်သည်းဖြင့် ဖြတ်ထုတ်လိုက်သည်။ မြွေအပေါ်ပိုင်းသည် အောက်ပိုင်းနှင့်ပြတ်သွားသည်။
ထို့နောက် လင်းချင်းသည် မြွေအရေခွံကို နွှာလိုက်ပြီးနောက် မြွေသားများကို အတုံးလေးများဖြစ်အောင် ပိုင်းထားလိုက်သည်။ မြွေအရေခွံကိုဖယ်ပြီးသည့်အခါ သူမ၏လက်သည်းများဖြင့် လုပ်ရသည်မှာ ပိုလွယ်လာသည်။ သူမသည် အရိုးနှင့်အသားများကို သေချာခွဲလိုက်သည်။ ထို့နောက် အသားတုံးများကို အရေခွံပေါ်တွင် တင်ထားလိုက်သည်။
ကောင်းသည်တစ်ခုမှာ သူမသည် စတော်ဘယ်ရီပင်များကို ရေလောင်းရန် နယ်မြေထဲသို့ အပြင်မှနေ ပုံးအများကြီး ယူထား၍ဖြစ်သည်။ အခုတော့ သူမသည် အသားများကို ပုံးထဲသို့ထည့်ကာ ကန်ရေဖြင့်စိမ်ထားလိုက်သည်။ မြွေတစ်ပိုင်းလုံးကို ကန်ရေထဲသို့စိမ်မည့်အစား အသားတုံးများကိုသာ ပုံးထဲထည့်ကာ စိမ်ထားသည်က ပိုကောင်းလိမ့်မည်။ မဟုတ်လျှင် မြွေသာသိုးသွားပါက သူမ၏ကန်ရေလည်း နံ့ကုန်တော့မှာမလား?
သူမသည် မဲ့ရွဲ့နေသည့် မျက်နှာဖြင့် အတုံးများတုံးပြီးနောက် လက်ဆေးလိုက်သည်။ ထို့နောက် သူမသည် စာရွက်ပိုင်းတွင်စာရေးလိုက်ကာ သူမကို အဝေးကနေလှမ်းကြည့်နေသည့် ကျွင်းကျွင်းဆီသို့ သွားလိုက်သည်။ ထို့နောက် သူမသည် စာရွက်ပိုင်ကို ပေးလိုက်ပြီးသည်နှင့် သူမနှင့်အတူ သူမဆွဲလာသည့် မြွေရိုးများသည် ပျောက်ကွယ်သွားတော့သည်။ ‘မြွေသားတွေကို ပုံးထဲထည့်ပြီး ကန်ရေနဲ့စိမ်ထားဖို့ ကူညီပေးပါဦး’
သူမထွက်လာသည်နှင့် လင်းချင်းသည် မြွေရိုးများကို လွှတ်ပစ်လိုက်သည်။ ထို့နောက် သူမ၏ဗိုက်ကို ထိကြည့်လိုက်သည်။ သူမ၏ဗိုက်တွင် အပေါက်ရှိနေကာ အစာအိမ်တစ်ဝက်လောက်က ပျောက်နေသည်။ သို့သော်လည်း မြွေကြီး၏တစ်ဝက်ကို တစ်ထိုင်တည်း စားပစ်နိုင်ခဲ့သည်။ ‘အသားတွေက ဘယ်ရောက်သွားလဲ? သိပ္ပံနည်းမကျလိုက်တာ’
ထို့နောက် သူမသည် သိပ္ပံနည်းမကျစွာကို ဇွန်ဘီဖြစ်နေသည်ကို ပြန်သတိရသွားသည်။ ဒါထက်ပိုပြီး သိပ္ပံနည်းမကျတာက ဘာရှိသေးမလဲ? ထို့ကြောင့် သူမသည် ဘာတွေပဲဖြစ်လာဖြစ်လာ အသားကျအောင်နေတက်ဖို့သာ သတိပြန်ပေးထားလိုက်ရသည်။
သို့သော်လည်း ပြဿနာမှာ သူမသည် ဒီလောက်စားထားတာတောင် ဗိုက်ဆာနေသေးတာ ဖြစ်သည်။ ရုတ်တရက် သူမသည် ဇွန်ဘီထက် အစားမက်သည့် သရဲတစ်ကောင်ဖြစ်နေပြီလားတောင် တွေးမိနေလေပြီ။
ဒီလိုတွေးနေရင်းဖြင့် လင်းချင်းသည် စိုက်ခင်းနားသို့ ရောက်လာသည်။ ဒီစိုက်ခင်းထဲကဟာများသည် သူများတွေထင်သလို စားမရတာ မဟုတ်ဘူးဟု ယုံကြည်သည်။ သို့သော်လည်း အကုန်လုံးနီးပါးသည် ပိုးကူးဆက်ပြီးနေပြီး ဖြစ်သည်။ သူမသာ အပင်များကို နယ်မြေထဲသို့ပြောင်းကာ ကန်ရေဖြင့်နေတိုင်းလောင်းပေးပါက ပိုးသည် တဖြည်းဖြည်းပျောက်သွားလိမ့်မည်ဟု လင်းချင်းက ယုံကြည်ပါသည်။ နယ်မြေထဲက စတော်ဘယ်ရီပင်သည် အခုဆိုလျှင် အတော်ကောင်းနေပြီဖြစ်ရာ ပိုးလည်းကင်းသွားပြီ ဖြစ်သည်။ ဆိုးဝါးသည့်အနံ့ကြီးလည်း မရှိတော့ပေ။
လင်းချင်းသည် စိုက်ခင်းထဲမှ စားလို့ရမည့် အသီးအရွက်များ ရှာချင်သည်မှာ သူမ၏နယ်မြေထဲမှ ကလေးကြောင့်သာမဟုတ်ဘဲ သူမ၏မိသားစုအတွက်ပါ ဖြစ်သည်။ အစားအသောက်များသည် ရှားပါးနေသည်ဖြစ်ရာ တောင်ပိုင်းက သူမ၏မိသားစုသည်လည်း ရှင်သန်ဖို့အတွက် အစာလိုမည်ဖြစ်သည်။ ပိုးဆိုးဆိုးဝါးဝါးသိပ်ကူးသေးသည့် အပင်များနှင့် အစေ့များကိုရှာကာ သူမ၏နယ်မြေထဲတွင် စိုက်ပျိုးမှာဖြစ်သည်။
သူမ၏နယ်မြေထဲတွင် အချို့အသီးရွက်များနှင့် ဂေါ်ဖီထုပ်များကို ပြောင်းစိုက်ပါက ရှင်နိုင်မလား မသိပေ။ ဒီလိုလုပ်ရခြင်းသည် အနည်းငယ် ဒုက္ခရောက်ရသော်လည်း သူမကတော့ မြန်မြန်ဆန်ဆန်လုပ်ကာ ကြိုးစားကြည့်ချင်သေးသည်။ အချို့ပဲများနှင့် အသီးများကတော့ လွယ်လွယ်ကူကူ အစေ့ထုတ်သိမ်း၍ရသည်။
ဒီအတွေးဖြင့် လင်းချင်းသည် အသီးအရွက်များကို တူးတော့သည်။ သူမသည် ကြီးထွားနေသည့် အချို့အပင်များကို မြေဆီလွှာအပါတူးထုတ်လိုက်ကာ နယ်မြေထဲသို့ ပို့လိုက်သည်။ ဒီအပင်များက ရှင်မရှင်တော့ သူမမသိသော်လည်း စတော်ဘယ်ရီပင်ကတော့ ဒီလိုပြောင်းစိုက်လိုက်ရာမှာ ရှင်ခဲ့သည်။ တကယ်တော့ သူမသည် စိုက်ပျိုးရေးနှင့် ဉယျာဉ်ပညာအကြောင်းကို လုံးဝမသိပေ။ သူမသည် ဖြစ်နိုင်ချေရှိသလိုကိုသာ လုပ်နေတာဖြစ်သည်။
သူမသည် အာလူးအများကြီကို တွေ့သည်။ ဒီသန္ဓေပြောင်းနေသည့် အာလူးများသည် အနည်းငယ်ထူးဆန်းသော်လည်း လင်းချင်းမှာ ဒီမြေအောက်က အာလူးများသည် အနည်းငယ်သာ သန္ဓေပြောင်းနေကြောင်းကို သိလိုက်ရသည်။
ထို့အတူ သူမတွေ့ရှိရတာ တစ်ခုမှာ ကမ္ဘာပျက်ကပ်တွင် အပင်များသည် ပုံသဏ္ဍာန်အလွန်ပြောင်းသွားလေလေ ပိုးပါဝင်မှုနှုန်းနည်းလေလေ ဖြစ်သည်။ အချို့အပင်များသည် ပိုးပါပြီး သန္ဓေပြောင်းနေသလိုပုံက သိသာနေသော်လည်း အများစုက စားလို့ရသေးတာဖြစ်သည်။ ထိုအပင်များသည် ကာကွယ်ဖို့အလိုဠာ ဒီလိုမျိုးပြောင်းလဲသွားတာ ဖြစ်လိမ့်မည်ဟု သူမခံစားရသည်။
လင်းချင်းသည် သူမ၏မွေးရပ်မြေသို့ အမြန်သွားနေတာဖြစ်သော်လည်း စားလို့ရမည့် စိုက်ခင်းကို တွေ့သဖြင့်သာ ခနရပ်လိုက်တာ ဖြစ်သည်။ ဒီလိုလုပ်ရခြင်းမှာလည်း တနေ့တွင် သူမ၏မိသားစုကို ကူညီနိုင်ဖို့သာ ဖြစ်သည်။ ဒါပင်မယ့်လည်း ဒါကသူမ၏ မိသားစုများက ဆက်ရှင်နေနိုင်သေးမှ ဖြစ်နိုင်မှာ ဖြစ်သည်။
သူမသည် နေ့တစ်ဝက်လောက်သာ စိုက်ခင်းထဲတွင် အချိန်ဖြုန်းခဲ့သည်။ သူမသည် ပိုးနည်းသည့်အပင်များကို ရွေးချယ်ခဲ့သည်။ ဖရုံသီးများ၊ အာလူးများနှင့် အချို့ပိုးမကူးသည့် အပင်များဖြစ်သည်။ ထို့အပြင် သူမသည် ခြောက်သွေ့နေသည့် ပဲစေ့အချို့လည်း ကောက်လာခဲ့သည်။
ထို့နောက်တွင်တော့ သူမသည် နယ်မြေထဲသို့ဝင်ကာ မြက်နှုတ်ပြီး တူးဆွတော့သည်။ သူမတွင် တူရွင်းတို့ ဂေါ်ပြားတို့လိုမျိုးမရှိသဖြင့် သူမ၏လက်သည်းများဖြင့်သာ တူးရတာဖြစ်သည်။ ကျွင်းကျွင်းသည် သူမအားသားကို ဝူယွဲ့လင်းနေခဲ့သည့် ကုတင်ပေါ်တွင် တင်ထားလိုက်ကာ သူမကတော့ လင်းချင်းကို လာကူညီပေးသည်။
လင်းချင်းက တွင်းများတူးပြီးသည့်အခါ ကျွင်းကျွင်းသည် အပြင်ကမြေဆီလွှာပါလာသည့် အပင်များကို ထည့်ကာစိုက်ပေးသည်။ ထို့နောက်တွင်တော့ သူမသည် ကန်ထဲမှရေအချို့သယ်ကာ ရေလောင်းပေးသည်။ သူတို့နှစ်ယောက်လုံးသည် အလုပ်အရမ်းလုပ်နေကြတာ ဖြစ်သည်။ ဒီလိုအလုပ်လုပ်နေကြခြင်းသည် အိပ်ရာပေါ်က ကလေးက သူ့အမေကို မနားမချင်းခေါ်နေမှသာ ရပ်ဖြစ်သည်။
“မေမေ ဗိုက်ဆာဆယ်” ကလေးသည် သူ့၏မျက်လုံးတောက်တောက်လေးများကိုဖွင့်ကာ လက်ဆေးပြီး သူ့အနားသို့လျှောက်လာနေသည့် ကျွင်းကျွင်းကို ကြည့်ကာ ပြောသည်။ စတော်ဘယ်ရီသီးများစားပြီးသည့်အခါ ကလေး၏မျက်လုံးများသည် အရင်လိုမှိုင်းမနေတော့ပေ။ သို့သောလည်း မျက်နှာလေးကတော့ ချိုင့်နေဆဲဖြစ်သည်။
ကျွင်းကျွင်းသည် သူမသားလေး၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စိတ်ပူနေဆဲဖြစ်သော်လည်း အခုက လင်းချင်းနှင့်မတွေ့ခင်ကထက် ပိုကောင်းလာပြီဖြစ်သည်။ အရင်တုန်းက သူမသည် သားအတွက် အစာနှင့်ရေရော ရှာမတွေ့တာဖြစ်ပြီး နေမကောင်းဖြစ်မှာကို အမြဲစိုးရိမ်ခဲ့ရသည်။ အခုအခြေအနေကတော့ အရင်ကထက် ပိုကောင်းလာပြီဖြစ်သည်။