၆၄။ သူမကိုယ်ပြန်ကောင်းမွန်လာခြင်း
လင်းချင်းသည် ခေါင်းကိုငုံ့လိုက်ကာ သူမကိုယ်သူမ မယုံနိုင်ဖြစ်သွားသည်။ သူမ၏အသားအရောင်သည် အရင်လို အပြာရောင်ဖျော့ဖျော့ဖြစ်သည်။ သူမ၏အသားအရောင်သည် အနည်းငယ်ကြောက်ဖို့ကောင်းသော်လည်း အသားအရည်ကချောမွေ့ကာ တင်းရင်းနေပြီး ခြေထောက်များသည် ရှည်သွယ်နေသည်။ ထို့အတူ အရိုးတောင်မြင်နေရသည့် ဇွန်ဘီကိုက်စားခံရခြင်းတို့က ပေါင်နှင့်ခြေထောက်တွင် လုံးဝမရှိတော့ပေ။
ဒဏ်ရာရှိခဲ့သည့် နေရာများတွင် အသားအရည်တို့မှာ ပြန်ပေါ်လာခဲ့ပြီ။ သို့သော်လည်း ထိုအသားအရည်သည် အခြားအသားအရည်နှင့်မတူပေ။ အရင်အသားအရည်သည် အပြာဖျော့ဖျော့ဖြစ်သော်လည်း အခုအသားတက်လာသည့် အသားအရည်သည် ပန်းရောင်ဖြစ်သည်။ ထိုအသားအရည်သည် လူသားတို့ဒဏ်ရာရပြီးနောက် အသားတက်သည့်အခါ ဖြစ်နေသလို ပန်းရောင်လေးပင်။
ပေါင်ကဒဏ်ရာများသည် မကျက်သေးသော်လည်း ဒူးအောက်ကတော့ ကျက်သွားသဖြင့် အတော်သိသာနေသည်။ မည်းနေသည့်အနာဘေးများသည်လည်း ကွာကြကုန်ကာ အဖြူရောင်ကြွက်သားများကို မြင်နေရသည်။
သူမ၏ဗိုက်အပေါက်ကို ကြည့်လိုက်သည့်အခါ ထိုအတိုင်းကလီစာများက ပျက်စီးနေသည်ကို မြင်ရဆဲပင်။ ရင်ဘတ်က ဒဏ်ရာများသည်လည်း မပျောက်သေးပေ။ မျက်နှာကိုထိကြည့်လိုက်သည့်အခါ အရေတွန့်နေပြီးအပေါက်များက ရှိဆဲပင်။ ထို့နောက် ခေါင်းငုံ့ကာ သေချာပြန်ကြည့်လိုက်သော် ခြေထောက်ကဒဏ်ရာများက တကယ်ကို ပြန်ကောင်းနေတာ ဖြစ်သည်။
သူမ၏ကိုယ်အပြောင်းအလဲများကို လေ့လာချင်သော်လည်း ကလေးမလေး၏အရှေ့တွင် ကိုယ်တီးလုံးဖြင့် ရပ်နေခြင်းက မသင့်တော်ပေ။ သူမသည် မကောင်းတဲ့သူမဟုတ်ပေ။ ထို့ကြောင့် ဝူယွဲ့လင်းအား သူမကိုမကြည့်ဖို့ လက်ဟန်ပြလိုက်ရသည်။
ဝူယွဲ့လင်းသည် သူမအားမကြောက်ဘဲ သူမကိုယ်ကို စပ်စုစွာ ကြည့်တောဖြစ်သည်။ လင်းချင်းက မကြည့်ဖို့လက်ဟန်ပြသည့်အခါ နာခံစွာဖြင့် သူမ၏မျက်လုံးများကို လက်သေးသေးလေးတစ်ဖက်ဖြင့် ကွယ်ထားပေးလိုက်သည်။ သို့သော်လည်း သူမ၏လက်သေးသေးလေးတစ်ဖက်မှာ မျက်လုံးတစ်ဖက်သာလုံသဖြင့် ကွယ်လို့မရသည့် နောက်မျက်လုံးမှနေ လင်းချင်းအား ကြည့်နေဆဲပင်။
လင်းချင်းသည် သက်ပြင်းချကာ အမြန်ပြေးသွားသည်။ သူမသည် ဓားပြများဆီမှသိမ်းလာသည့် အဝတ်များကိုယူလိုက်ကာ နယ်မြေလေးထဲသို့ မြန်မြန်ပြေးသွားသည်။
လင်းချင်းက အရမ်းမြန်လွန်းတာကြောင့် ဝူယွဲ့လင်းသည် လေထဲတွင် လျှပ်စီးလိုထွက်သွားသည့် သဏ္ဍာန်တစ်ခုက အစရှာမရအောင် ချက်ချင်းပျောက်သွားသည်ကိုသာ တွေ့လိုက်ရသည်။
လင်းချင်းသည် အခုဆိုလျှင် သူမနယ်မြေထဲမှ အရာအားလုံးကို ခံစားနိုင်နေပြီဖြစ်သော်လည်း မထိန်းချုပ်နိုင်သေးပေ။ သူမသည် အဝတ်အမြန်ဝတ်ကာ နယ်မြေထဲမှနေ ပရိဘောဂများထားသည့် နေရာသို့ ဝူယွဲ့လင်းအားကြည့်ရန် လျှောက်လာသည်။ ဝူယွဲ့လင်းသည် သူမပျောက်သွားသည်နှင့် ယုန်ကိုလိုက်ဖမ်းနေပြီဖြစ်ရာ ကလေးမလေးကို နှောင့်ယှက်မနေတော့ပေ။
သူမသည် ခုံပေါ်တွင်ထိုင်လိုက်ကာ ဘောင်းဘီကိုလိပ်တင်ပြီး သူမ၏ခြေထောက်ကို သေချာစစ်ကြည့်လိုက်သည်။ ကြွက်သားနှင့် အသားများပြန်တက်လာသည့် အသားအရည်ကို ထိကြည့်သည့်အခါ တကယ့်ကိုကောင်းနေပြီ ဖြစ်သည်။ အရင်တုန်းက ထိုကြွက်သားများသည် ဇွန်ဘီများ၏အခြေအနေအတိုင်း လုံးဝသေနေကာ ပြန်မဆက်နိုင်ခဲ့ပေ။
ဇွန်ဘီများသည် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာရသည့်အခါ မသေနိုင်သော်လည်း ဒဏ်ရာများကတော့ ဘယ်တော့မှ မကျက်ပေ။ အဆင့်ခြောက်နှင့်အထက် ဇွန်ဘီများတွင်သာ ကိုယ်တိုင်ကုသနိုင်စွမ်းရှိကြသော်လည်း ဒီလိုရဖို့အတွက် လူ့နှလုံးသွေးနှင့် အသားများစွာ စားဖို့လိုအပ်ပေသည်။
သို့သော်လည်း လင်းချင်း၏ဒဏ်ရာဟောင်းများမှ တက်လာသည့်အသားများသည် ပုံမှန်ကိုယ်တိုင်ကုသနိုင်စွမ်းဖြင့် လုပ်နိုင်တာမျိုး မဟုတ်ပေ။ ပြန်ကောင်းလာခြင်းသည် ဒူးအောက်ခြေထောက်တွင်ဖြစ်ကာ ပေါင်တွင်လည်း သက်သာစပြုနေပုံရသည်။ သို့သော်လည်း ကျန်သည့်ကိုယ်က ဘာဖြစ်လို့ ဘာမှမဖြစ်တာလဲ?
သူမသည် ဘောင်းဘီကိုဆွဲချလိုက်ကာ ရေကန်အလည်သို့ လှမ်းကြည့်လိုက်သည်။ ဒီလိုပြောင်းလဲမှုများသည် ရေထဲကတောက်ပနေသည့် အစိမ်းရောင်နွယ်ပင်များကြောင့် ဖြစ်ကြောင်းကို သူမသိသည်။ သို့သော်လည်း ကုသနိုင်စွမ်းသည် ကန်ရေတွင်ပါနေခြင်းကြောင့်လား အခြားတစ်ခုခုကြောင့်လား ဆိုသည်ကိုတော့ မသိပေ။
‘ဒီကန်က ဘာလဲ? ပြီးတော့ ဒီနယ်မြေကို ဘယ်လိုလုပ်ရလာတာလဲ? ပြန်ကောင်းလာတာက ကောင်းတာလား ဆိုးတာလား မသိဘူး။ နောက်ဆုံးဘယ်လိုဖြစ်သွားမလဲ ဆိုတာကိုလည်း မသိဘူး။ လူသားပြန်ဖြစ်မလား? ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ပဲ ဖြစ်လာမလား?
ဒီလိုအတွေးများက မယုံနိုင်စရာကောင်းကြောင်းကို သူမသိသော်လည်း လက်ရှိခြေထောက်အခြေအနေက ယုံနိုင်ဖွယ်မရှိပေ။
သူမ၏ခြေထောက်များတွင် ကြွက်သားအသစ်များရှိနေသော်လည်း သူမခြေထောက်ကို ပွတ်ကြည့်ခြင်းနှင့် လက်သည်းချွန်များဖြင့် ထိုးကြည့်တာတောင် ခံစားမှုက မရှိသေးပေ။
ရေကန်ထဲကစွမ်းအင်က သူမ၏ကိုယ်အား ပြောင်းလဲပေးခဲ့တာ ဖြစ်သည်။ သူမသည် ဒီကန်ရေမှာ မှော်ဆန့်သည့်သက်ရောက်မှုများ ရှိနေသည်ဟု အမြဲတမ်းခံစားမိသော်လည်း အခုလိုသေနေသည့် ကြွက်သားမျာကို ပြန်ရှင်လာကာ ကြောက်ဖို့ကောင်းအောင် အမြန်ပြန်ကျက်လာလိမ့်မည်ဟုတော့ မထင်မိခဲ့ပေ။ လင်းချင်းသည် အများကြီးတွေ့ကြုံပြီးသော်လည်း အခုဒါကြောင့် တကယ်လန့်သွားတာ ဖြစ်သည်။
‘မှော်ဆန်တဲ့ဝတ္တုထဲရောက်နေလို့ ဆေးပင်တွေရှာပြီး ဒဏ်ရာကို ကုလို့ရတယ်ဆိုလည်းထားဦး။ အခုငါက ကမ္ဘာပျက်ခေတ်ကို ရောက်နေတာ ဟုတ်ရောဟုတ်လို့လား?’
သူမကိုယ့်ဟာကိုယ်ပြောနေမိသည်။
သူမ၏ဒဏ်ရာအချို့က ပျောက်ကင်းသွားသော်လည်း လင်းချင်းသည် သူမ၏ကိုယ်ထဲက ဇွန်ဘီပိုးမှာ သေသွားပြီလား ဆက်ရှိနေသေးလားကိုတော့ မပြောတက်ပေ။ ကန်ရေမှာ သူမအား လုထန်ယုမသေခင်က ရုပ်လိုပြန်ဖြစ်နိုင်သည့် အစွမ်းများရှိနေမလား? လင်းချင်းသည် မျက်မှောင်ကျုံ့မိသွားသည်။
ဒီလိုဖြစ်ခဲ့ရင် ပင်လယ်မြို့တော်အခြေစိုက်စခန်းမှ လူများသည် သူမကိုမှတ်မိမှာဖြစ်သည်။ ထိုအခါ သူမလည်း ဒုက္ခရောက်မှာ ဖြစ်သည်။ အကယ်၍ အခြားသူများကိုသူမရှောင်နေရင်တောင်မှ သူမအား လိုက်ရှာပြီးသတ်ကြမှာမလား? ထိုမိန်းမသည်လည်း မသေခင်မှာ မကောင်းတာတွေ အများကြီးကို လုပ်ခဲ့သည့်သူ ဖြစ်သည်။
ဒါကိုတွေးမိသည့်အခါ လင်းချင်းသည်လည်း ခေါင်းကိုက်လာသည်။ သူမသည် ပင်လယ်မြို့တော်အခြေစိုက်စခန်းနှင့် ဝေးဝေးနေမည်ဟု အစီအစဉ်ချထားတာ ဖြစ်သည်။ ကလေးမလေး၏ အဖေသာ သူမကိုမှတ်မိသွားပါက ဆိုးဆိုးဝါးဝါးကိစ္စများ ဖြစ်လာနိုင်သည်။ လုထန်ယုက ဝူချန်းယွဲ့အား မသေခင်လုပ်ခဲ့သည်ကို ပြန်တွေးမိသည့်အခါ လင်းချင်းသည် ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။ ‘ဘာဖြစ်လို့ ဒီလိုသေသင့်တဲ့ မိန်းမရဲ့ ကိုယ်ထဲကိုမှ ငါရောက်လာပြီး ပြန်ရှင်လာရတာလဲလို့?’
ခုနတုန်းက သူမသည် ရေကန်အလည်သို့ တစ်စုံတစ်ရာက ဆင့်ခေါ်သည့်အလား ဆန္ဒမရှိဘဲ လျှောက်သွားမိတာဖြစ်သည်။ ထို့ကြောင့် ရေကန်တွင် ဝိညာဉ်ရှိနေမလားဟု သူမတွေးမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ကိုယ်မှပြောင်းလဲမှုများသည် ကောင်းသည်ထက်တောင် ပိုလွန်းသည်။
‘ရေထဲမှာ ကြာကြာနေမိလို့ ပြန်ကောင်းသွားတာလား? ဒါပင်မယ့်လည်း ငါထပ်မလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရေအောက်မှာခံစားခဲ့ရတဲ့ ကြောက်ဖို့တဲ့နာကျင်မှုကြီးကို ပြန်တွေးမိတိုင်း ကြောက်လွန်းလို့ ရင်တုန်လာတယ်’ ထို့ကြောင့် သူမသည် ကိုယ့်ကိုယ်ကို မနှိပ်စက်တော့ဘဲ စောင့်နေဖို့သာ ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် သူမသည် ရေကန်ထဲကို ကိုယ့်ဟာကိုယ်သွားခြင်း မဟုတ်ဘဲ ဆင့်ခေါ်ခံရတာ ဖြစ်သည်။ ထို့ကြောင့် ကိုယ့်ဟာကိုယ်ဆင်းသွားလျှင် စွမ်းအားက ဖြစ်လာမလာကို မသိပေ။ အတည်ပြုရန် လိုအပ်နေသည်။
သူမသည် ခနတွေးပြီးသည့်အခါ ကန်ထဲရှိအစွမ်းအရင်းအမြစ်ကို လေ့လာနေခြင်းအား အလျှော့ပေးလိုက်သည်။ ထို့နောက် မျက်လုံးကိုမှိတ်ကာ အပြင်မှ အဆင့်ငါးဇွန်ဘီ၏ အခြေအနေကို အကဲခတ်လိုက်သည်။ ဒီလိုလုပ်လိုက်သည့်အခါ သူမ၏အာရုံများသည် အရင်ကထက် ပိုသန်မာနေပြီဖြစ်ကြောင်းကို သိလိုက်သည်။ သူမဝင်လာသည့်နေရာကို မြင်ရရုံတင်မက အရင်ကထက် မြင်ကွင်းများကို ပိုကျယ်ကျယ် ပိုမြင့်မြင့်မြင်လာရပြီ ဖြစ်သည်။ အဆင့်ငါးဇွန်ဘီနှင့် အခြားသတ္တဝါများ၏ တည်ရှိမှိုကို သူမအာရုံခံနိုင်ပြီဖြစ်သည်။
သူမသည် အဆင့်ငါးဇွန်ဘီခေါင်းဆောင်၏ မျက်လုံးအောက်မှ ကိုယ်ပျောက်ကာ ခိုးထွက်နိုင်မလား တွေးနေမိပြီ ဖြစ်သည်။ ထိုအချိန်မှာပဲ သူမ၏ရင်ထဲမှ အသံတစ်ခုသည် သူမသာ မျက်လုံးမှိတ်ပြီး သွားနေမယ်ဆိုလျှင် ဖြစ်နိုင်ကြောင်း ပြောပြသည်။ ထို့နောက်တွင်တော့ ဒီအသံကို ယုံကြည်ကာ သူမသည် မျက်လုံးမှိတ်ကာ စိတ်ထဲမှနေ ‘ထွက်’ဟု ပြောလိုက်တော့သည်။