၆၆။ မြို့လေးကို ဖြတ်သွားခြင်း
လင်းချင်းသည် ရှဲ့တုန်းဘယ်ရောက်နေသလဲ မသိပေ။ သို့သော်လည်း သူမတွင် သူ့ကိုလိုက်ရှာနေဖို့ အချိန်မရှိ။ သို့သော်လည်း သူမစိတ်တော့မပူပေ။ တောင်ဘက်သို့ တည့်တည့်ကြီးပြေးခိုင်းထားသဖြင့် သူတို့ပြန်တော့တွေ့မှာ ဖြစ်သည်။
ရှဲ့တုန်းကို သူမပြေးခိုင်းသည့်ဘက်သို့ ကားကိုဦးတည်ကာ မောင်းသွားမည်။ အစတုန်းက တံတားကျိုးကိုပတ်ရှောင်မည့်လမ်းကို ရှဲ့တုန်းက မောင်းမှာဖြစ်သော်လည်း မရှိတော့သည့်အခါ လင်းချင်းသည် မြေပုံကိုအရင်ကြည့်လိုက်သည်။ အနားတွင် မိုင်သုံးဆယ်လောက်အကွာမှာ မြို့ငယ်လေးတစ်ခုကို ဖြတ်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုမြို့လေးသို့ ဦးတည်ကာ မောင်းလိုက်သည်။
နာရီဝက်လောက်ကြာသည့်အခါ မြို့ဝင်ပေါက်သို့ ရောက်လာသည်။ မြို့နှင့်နီးလာလေလေ ဇွန်ဘီများက လမ်းပေါ်တွင် များလာလေလေဖြစ်သည်. ထိုဇွန်ဘီများသည် ကားထဲက ဝူယွဲ့လင်းအနံ့ကိုရသဖြင့် ဆူဆူညံ့ညံ့လုပ်လာကြတော့သည်။ သို့သော်လည်း လင်းချင်းပါနေသဖြင့် အနားသို့တော့ မလာရဲကြပေ။
နာရီဝက်လောက်ကြာသည့်အခါ ဝူယွဲ့လင်းသည် တည်ငြိမ်သွားပြီ။ သူမ၏ကိုယ်သည် တောင့်မနေတော့ဘဲ ခုံကိုမှီထိုင်ရင်း ပြတင်းပေါက်မှနေ အပြင်ရှုခင်းများကို ကြည့်လာသည်။ သူမ၏ပေါင်ပေါ်တွင်ထိုင်နေသည့် မီးခိုးရောင်ယုန်၏ အမွေးများကို လက်ဖြင့်ဖွဖွလေး ပွတ်သပ်ပေးနေသည်။
လင်းချင်းသည် မြို့ထဲသို့ မောင်းလာသည်။ မောင်းလာစဉ်တွင် လမ်းအမှတ်အသားများကိုကြည့်ရင်း စတီရာတိုင်ပေါ်တွင် မြေပုံကြီးကို ဖြန့်ထားသေးသည်။ လမ်းအနည်းငယ်ကွေ့ပြီးသည့်အခါ မြို့လေး၏ စည်ကားခဲ့သည့်အပိုင်းသို့ ရောက်လာသည်။ အဆောက်အအုံ၊ ပန်းခြံများနှင့် လမ်းတို့သာ သိသာလှသည်။ မြေပုံအရဆိုလျှင် ဒီနေရာကိုဖြတ်ပြီးနောက် အရှေ့မှာလမ်းတစ်ခုတွေ့လိမ့်မည်။ ထိုလမ်းပေါ်မှ ခုနစ်မိုင် ရှစ်မိုင်လောက် မောင်းပြီးလျှင် အဝေးပြေးလမ်းမပေါ်သို့ ပြန်ရောက်သွားမှာ ဖြစ်သည်။
ကားမောင်းနေရင်း လင်းချင်း၏နားများသည် သိပ်မဝေးသည့်နေရာမှ အသံတစ်ခုကြားသဖြင့် လှုပ်သွားသည်။ ထိုနေရာနှင့်နီးလာလေလေ အသံကပိုရှင်းလာလေလေဖြစ်သည်။
‘ဗိုက်အရမ်းဆာတယ်. . .အစာ. . .အစာရှိနေတယ်’
‘အထဲမှာ အစာ. . .ဗိုက်အရမ်းဆာတယ်’
‘ဗိုက်အရမ်းဆာတယ်. . .ဗိုက်အရမ်းဆာတယ်. . .ဆာတယ်. . .အရသာရှိမယ့်ဟာ. . .အရမ်းအရသာရှိမှာ’
ဇွန်ဘီများ၏ အတွေးများကို ကြားနေရမှန်း လင်းချင်းကသိသည်။ သို့သော်လည်း ထူးဆန်းသည်မှာ အတွေးများသည် ထိုဖက်မှသာ လာနေခြင်းဖြစ်သည်။ သို့သော်လည်း ဒီအတွေးများသည် တစ်ကောင်ထဲဆီမှမဟုတ်ဘဲ အုပ်စုလိုက်ကြီးဆီမှ ဖြစ်ပုံရသည်။
‘ဆာတယ်. . .စားမယ်. . .စားချင်တယ်. . .ဆာတယ်’
‘အစာကဒီမှာ. . .ဒီမှာ. . .အစာ. . .ဆာတယ်’
လင်းချင်းသည် တစ်ခုခုကို သိချင်သဖြင့် ဒီလိုဇွန်ဘီပေါင်းစုံ၏ အတွေးများကို ကြားနေရချိန်တွင် အော်သံတစ်ခုကို ကြားလိုက်ရသည်။
“ဂါး!”
‘ထွက်သွား! ငါနဲ့ဝေးဝေးမှာ နေကြစမ်း! ထွက်သွားကြ!’
ဒေါသထွက်နေသည့်အသံက အဝေးမှနေ ထွက်လာသည့်အခါ လင်းချင်းသည် စိတ်ဝင်စားသွားသည်။ ထိုအသံတွင် ဒေါသအပြည့်နှင့် ကြောက်လန့်ခြင်းများပါနေသည်ကို လင်းချင်းသိလိုက်သည်။ ဒေါသထွက်နေသည်က နားလည်လို့ရသော်လည်း ဘာဖြစ်လို့ ကြောက်လန့်နေသနည်း? ပြီးတော့ ထိုအသံသည် ဇွန်ဘီတစ်ကောင်ဆီမှဖြစ်သောကြောင့် နောက်ဇွန်ဘီတစ်ကောင်ဖြစ်လိမ့်မည်။ ထို့အတူ ထူးဆန်းသည့်တစ်ခုခုက လူသားဖြစ်လိမ့်မည်ဟု ထင်နေမိသောကြောင့် လင်းချင်းမှာ ပိုစိတ်ဝင်စားသွားသည်။
ထို့ကြောင့် ဝူယွဲ့လင်းကိုပါ ခေါ်သွားသည်။ သူမသည် ကားကိုလှည့်ကာ ထိုအသံကြားရသည့်ဘက်ကို မောင်းလိုက်သည်။ သူမသည် အိမ်ရာတစ်ခု၏အပေါက်ဝတွင် ဇွန်ဘီအုပ်စုအကြီးကြီးကို မြင်လိုက်ရသည်။ သူတို့သည် အဆောက်အဦးတစ်ခု၏အရှေ့တွင် အုံခဲနေသော်လည်း သူတို့အားတစ်ခုခုက တားထားပုံရသည်။
‘စားမယ်. . .စားမယ်. . .စားမယ်’
‘စားချင်တယ်. . .အစာလိုချင်တယ်. . .အနံ့ကကောင်းတယ်’
‘အနံ့ကကောင်းတယ်. . .ဗိုက်ဆာတယ်. . .စားမယ်’
‘အစာ. . .အထဲမှာ အစာရှိတယ်. . .အစာ. . .အစာ’
ထိုနေရာနှင့်နီးလာသည့်အခါ အတွေးများစွာကြားလာရသဖြင့် လင်းချင်းသည် ခေါင်းတောင်ကိုက်ချင်လာသည်။ သူမသည် ကားကိုဘေးတွင်ထိုးလိုက်ပြီး ဝူယွဲ့လင်းကို ကြည့်လိုက်သည်။ ဝူယွဲ့လင်းသည် ဇွန်ဘီအများကြီးကို တွေ့သည့်အခါ ကြောက်နေပြီဖြစ်သည်။ လင်းချင်းက သူမကိုလှည့်ကြည့်သည့်အခါ သူမလည်းပြန်မော့ကြည့်နေသည်။
လင်းချင်းသည် ထိုင်ခုံခါးပတ်ကိုဖြုတ်ပေးဖို့ လုပ်သည့်အခါ ကလေးမလေးသည် ကြောင်သွားသည်။ ထို့နောက် လင်းချင်းလက်ကိုတင်းတင်းဆုပ်ကိုင်ကာ သူမကိုခါးပတ်ဖြုတ်မပေးစေချင်သည့်ပုံပင်။ သူမသည် နှုတ်ခမ်းကိုကိုက်ကာ နီရဲပြီးတောင်းဆိုနေသလို မျက်လုံးလေးများဖြင့် လင်းချင်းအား ကြည့်နေသည်။ လင်းချင်းက သူအားခါးပတ်ဖြုတ်ပေးပြီး ထိုဇွန်ဘီအုပ်ကြီးထဲသို့ ပစ်ချမည်ကို ကြောက်နေသည်။
လင်းချင်းသည် ကလေးမလေးအား လက်ဟန်ပြရင်း စိတ်ထဲမှနေ စကားပို့လိုက်သည်။ ‘နယ်မြေထဲကို ပြန်ခေါ်သွားမှာ။ မကြောက်နဲ့’
ဝူယွဲ့လင်းသည် လင်းချင်းပြောသည်ကို ကြားရ၍လား လက်ဟန်ကိုနားလည်၍လားတော့မသိ သူမ၏လက်များကို လျှော့ပေးလိုက်ကာ လင်းချင်းအား ခါးပတ်ဖြုတ်စေသည်။ ထို့နောက်တွင် လင်းချင်းသည် သူမကိုကိုင်ကာ နှစ်ယောက်လုံးကားထဲမှ ပျောက်သွားသည်။
“ဂါး!” ‘ထွက်သွား!’ ထိုအသံက ထပ်ထွက်လာပြန်သည်။ ဒေါသကြီးနေသည့်ဇွန်ဘီသည် လင်းချင်း၏တည်ရှိမှုကို အာရုံခံမိသည့်အခါ ပိုဒေါသထွက်လာသည်။
ကလေးမလေးအား နယ်မြေထဲသို့ ပို့ပြီးမှသာ လင်းချင်းသည် ပြန်ထွက်လာသည်။ ထို့နောက်ကားတံခါးကိုဖွင့်ကာ ဆင်းလာပြီးနောက် ဇွန်ဘီအုပ်ဆီသို့ သွားသည်။ စုတ်ပြတ်နေသည့် အဝတ်များဖြင့် ပုပ်နေသည့်အနာများဖြင့် သာမန်ဇွန်ဘီများသည် အပြင်ဘက်မှာဝိုင်းနေကြတာဖြစ်သည်။ သူတို့သည် လင်းချင်းလာသည်ကို သိသည်နှင့် ချက်ချင်းနောက်သို့ ဆုတ်ပေးကြသည်။ လင်းချင်းသည် ကားပေါ်မှဆင်းသည်နှင့် လူအနံ့ကိုရလိုကသည်။ ဒီနေရာတွင် လူသားရှိနေသည်။
ကမ္ဘာပျက်ခေတ်တွင် တချို့လူသားများသည် ဇွန်ဘီအုပ်ကြီးနှင့်တိုးသည့်အခါ အခန်းတစ်ခုခု ထောင့်တစ်ခုခုတွင် ဝင်ပုန်းနေရတာမျိုးရှိသည်။ ထိုလူများသည် ဇွန်ဘီအုပ်ကြီးက အသတ်ခံရမည်ကိုစောင့်နေရတာ ဖြစ်သည်။ ကံကောင်းရင်တော့ ဇွန်ဘီအမဲလိုက်အဖွဲ့နှင့် တွေ့နိုင်သည်။ ဒီလိုဆိုလျှင် သူတို့တွင်အသက်ရှင်နိုင်ချေရှိပြီ။
ကမ္ဘာပျက်ကပ်ခေတ်စနေသည်မှာ ငါးနှစ်လောက်ရှိပြီဖြစ်သည်။ ပထမနှစ်တွင် အခြေစိုက်စခန်းများက လူကယ်ဖို့စေလွှတ်ကြသော်လည်း အခုတော့ ဒီလိုမလုပ်ကြတော့ပေ။ ဒီလိုမျှော်လင့်ချက်မရှိသည့်နေရာတွင် ပိတ်မိနေသည့်လူများကတော့ အခြေစိုက်စခန်းမှလာကယ်မည်ကို မျှော်လင့်နေရခြင်းက အကောင်းဆုံးပင်။ ဇွန်ဘီအမဲလိုက်အဖွဲ့များဆိုလျှင် ဓားပြများဖြစ်နေနိုင်သဖြင့် အကူအညီစောင့်နေသူမှာ သေတွင်းသို့ကျသွားနိုင်သည်။
အခုအချိန် လင်းချင်းသိချင်သည်က ဒေါသတကြီးအော်နေသည့်သူကိုပင်။ ဘယ်လိုဇွန်ဘီမျိုးက သူ့အတွေးများကိုထည့်ကာ အော်ဟစ်နေသလဲဆိုသည်ကို သိချင်နေသည်။ သူမသည် ဒေါသနှင့်ကြောက်လန့်ခြင်းသာမကာ တစ်စုံတစ်ရာကို ကာကွယ်နေခြင်းကိုလည်း ခံစားနေမိသည်။ သာမန်ဇွန်ဘီအုပ်မှနေ ဒီဇွန်ဘီက ဘာကိုကာကွယ်နေတာဖြစ်မည်နည်း?
လင်းချင်းလျှောက်လာသည်နှင့်အမျှ သာမန်ဇွန်ဘီများသည် သူမအတွက် လမ်းဖယ်ပေးသော်လည်း ထွက်မသွားချင်ဘဲ ဘေးတွင်ရပ်နေရင်း တစ်ခုခုကို ဖမ်းဖို့ကြိုးစားနေပုံရသည်။
“ဂါး!”
ထူးဆန်းသည့်ဇွန်ဘီသည် သတိအပြည့်ဖြင့် ထပ်အော်ပြန်သည်။
ဒေါသအရမ်းထွက်နေသည်ဖြစ်သော်လည်း ရန်လိုနေပုံတော့မရပေ။ လင်းချင်းက ဒီသာမန်ဇွန်ဘီတွေက အကြောင်းမရှိဘဲ ဒီနေရာတွင်အုံနေမှာမဟုတ်သည်ကိုတော့သိသော်လည်း ဘာဖြစ်လို့လဲတော့ မသိပေ။ ထို့ကြောင့် ပိုစိတ်ဝင်စားလာသည်။
သူမသည် သာမန်ဇွန်ဘီများကို ဖြတ်ကျော်ကာ လှေကားဆီသို့ ဦးတည်လိုက်သည်။ ထို့နောက်လှေကားထိပ်တွင် သံတံခါးရှိနေကြောင်း တွေ့လိုက်ရသည်။ မဝင်နိုင်တာ မထူးဆန်းတော့ပါဘူး။ သူတို့လမ်းကို သံတံခါးက လာပိတ်ထားနေလို့ပဲ။