၈၅။ မျက်လုံးနီဇွန်ဘီ
ဇွန်ဘီအုပ်ကြီးထဲက ထွက်လာသည့် ဇွန်ဘီမလေးသည် ရန်လိုမှုနှင့် ဒေါသများမပြပေ။ သူမသည် ဇွန်ဘီအုပ်ကြီးထဲမှ တည်ငြိမ်စွာထွက်လာကာ လင်းချင်းအား စပ်စုစွာဖြင့် ကြည့်လို့သာနေသည်။
လင်းချင်းသည် သူမအား ခေါင်းအစခြေအဆုံး ကြည့်နေမိသည်။ သို့သော်လည်း ဒီဇွန်ဘီမလေး၏ ဘာအတွေးမှကို မကြားရပေ။ ကြည့်ရသည်မှာ တစ်ဖက်သား၏ အဆင့်သည် မြင့်လွန်းသောကြောင့် ဖြစ်မည်။ သွေးနီရောင်မျက်လုံးများကို မြင်သည့်အခါ လင်းချင်းသည် တစ်ကိုယ်လုံးတင်းကြပ်သွားသလို ခံစားလိုက်ရသည်။
သာမန်ဇွန်ဘီများ၏မျက်လုံးသည် မီးခိုးဖျော့ရောင် ဖြစ်သည်။ အဆင့်သုံးနှင့်အထက်သည် လုံးဝအနက်ရောင်ဖြစ်သည်။ လင်းချင်းတွေ့ခဲ့သည့် အဆင့်ငါးဇွန်ဘီတောင်မှ အနက်ရောင်မျက်လုံးထဲတွင် အနီရောင်ဖျော့ဖျော့လေးသာ မြင်ရသေးသည်။ သို့သော်လည်း သူမ၏အရှေ့မှ ဇွန်ဘီမလေးကတော့ လုံးဝကို နီနေပြီ။ ဗန်ပိုင်းယားတွေလို မျက်လုံးတစ်ခုလုံးအနီ မဟုတ်ဘဲ ဒီဇွန်ဘီမလေး၏ မျက်သားများသည် အနက်ရောင်တောက်ပနေသေးသည်။
လင်းချင်းသည် ကမ္ဘာပျက်ခေတ်တွင် နိုးလာတည်းက ဒီလိုဇွန်ဘီမျိုးကို မမြင်ဖူးသလို လုထန်ယု၏ မှတ်ညဏ်များထဲတွင်လည်း မတွေ့ရသေးပေ။ လုထန်ယု၏ မှတ်ညဏ်များအရဆိုလျှင် ဒီလိုဇွန်ဘီဆိုသည်မှာ မရှိပေ။ လင်းချင်းသည် ဇွန်ဘီမလေး၏ အဖြူရောင်ဂါဝန်ဖားဖားလေးကို ကြည့်ကာ သူမတွင်သာ မျက်လုံးနီများနှင့် မျက်တွင်းများသာကျမနေလျှင် လုံးဝလူသားလို ဖြစ်နေလောက်မည်ဟု တွေးနေမိသည်။
လင်းချင်းသည် ကားထဲတွင် ထိုင်ကြည့်နေစဉ်မှာ ဇွန်ဘီမလေးသည်လည်း ကားအရှေ့မှ လင်းချင်းကို လှမ်းကြည့်နေသည်။ သူတို့နှစ်ယောက်လုံးသည် တိတ်ဆိတ်နေသော်လည်း ဒီမြင်ကွင်းကတော့ ကို့ယို့ကားယားနိုင်လွန်းသည်။ လမ်းမထက်တွင် ကားတစ်စီးရပ်ထားက ထိုကားထဲတွင် စုတ်ပျက်နေသည့် အဝတ်စားဖြင့် ရုပ်ဆိုးသည့်ဇွန်ဘီတစ်ကောင်ရှိနေကာ ဇွန်ဘီအုပ်ကြီးရှေ့တွင်တော့ သန့်ပြန့်လှသည့် ဇွန်ဘီမလေးက ရပ်ကြည့်နေသည်။ ဒါကိုမြင်လို့ကတော့ လူတိုင်းက ဘာဖြစ်နေသလဲဟု တွေးမိမှာ အမှန်ပင်။
‘အဆင့်ခြောက်ဇွန်ဘီမလား?’
လင်းချင်းသည် ချစ်ဖို့ကောင်းသည့် ဇွန်ဘီမလေးကိုကြည့်ကာ တွေးမိသည်။
‘အဆင့်ခြောက်ဇွန်ဘီဆိုတာက ရှားပြီးတွေ့ရခဲတယ်။ ဘယ်သူမှ တွေ့လည်းမတွေ့ချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်ခြောက်သဘာဝလွန်စွမ်းအားရှင်ကိုတောင် တစ်ခါတည်းသတ်ပစ်နိုင်လို့ပဲ’
အဆင့်ခြောက်ဇွန်ဘီများသည် အရမ်းအစွမ်းကြီးကြလေကာ ဘယ်လူသားကမှ သူတို့ဖြင့် မတွေ့ချင်ကြပေ။ အဆင့်ခြောက်ကို ရောက်ဖို့ဆိုသည်က ဇွန်ဘီများအတွက် အလွန်တရာကို ခက်ခဲလှတာ ဖြစ်သည်။ ထို့ကြောင့် အနည်းစုသာ ရောက်နိုင်ကြသည်။ အဆင့်ခုနစ်ဆိုရင်တော့. . .
လင်းချင်းသည် ဒီဇွန်ဘီမလေးကိုကြည့်ကာ အဆင့်ငါးဇွန်ဘီထက် ပိုအန္တရာယ်ကြီးကြောင်း ခံစားလိုက်ရသည်။ ‘ငါအခုရှောင်မသွားဘဲ လာကြည့်မိတာကို နောင်တရနေပါပြီလို့!’
အခုအခြေအနေအရဆိုလျှင် သူမသည် ဇွန်ဘီမလေး နယ်နမိတ်ကို ကျော်နေမိပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင်ပဲ သူမသည် ခေါင်းလေးကို မော့ချီကာ လင်းချင်းရှိရာဘက်သို့ အနံ့ခံကြည့်နေသည်။ ထို့နောက် အော်ချလိုက်သည်။ သူမ၏အသံသည် စူးရှကာ နားကွဲမတက်ပေ။
လင်းချင်းသည် နားအူသွားပြီးနောက် သူမ၏ခေါင်းထဲသို့ စိတ်စွမ်းအားတစ်ခု ရောက်လာသည်ကို သိလိုက်ရသည်။ ‘ဘယ်သူလဲ?’ ဟူ၍ ထိုဇွန်ဘီမလေးသည် အော်လိုက်ရင်း လင်းချင်းကို မေးနေတာဖြစ်သည်။ သူမ၏အသံသည် စူးရှလွန်းသော်လည်း ရန်လိုမှုမရှိပေ။
‘ဟင်? ရန်မလိုဘူးလား?’ လင်းချင်းသည် အံ့သြသွားသည်။ ထိုဇွန်ဘီမလေးသည် သူမအပေါ်စပ်စုနေခြင်းကလွဲ၍ ဘာရည်ရွယ်ချက်မှ မပါပေ။ ‘အပြစ်ကင်းလိုက်တာ’
“အား!” ဇွန်ဘီမလေးသည် လင်းချင်းဆီမှ အဖြေမရသည့်အခါ ထပ်အော်ပြန်သည်။ သူမ၏ အစွယ်လေးများကို လှမ်းမြင်လိုက်ရသည်။ ‘ဘယ်သူလဲ? ဘယ်သူလဲလို့ မေးနေတယ်လေ!’
‘နားတွေအူလိုက်တာ’ လင်းချင်းသည် စိတ်ထဲမှ အပြင်တင်နေမိသည်။ ကြည့်ရသည်မှာ ဇွန်ဘီမလေးသည် လင်းချင်းက ကိုယ့်ကိုကိုယ် မိတ်ဆက်မပေးမခြင်း လမ်းဖွင့်ပေးမည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ရန်လိုနေသည့်သူလည်း မဟုတ်သဖြင့် လင်းချင်းသည် ကားပေါ်မှဆင်းကာ ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်သည်။
‘တကယ်လို့ စိတ်မရှည်ဘဲ ငါ့ကားကို ဖျက်စီးသွားရင် ဘယ်လိုလုပ်မလဲ? ဒါဆိုရင် ငါတော့ ဒုက္ခရောက်တော့မှာ’
လင်းချင်းသည် အဆင့်ခြောက်ဟု ထင်ရသည့် ဒီဇွန်ဘီမလေး ဘယ်လောက်သန်မာသလဲ ဆိုသည်ကို စမ်းသပ်ကြည့်ချင်စိတ် လုံးဝမရှိပါပေ။ ဒီအတွေးများဖြင့် သူမသည် ကားပေါ်ကဆင်းလိုက်သည်။ မတိုက်ခိုက်ဘူးဟု သိသာစေရန် လင်းချင်းသည် အမြန်မလှုပ်ရှားပေ။
လင်းချင်းသည် ကားပေါ်ကဆင်းလာသည့်အခါ ဇွန်ဘီမလေးသည် ခေါင်းလေးကိုစောင်းကာ လင်းချင်းအား ခေါင်းအစခြေအဆုံးကြည့်နေသည်။ သူမအပြင် ဒီလိုသပ်ရပ်နေသည့် ဇွန်ဘီနောက်တစ်ကောင်ကို မြင်ရသည်မှာ သူမအတွက်လည်း ပထမဆုံးဖြစ်နေသည်။
လင်းချင်းသည် ဇွန်ဘီမလေး၏ မေးခွန်းကို မဖြေသေးဘဲ ကားပေါ်မှ ဆင်းလာတာဖြစ်သည်။ သို့သော်လည်း ဇွန်ဘီမလေးသည် စိတ်မရှည်တော့ပေ။ သူမသည် လေကဲ့သို့ အမြန်လှုပ်ရှားလိုက်ကာ မျက်စိတစ်မှိတ်အတွင်းတွင် လင်းချင်း၏ အရှေ့တစ်မီတာလောက်သို့ ရောက်လာသည်။ လင်းချင်းသည် လန့်သွားကာ တောင့်သွားပြီးနောက် လက်သည်းများကို အလိုလိုထုတ်မိသွားသည်။
သို့သော်လည်း ဇွန်ဘီမလေးသည် ထပ်မအော်တော့ဘဲ လင်းချင်းကို အံ့သြသွားအောင် စကားလုံးအချို့ကို ဝူးဝူးဝါးဝါးပြောလာသည်။ သူမမေးသည်မှာ ‘မှတ်ညဏ်တွေရှိတာလား?’ ဖြစ်သောကြောင့် လင်းချင်းသည် သူမအား မယုံနိုင်စွာဖြင့် ကြောင်ကြည့်နေမိသည်။
‘ဘာကိုဆိုလိုတာလဲ? ဇွန်ဘီတစ်ကောင်က နောက်တစ်ကောင်ကို မှတ်ညဏ်ရှိလားလို့ မေးနေတာလား? ဘာမှတ်ညဏ်လဲ? ဇွန်ဘီမဖြစ်ခင်က မှတ်ညဏ်လား?’
လင်းချင်းသည် မေးခွန်းများစွာ ပြည့်သွားသည်။ ဒီဇွန်ဘီမလေး၏ စကားများကို ဘာဖြစ်လို့ နားလည်နေသလဲဆိုသည့် ပြဿနာကလည်း ရှိသေးသည်။
လင်းချင်းက စိတ်ရှုပ်စွာသာကြည့်နေပြီး ဘာမှမတုံ့ပြန်သည့်အခါ သူမသည် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ လင်းချင်းကို ခေါင်းအစခြေအဆုံးကြည့်ပြနသည်။ ထို့နောက် လင်းချင်း၏ကားကိုကြည့်ကာ လက်ပိုက်လိုက်ပြီးနောက် သူမမှားသွားပြီလားဟု တွေးနေလေသည်။ ‘ဒီဇွန်ဘီက ငါ့လိုမဟုတ်ဘူးလား? ဒါပင်မယ့် ကားမောင်းနိုင်တယ်လေ။ မှတ်ညဏ်မရှိရင် ဘယ်လိုလုပ် ကားမောင်းနိုင်မှာလဲ?’
ဇွန်ဘီမလေးလည်း စိတ်ရှုပ်နေသည်ကို မြင်သည့်အခါ လင်းချင်းသည် သူမမေးချင်သည်ကို သိသွားသည်။ ထို့ကြောင့် အိတ်ထဲမှ စာအုပ်နှင့်ဘောပင်ကိုထုတ်ကာ ရေးလေသည်။ စာရေးနေစဉ် သူမသည် ဇွန်ဘီမလေးကို အကဲခတ်လိုက်သေးသည်။ သူမထင်သလိုပင် စာအုပ်နှင့် ဘောပင်ထုတ်၍ ရေးလိုက်သည့်အခါ ဇွန်ဘီမလေးသည် မျက်လုံးများတောက်ပသွားကာ နှုတ်ခမ်းလေးများသည် ကွေးညွတ်သွားကာ ပြုံးတောင်လာသည်။
‘ကမ္ဘာမပျက်ခင်က အကြောင်းတွေကို နင်မှတ်မိလား?’ လင်းချင်းသည် ရေးလိုက်သည်။ ထို့နောက် ထိုစာအုပ်ကို ဇွန်ဘီမလေးအား မြှောက်ပြလိုက်သည်။
ဇွန်ဘီမလေးသည် သဘောတကျပြုံးနေသော်လည်း သူမစာများကို ဖတ်ပြီးသည့်အခါ အပြုံးက တောင့်ခဲသွားသည်။ ထို့နောက် သူမသည် မျက်လုံးများကိုမှိတ်ကာ လင်းချင်းကို ခုန်အုပ်လေသည်။ လင်းချင်းက ဘာမှတောင် မတုန်ပြန်နိုင်သေးခင် ဇွန်ဘီမလေးသည် သူမကိုဖက်ထားပြီဖြစ်သည်။ ထို့နောက် သူမ၏နားအနားသို့ကပ်ကာ အော်ငိုနေတော့သည်။ “အူးဝါး~~~~~”
လင်းချင်းသည် ထပ်ဆွံအသွားရပြန်သည်။ ‘ချီးပဲ! ချီး! ဒီဇွန်ဘီငိုနေတာကို ငါကဘာဖြစ်လို့ နားထောင်နေရတာလဲ တစ်ယောက်ယောက် ရှင်းပြကြပါဦးလား? ငါ့ကိုဖက်ပြီးငိုနေတာမလား? ဘာတွေဖြစ်နေတာလဲ? တစ်ခုခုဖြစ်လို့လား? ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်က ပြောပြကြပါဦးဟဲ့!’
ထိုဇွန်ဘီမ၏အသံသည် စူးရှနေသော်လည်း လင်းချင်းသည် သူမဆီမှ ပြင်းထန်သည့် ဝမ်းနည်းမှုတို့ကို ခံစားလိုက်ရသည်။ ထို့နောက်သူမသည် လင်းချင်း၏ခေါင်းထဲသို့ရောက်သည့်အခါ သူမပြောနေသည်ကို နားလည်သွားသည်။
‘ဒီလိုပဲနိုးလာတာ! ဇွန်ဘီတွေက နေရာတိုင်းမှာပဲ! အဖေနဲ့အမေကလည်း ဇွန်ဘီဖြစ်သွားတယ်! သူတို့က ညီမလေးကို မမှတ်မိကြတော့ဘူး! ပြီးတော့ ညီမလေးကို ကြောက်လည်းကြောက်နေကြတယ်! သူတို့က ညီမလေးကို မြင်တိုင်း ထွက်ပြေးပြီး ပုန်းနေကြတာ! လူတွေကို သွားရှာတော့လည်း ညီမလေးကို တွေ့တာနဲ့ တိုက်ကြတယ်! ဘယ်သူကမှ ဘာတွေဖြစ်နေလဲဆိုတာကို ပြောမပြကြဘူး! ဘာဖြစ်လို့ ဒီလိုဖြစ်လာရတာလဲဆိုတာကို ပြောပြမယ့်သူ မရှိဘူး! ဘာဖြစ်လို့ ညီမလေးမှ ဒီလိုဖြစ်ရတာလဲလို့? မိဘတွေက ဇွန်ဘီဖြစ်သွားတာနဲ့ ညီမလေးကို သူစိမ်းဇွန်ဘီလိုပဲ မြင်ကြတော့တာ။ သူတို့ကို ကြည့်မိရုံလေးနဲ့ ထွက်ပြေးကြတယ်။ ပြီးတော့လေ သူတို့ကို လူတွေက သတ်ပစ်လိုက်ပြီ! ခေါင်းတွေကို ဖြတ်ပစ်လိုက်တာ!!! အရမ်းကြောက်ဖို့ကောင်းတယ်! ကြောက်စရာကြီး!!! ညီမလေးကြောက်တယ်လို့ အဟင့် ညီမလေးက လူလည်းမဟုတ် ဇွန်ဘီလည်း မဟုတ်နဲ့။ ငါးနှစ်လုံးတစ်ယောက်တည်း နေခဲ့ရတာ။ ဘယ်သူမှ ညီမလေးဘေးမှာ မရှိကြဘူး! အရမ်းကြောက်ဖို့ကောင်းတယ်!’
လင်းချင်းသည် ဇွန်ဘီမလေး၏ နှလုံးသားထဲမှ ထွက်လာသည့် စစ်မှန်သည့် အကြောက်တရားနှင့် ဝမ်းနည်းမှုတို့ကို ခံစားလိုက်ရသည်။ ထိုဇွန်ဘီမလေးသည် ကြောက်ဖို့ကောင်းကာ မလွယ်ကူသည့် အကူအညီမဲ့နေသည့် ကမ္ဘာကြီးထဲတွင် စွန့်ပစ်ခံလိုက်ရသည့် သနားစရာကောင်မလေးသာ ဖြစ်လေသည်။