၁၃၄။ အတူကယ်
‘ဟင်?’ လင်းချင်းရောက်လာချိန်တွင် တွင်းပေါက်ကြီးကို မြင်လိုက်ရသဖြင့် သူမနားမလည်နိုင် ဖြစ်သွားသည်။ သူမသည် နေကာမျက်မှန်ကို ချွတ်လိုက်ဖို့ လုပ်မိမလိုတောင် ဖြစ်သွားသည်။ သို့သော်လည်း အသိပြန်ဝင်ကာ မလုပ်တော့ဘဲ တွင်းပေါက်ဘက်ကိုသာ ငဲ့သာကြည့်လိုက်သည်။
“ကပ္ပတိန်ကြီး . . .ဟင်? ဒုခေါင်းဆောင်ယွမ်!” သူများ၏အနောက်မှ ရောက်လာသည့် တူယွမ်ရှင်းသည် တွင်းပေါက်ကနေ ငုံကြည့်ရင်း လင်းဖန်ကို အော်ခေါ်သည်။ သို့သော်လည်း သူ့အရှေ့ကလူကို မြင်သည့်အခါ အပျော်များပြည့်သွားကာ အကျယ်ကြီးအော်ခေါ်တော့သည်။
“ဝမ်ဝမ်!” လုံချင်းယင်သည် ရောက်လာသည်နှင့် အော်ခေါ်သည်။ ထို့နောက် တွင်းပေါက်သည် နှစ်မီတာလောက်သာ နိမ့်ကာ အထဲကလူများက အဆင်ပြေကြောင်း သိလိုက်ရသည်။ အချို့အမျိုးသမီးများသည် ဟန်ချက်မညီတော့သောကြောင့် ထိုင်ချနေသည်ကို သူမမြင်လိုက်ရသည်။
“ထန်ရှင်းပဲ!” တွင်းပေါက်ထဲကလူများသည် ခေါင်းမော့ကြည့်သည့်အခါ အမျိုးသမီးလင်းက ယောက်ျားတစ်ယောက်ကို အရင်မြင်လိုက်သဖြင့် တအံ့တသြပြောသည်။
“ချင်းယင်! နင်လား!” လင်းဝမ်ဝမ်က လုံချင်းယင်ကို မြင်သည့်အခါ ပြောသည်။
ထိုအချိန်တွင် လင်းချင်းသည် တွင်းထဲဆင်းချလိုက်သည်။ သူမဆင်းသည်ကို မြင်သည့်အခါ တွင်းထဲလူများသည် သူမကို ရန်လိုစွာ ကြည့်ကြသည်။
“နင်ကဘယ်သူလဲ?” နေကာမျက်မှန်နဲ့လူတစ်ယောက် ခုန်ချလာသည်ကို မြင်သည့်အခါ လင်းဝမ်ဝမ်က မေးသည်။
“အင်း. . .သူက. . .ငါတို့သူ့နာမည် မသိရသေးဘူးပဲ” တူယွမ်ရှင်းသည် လင်းချင်းက ဇွန်ဘီမှန်းသိသော်လည်း သူ့ကိုယ်သူ မိတ်ဆက်မပေးသေးတာကို အခုမှသိလိုက်သည်။
လင်းချင်းသည် သူမ၏မိသားစုရှေ့တွင် ရပ်နေကာ လင်းဖန်ကို စိတ်ပူစွာ ကြည့်နေသည်။ တူယွမ်ရှင်းပြောသည်ကို ကြားမှ တစ်ချက်မော့ကြည့်လိုက်သော်လည်း ဘာမှမတုံ့ပြန်ပေ။ ထို့နောက် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့လည်း ယောက်ျားတစ်ယောက်နှင့်အတူ တွင်းထဲသို့ ဆင်းလာသည်။
လင်းချင်းသည် ဒီယောက်ျားကို သိသော်လည်း သူကပြောင်းလဲသွားသည်။ သူက ယွမ်ထန်ရှင်းဖြစ်သည်။ လင်းချင်းက ဒီလိုနေရာမျိုးကို သူရောက်လာလိမ့်မည်ဟု မထင်ခဲ့ပေ။ အရပ်ခြောက်ပေ သုံးလက်မရှိကာ အရင်တုန်းက တပ်ထဲတွင် ထူးချွန်သည့်သူ ဖြစ်သည်။
သူသည် လင်းဖန်လို သန်မာကာ ပြတ်သားသည့်ရုပ်ရှိသော်လည်း ခန့်ညားသည့်မျက်နှာ ရှိသည်။ သူ့၏စောင်းနေသည့် မျက်လုံးများသည် အလွန်ဆွဲဆောင်မှုရှိလွန်သည်။ နှာခေါင်းစင်းစင်းနှင့် နှုတ်ခမ်းပါးပါးရှိကာ မျက်နှာကျကလည်း လှလွန်းသည်။ ထင်းနေသည့် မေးစေ့က သူ့မျက်နှာကျကို နူးညံစေသည်။ သူသည် သန်မာက သူ့၏ရှည်လျားသွယ်လျသည့် ခြေတံများက ယန်ကျင်းဟွာထက်ပင် ပိုကြည့်ကောင်းသေးသည်။ သူ့၏ယောက်ျားပီသမှုသည် နူးညံ့သည့် မျက်နှာနှင့် သဘာဝကျစွာ လူကြီးလူကောင်းရုပ်ကို ဖြစ်စေသည်။ တကယ်တော့ လင်းချင်းနှင့် သူသည် အရမ်းရင်းနှီးကြတာ ဖြစ်သည်။ ကမ္ဘာမပျက်ခင်တည်းက သူမတို့သည် တပ်ဖွဲ့တစ်ခုတည်းဖြစ်ကြသည်။
လင်းချင်းသည် လင်းဖန်ဆီသို့ လျှောက်သွားကာ ဒဏ်ရာများကို စစ်ဖို့လုပ်လိုက်သည်။ သို့သော်လည်း သူမလှုပ်လိုက်သည်နှင့် လင်းဝမ်ဝမ်နှင့် အခြားသူများသည် သူမကိုရပ်ဖို့လုပ်သည်။
“နင်က ဘယ်သူလဲ? ဝေးဝေးနေ!” သူတို့သည် အန္တရာယ်များနေချိန်တွင်တောင် သူစိမ်းတစ်ယောက်ကို သူတို့အနားသို့ အကပ်မခံပေ။ လင်းဝမ်ဝမ်နှင့် လင်းဟောင်တို့သည် လင်းချင်းကို စိုက်ကြည့်နေကြသည်။
“သူက အဲ့လိုလူမဟုတ်. . .အာ. . .ငါပြောချင်တာ လူဆိုးမဟုတ်. . .ဟင် ဒါလည်းမဟုတ်သေးဘူး။ အာ ငါပြောချင်တာက စိတ်မပူကြနဲ့။ သူကကူညီဖို့ လာတာပါ။ နင်တို့ကို သိတဲ့သူလို့ ပြောတယ်” တင်းမာသည့်အခြေအနေတွင် တူယွမ်ရှင်းသည် လင်းချင်းအတွက် ကူပြောပေးနေသည်။
သူ့မောင်နှမများက သူမကို ရန်လိုနေသည့်အခါ လင်းချင်းသည် စိတ်ထဲတွင် မကောင်းတော့ပေ။ သို့သော်လည်း အချိန်ကောင်း မဟုတ်တာကို သူမသိသည်။ လင်းဖန်ကို ကူညီဖို့ သူတို့စိတ်အေးဖို့ လိုသည်။
သူမသည် နောက်ကိုဆုတ်လိုက်ကာ လင်းဖန်ကို ကြည့်လိုက်သည်။ သူ့စွမ်းအင်များသည် စိမ့်ထွက်နေပြီဖြစ်သလို သူ့ရင်ဘတ်ထဲတွင် အရိပ်လေးတစ်ခုကိုလည်း သူမမြင်လိုက်ရသည်။ အဆုတ်များ ပျက်စီးနေပြီဖြစ်ကြောင်း သူမသိလိုက်သည်။ သွေးတော့မယိုသေးပေ။ တော်သေးသည်က သွေးအချို့ကို ထွေးထုတ်ထားသဖြင့် အခြေအနေက အရမ်းမဆိုးသေးပေ။
သူမသည် စာရွက်ထုတ်လိုက်ကာ ရေးလိုက်ကာ လင်းဝမ်ဝမ်ကို ပေးလိုက်သည်။ ‘ငါသူ့ကို ကုပေးနိုင်တယ်’
လင်းမိသားစုသည် တွင်းထဲကျနေသဖြင့် လင်းဖန်ကို လင်းဟောင်က ကျောပိုးမထားတော့ပေ။ သူ့အားနံရံတွင်မှီထားစေတာ ဖြစ်သည်။ အမျိုးသမီးလင်းကတော့ လင်းရှောင်လုကို ဖက်ထားသည်။
လင်းဝမ်ဝမ်သည် စာရွက်ကို မဖမ်းယူလိုက်ဘဲ လင်းချင်းကို နားမလည်စွာ ကြည့်နေပြီးနောက် မြေပေါ်ကျသွားသည့် စာရွက်ကို ကြည့်လိုက်သည်။ သူမသည် နေကာမျက်မှန်ဖြင့်လူက စကားမပြောဘဲ စာရေးနေသည်ကို နားမလည်ပေ။
ယွမ်ထန်ရှင်းသည် လင်းချင်းက ရန်လိုစိတ်မရှိသလို အခြားသူများလည်း အဆင်ပြေသည်ကို မြင်မှ တွင်းပေါ်သို့ ပြန်တက်သွားသည်။ ထိုအခါ ယန်ကျင်းဟွာသည် ထူးဆန်းသည့် လေကြမ်းများကြား ပိတ်မိနေသည်ကို မြင်လိုက်ရသည်။
လေများသည် မုန်တိုင်းတစ်ခုလို ယန်ကျင်းဟွာအနားတွင် တိုက်ခိုက်နေကာ အဖြူရောင်အရိပ်တစ်ခုက လေထဲတွင် ပုန်းနေသည်။ ထိုအရိပ်သည် ရှောင်တိမ်းရင်းဖြင့် ယန်ကျင်းဟွာကို တိုက်ခိုက်လို့နေသည်။
လေမုန်တိုင်းက ကြမ်းနေသဖြင့် ယွမ်ထန်ရှင်းသည် ယန်ကျင်းဟွာကို သေချာမမြင်ရပေ။ သူသည်လည်း ယန်ကျင်းဟွာလောက်ကို အင်အားရှိသည်။ သို့သော်လည်း အတွင်းပိုင်းဒဏ်ရာရထားသဖြင့် အခုအချိန်မှာ နိုင်အောင် မတိုက်နိုင်သေးခြင်းသာ ဖြစ်သည်။
အဖြူရောင်အရိပ်သည် အရမ်းအင်အားကြီးကြောင်း ခံစားမိသည်။ အဆင့်၇စွမ်းအားရှင်များတွင် ရှိတက်သည့် ဖိအားမျိုးကို ပေးလို့နေသည်။ သို့သော်လည်း ဒီအဖြူရောင်အရိပ်သည် အဆင့်၇စွမ်းအားရှင်များဖြင့် အနည်းငယ်ကွာခြားသည်ကို သူခံစားမိသည်။ သို့သော်လည်း ဘာကကွာနေမှန်းတော့ မသိပေ။
“ထန်ရှင်းရေ ငါတို့ကို ဒီကနေ ထုတ်ပေးဦး” အမျိုးသမီးလင်းက ပြောသည်။
ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ပြကာ “ဟုတ်ကဲ့ အဒေါ် သတိထားဦး”
ဒီလိုပြောပြီးနောက် သူသည် နောက်ကိုဆုတ်လိုက်ကာ တွင်းပေါက်ဘက်သို့ လက်ဝါးကိုဖြန့်လိုက်ပြီးမှ လက်ချောင်းများကို သူ့ဘက်သို့ ပြန်ကွေးလိုက်သည်။ တစ်ခုခုကို ကိုင်ထားသလိုမျိုးဖြင့် လက်ကိုမြှောက်လိုက်သည်။
ထိုအချိန်တွင် လင်းချင်းသည် သူမ၏ခြေထောက်အောက်မှ မြေကတုန်သွားသည်ကို ခံစားမိသည်။ ကျွံ့ကျသွားသည့် မြေများသည် ပြန်မြှောက်တက်လာသည်။ အခြာသူများကတော့ ဘာဖြစ်လဲ သိသဖြင့် တည်ငြိမ်စွာ ဖြစ်နေသည်။ ယွမ်ထန်ရှင်း၏ လက်ကမြင့်လာလေလေ မြေသည်လည်း မြင့်တက်လာလေလေဖြစ်သည်။ လင်းချင်းက အပေါက်ကနေ အပေါ်သို့ ခုန်သာတက်လိုက်သည်။ သူမ၏ခုန်နိုင်စွမ်းသည် လင်းဝမ်ဝမ်နှင့် အခြားသူများကို အံ့သြစေသည်။ တူယွမ်ရှင်းနှင့် လုံချင်းယင်ကတော့ မြင်နေကြဖြစ်နေသဖြင့် လင်းချင်းကို သိပ်အာရုံထဲ မရှိတော့ပေ။
မုန်တိုင်းထဲက ယန်ကျင်းဟွာကတော့ ဒေါပွနေပြီဖြစ်သည်။ အဖြူအရိပ်က ဘာလဲဆိုသည်ကို သူသိနေပြီ။ ဇွန်ဘီမငယ်ငယ်လေးတစ်ကောင် ဖြစ်သည်။ အရမ်းငယ်သေးသော်လည်း သူမ၏တိုက်ခိုက်မှုများကတော့ အားအရမ်းကောင်းလွန်းသည်။