May Honey Logo May Honey
Previous Next

၁၈၇။ လျှပ်စစ်စက်ရုံကြီး

နှစ်မိုင်ဆိုသည်မှာ လင်းချင်းအတွက်တော့ မဝေးပေ။ ဒီနေရာသည် စက်မှုနယ်မြေဖြစ်လေရာ စက်ရုံများစွာက နီးကပ်စွာဖြင့် တည်ရှိနေကြသည်။ ထို့ကြောင့် လင်းချင်းနှင့် ရှဲ့တုန်းတို့သည် အမိုးများပေါ်ကနေ လွယ်ကူစွာ ခုန်လွှားသွား၍ရနိုင်သည်။

မိနစ်အနည်းငယ်အတွင်းမှာ လင်းချင်းသည် လျှပ်စစ်စက်ရုံကြီးဆီသို့ ရောက်သွားသည်။ ထိုစက်ရုံကြီးထဲတွင် အနည်းဆုံးဆယ်ထပ်ရှိသည့် စက်ရုံအဆောက်အအုံ ၅ခု၆ခုလောက်ရှိပြီး ၇ထပ်လောက်ရှိသည့် အိပ်ဆောင်၂၀လောက်ရှိသည်။ ထိုစက်ရုံကို AမှDအထိ လေးပိုင်းခွဲထားကာ လင်းချင်းသည် အိပ်ဆောင်ပိုင်းတွင် ရောက်ရှိနေသည်။

သူမသည် အမိုးပေါ်ကနေ ကြည့်လိုက်သည့်အခါ စက်ရုံဝင်းထဲတွင် ဇွန်ဘီများစွာက သွားလာနေကြောင်း တွေ့လိုက်ရသည်။ သူမသည် ထိုဇွန်ဘီများကို နားမလည်စွာ ကြည့်လိုက်သည်။ အဆင့်၄ဇွန်ဘီသည် ဒီနေရာတွင် ရှိသည်က သေချာသဖြင့် သာမန်ဇွန်ဘီများက ဒီနေရာတွင် ရှိနေသည်မှာ ပုံမှန်မဟုတ်ပေ။

‘ဒါဆိုရင် ဒီမှာဘာဖြစ်နေတာလဲ? ဘာဖြစ်လို့ အဆင့်၄ဇွန်ဘီက သာမန်ဇွန်ဘီတွေကို ဒီမှာနေခိုင်းထားတာလဲ? ဘာဖြစ်လို့ မောင်းမထုတ်တာလဲ?’

လင်းချင်းက စူးစမ်းနေတုန်းအချိန်မှာ ရှဲ့တုန်းသည် နှေးကွေးစွာဖြင့် အဆောက်အဦး၏ အခြားတစ်ဖက်ကနေ တက်လာသည်။ သူမက ငုံ့ကြည့်နေသည်ကို မြင်သည့်အခါ သူလည်း ဘာကြည့်နေသလဲသိရအောင် လိုက်ငုံ့ကြည့်ဖို့ လုပ်သည်။ ထို့ကြောင့် လက်တန်းကိုလက်ဖြင့်ကိုင်ကာ ငုံကြည့်လိုက်သည်။ မကြာခင်တွင် ဇွန်ဘီများစွာကို တွေ့ရသဖြင့် လင်းချင်းဘာကိုကြည့်နေမှန်း သိသွားသည်။ သူသည် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် အပြင်ဘက်တွင် ဇွန်ဘီများမရှိဘဲ ဒီနေရာတွင်မှ ဘာဖြစ်လို့ ဇွန်ဘီတွေစုနေသလဲ မသိတော့ပေ။

ထိုအချိန်တွင် သူတို့မမြင်နိုင်သည့် အောက်ဘက်တွင် ဇွန်ဘီသုံးထောင်လောက်သည် နေရာလွတ်မကျန်အောင်ကို စုနေကြသည်။ စက်ရုံသည် ကမ္ဘာပျက်ခေတ်မတိုင်ခင်က အလုပ်သမားသုံးထောင်လောက်ရှိခဲ့ပုံရသဖြင့် ဒီဇွန်ဘီများက ဒီလိုစု​မိနေတာ ဖြစ်မည်ဟု လင်းချင်းက ထင်လိုက်သည်။

ရှဲ့တုန်းသည် အုတ်ဘောင်တန်းကို လက်ဖြင့်ခေါက်လိုက်သည့်အခါ လင်းချင်းက သူ့ကိုလှည့်ကြည့်လာသည်။ ထိုအခါ အခြားအဆောက်အဦးများကြားကို လက်ညိုးထိုးပြပြီးနောက် အောက်ကဇွန်ဘီအုပ်ကို  ပြန်ထိုးပြသည်။ ထို့နောက် လက်ဟန်ဖြင့် သူမကို စကားပြောတော့သည်။ သူသည် အခြားအဆောက်အဦးများတွင် ဇွန်ဘီများကိုမတွေ့ဘဲ အနားကဇွန်ဘီတိုင်းက ဒီနေရာတွင် စုနေသည်ဟု ပြောခြင်းဖြစ်သည်။

လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ သူမသည် ဒါကိုသိနှင့်ပြီးသားဖြစ်သည်။ အဆင့်လေးဇွန်ဘီက ဇွန်ဘီအများကကြီးကို နေစေသည့် အကြောင်းအရင်းကိုသာ သူမက သိချင်တာဖြစ်သည်။ အဆင့်လေးဇွန်ဘီသည် တူယွမ်ရှင်းတို့ ရင်ဆိုင်ခဲ့ရသည့် စိတ်စွမ်းအားဇွန်ဘီမျိုး မဟုတ်ပါက သာမန်ဇွန်ဘီများကို မထိန်းချုပ်နိုင်ပေ။ စိတ်စွမ်းအားရှိသည့်ဇွန်ဘီတောင်မှ ဒီလောက်ဇွန်ဘီအများကြီးကို တစ်ချိန်တည်းတွင် ထိန်းချုပ်နိုင်တာ မဟုတ်ပေ။

သူမသည် အနားက အဆောင်တစ်ခုကို လက်ညိုးထိုးပြကာ ရှဲ့တုန်းအား လက်ဟန်ဖြင့် ပြောလိုက်သည်။ သူမပြောသည်မှာ ပစ်မှတ်ဇွန်ဘီခေါင်းဆောင်က အဲ့ဒီနေရာမှာ ရှိသည်။

ရှဲ့တုန်းသည် ထိုဘက်ကိုကြည့်ရင်း အစတော့ ပဟေဠိဖြစ်သွားသည်။ သူ့အာရုံခံကြည့်သော်လည်း မတွေ့သဖြင့် ပစ်မှတ်က သေချာပုန်းနေသောကြောင့် မသိတာဖြစ်မည်ဟု သူထင်လိုက်သည်. ထို့နောက် လင်းချင်းကို ကြည့်ကာ ထိုဘက်ကို လက်ညိုးထိုးပြပြီးနောက် ဒီပစ်မှတ်အတွက် လာတာလားဟု လက်ဟန်ဖြင့် မေးသည်။

လင်းချင်းသည် သူ့ကိုခေါင်းငြိမ့်ပြပြီးနောက် အောက်ကဇွန်ဘီအုပ်ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းမော့လာကာ ရှဲ့တုန်းအား သူမသည် အဆင့်လေးဇွန်ဘီကို အရင်သွားရှာမှာဖြစ်၍ သူကတော့ လုပ်ချင်တာလုပ်နေဟု လက်ဟန်ဖြင့်ပြောလိုက်သည်။ 

ထို့နောက် လင်းချင်းသည် အုတ်ဘောင်တန်းမှနေ အခြားအဆောက်အဦးတစ်ခုသို့ ခုန်ကူးလိုက်သည်။ ၈မီတာလောက်ဝေးသော်လည်း လင်းချင်းကတော့ အလွယ်လေးကူးလိုက်သည်။ ရှဲ့တုန်းသည် ထိုအဆောက်အဦးကိုကြည့်ကာ မျက်မှန်းဖြင့်တွက်ကြည့်သော် သူသာဆိုလျှင် ပြတင်းပေါက်ဘောင်ကိုသာ ရောက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့်ထပ်ခုန်တက်ရမှာဖြစ်သည်။

လင်းချင်းသည် အမိုးပေါ်တွင် ခုန်လှိမ့်တက်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။ ကိုယ်ဖျောက်ထားသည့် လင်းချင်းသည် အမိုးတစ်ခုမှတစ်ခုကူးကာ နောက်ဆုံးတွင် သူမမှတ်ထားသည့် အဆောင်ပေါ်သို့ ရောက်သွားသည်။

အဆောင်အဆောက်အဦးသည် ၇လွှာရှိပြီး အလုပ်သမားများ နေခဲ့ပုံရသည်။ လင်းချင်းသည် အမိုးစွန်းမှနေ အောက်သို့ငုံ့ကြည့်လိုက်သည်။ ဇွန်ဘီတစ်ကောင်မှ မတွေ့သော်လည်း ပြင်းထန်သည့်သွေးနံ့ကိုရသည်။ သူမသည် ခုနတည်းက ရှဲ့တုန်းဖြင့် အတူရှိနေတည်းက ဒီအနံ့ကို ရနေတာဖြစ်သည်။   ‘ဒီလောက်ပြင်းတာ ငါ့နှာခေါင်းက မရဘဲနေမလား?’

အောက်မှာဘာမှမတွေ့ရသောကြောင့် လင်းချင်းသည် အုတ်ဘောင်တန်းကိုကိုင်ကာ အောက်ထပ်ဝရံတာသို့ လူကိုနောက်သို့ရောက်အောင်လုပ်လိုက်ရင်း ခုန်ချလိုက်သည်။ သူမသည် ဝရံတာပေါ်သို့ တိတ်ဆိတ်စွာ ကျသွားပြီးသည့်နောက် ပြုတ်ကျတော့မလို ဖြစ်သွားသည့် သူမဦးထုပ်ကို သေချာပြန်ဆောင်းလိုက်သည်။

သူမသည် ဒီနေရာသည်လည်း အခြားနေရာများလို ညစ်ပတ်နေကြောင်းကို တွေ့လိုက်ရသည်။ နံရံတွင် သွေးများဖြင့်စွန်းနေကာ ကြမ်းပြင်သည် ဖုန်အထူကြီး ဖြစ်နေသည်။ လင်းချင်းသည် ကိုယ်ပျောက်နေတာ ဖြစ်သော်လည်း သူမသွားရာတစ်လျှောက်တွင်တော့ ခြေရာများက ကျန်ခဲ့သည်။

သူမသည် လှေကားတွေ့သဖြင့် အောက်ထပ်သို့ လှေကားဖြင့် ဆင်းလာသည်။ လှေကားထောင့်တစ်ခုတွင် သူမသည် ကြမ်းပြင်ပေါ်တွင် သွေးစီးကြောင်းများကို တွေ့ရသည်။ ကြည်ရသည်မှာ ငါးလွှာကနေ သွေးထွက်နေသည့်ကိုယ်များကို လှေကားကနေ တရွတ်တိုက်ဆွဲခေါ်သွားခဲ့ပုံရသည်။ လင်းချင်းသည် ထိုသွေးစီးကြောင်းကို တက်မနင်းဘဲ ဘေးကနေ ရှောင်ရှားရင်း ထိုအနောက်သို့ လိုက်ကြည့်သည်။

ဒီအထပ်တွင် သွေးနံ့များသည် အရမ်းကို ပြင်းထန်လာသည်။ ထို့အပြင် လင်းချင်းသည် စာအုပ်ဆိုင်နားတွင်ရခဲ့သည့် လူသားနံ့များကိုပါ ရလိုက်သည်။ ကြည့်ရသည်မှာ လူများကိုဖမ်းထားကာ ဒီနေရာတွင် စားပုံရဿည်။ ထို့ကြောင့် လင်းချင်းသည် သူတို့ရောက်လာသည်ကို သိသော်လည်း ပြန်သွားမသွားကို မသိလိုက်ရသည်မှာ မထူးဆန်းတော့ပေ။

လင်းချင်းသည် ကြမ်းပြင်တွင် ရဲရဲနီနေသည့်သွေးအိုင်ကြီးကို တွေ့လိုက်သည်။ သူမသည် အခုအရောင်များကို ပြန်မြင်နိုင်နေပြီဖြစ်ရာ သွေးနီသည် သူမကို ပြင်းထန်သည့်ခံစားချက်ကို ပေးလေသည်။ သူမ၏မျက်လုံးထဲတွင် ကမ္ဘာကြီးက အဖြူအနက်ပဲဖြစ်စဉ်တုန်းက ဒီလိုသွေးမျိုးကို မမြင်ခဲ့ရပေ။ အခုတော့ သွေးနီရောင်နှင့်အတူ အနံ့ပါရနေသည့်အခါ သူမစိတ်သိပ်မထိန်းနိုင်သလို ဖြစ်နေသည်။ တော်သေးသည်မှာ လင်းချင်းသည် အရင်တည်းက သွေးသံတရဲရဲမြင်ကွင်းများဖြင့် အသားကျနေသူပင်။ သို့သော်လည်း ရှေ့တွင်မြင်ရမည့်အရာကို တွေးမိသည့်အခါ မျက်နှာပျက်သွားတော့သည်။

သူမသည် ကော်ရစ်တာတစ်လျှောက် သွေးများနောက်က လိုက်သွားသည့်အခါ အခန်းတစ်ခုရှေ့သို့ ရောက်သွားသည်။ လတ်ဆက်သည့်သွေးနံ့အပြင် သူမသည် ပုပ်သိုးနေသည့် အနံ့များကိုလည်း ရသေးသည်။ သူမ၏ ထက်မြက်သည့်အနံ့ခံအာရုံကြောင့် လင်းချင်းသည် အဆင်မပြေဖြစ်လာသဖြင့် နှာခေါင်းကို လက်ဖြင့်ပိတ်လိုက်ရသည်။ အခန်းရှေ့က ကြမ်းပြင်တွင် သွေးရောင်ကစုံနေသည်။ ခြောက်၍ညိုနေသည့် သွေးကွက်များပေါ်တွင် လက်ဆက်သည့်သွေးနီနီများက စွန်းထင်းနေတာဖြစ်သည်။

အခန်းနားသို့ သူမသွားသည့်အခါ တံခါးနားတွင် သူမခြေချစရာ သန့်ရှင်းသည့်နေရာ မရှိတော့ပေ။ ထို့ကြောင့် လင်းချင်းသည် သွေးအိုင်ထဲသို့ ရွေးချယ်စရာမရှိဘဲ ခြေချလိုက်ရတော့သည်။

အခန်းထဲကနေ ကိုက်စားနေသည့် အသံများက ထွက်နေသည်။ တံခါးသည် ဖွင့်ထားသဖြင့် လင်းချင်းသည် အခန်းထဲက မြင်ကွင်းကို တန်းမြင်လိုက်သည်။ ထို့ကြောင့် လင်းချင်းသည် မျက်လုံးကို ခနမှိတ်လိုက်ပြီးမှ ဝင်သွားတော့သည်။  
Previous Chapter 187 of 198 Next