May Honey Logo May Honey
Previous Next

၁၇၇။ လှောင်ချိုင့်ကြီးလုပ်

မေးခွန်းမျိုးစုံပြည့်နေသည့် ရှဲ့တုန်းသည် တံခါးနားသို့ကပ်ကာ လင်းချင်းပြန်ထွက်အလာကို စောင့်နေရင်းအတွေးများနေသည်။

လင်းဝမ်ဝမ်သည် ရှဲ့တုန်းကို စပ်စုစွာဖြင့် တစ်ချက်ကြည့်ပြီးနောက် တံခါးကိုပိတ်လိုက်သည်။ လင်းချင်းသည် လင်းဝမ်ဝမ်အား ဆန်းကျယ်သည့် အပြုံးဖွဖွဖြင့် ပြုံးပြကာ လုံချင်းယင်နားသို့ သွားလိုက်သည်။ ထို့နောက် သင်ပုန်းကိုထုတ်လိုက်ကာ ရေးပြလိုက်သည်။   ‘သံလှောင်ချိုင့်ကြီးတစ်လောက် လုပ်ပေးစေချင်တယ်’

“သံလှောင်ချိုင့်လား? ဘာဖြစ်လို့လိုတာလဲ? တစ်ခုခုကို လှောင်ထားဖို့ လိုလို့လား?”   လင်းဝမ်ဝမ်သည် လင်းချင်း၏ လက်ရေးကို ခနကြည့်ပြီးသည့်နောက် မေးသည်။

“သံလှောင်ချိုင့်ကြီးလား?”   လုံချင်းယင်သည်လည်း လင်းချင်းကို ကြည့်ကာမေးသည်။   “ဘယ်လိုသံလှောင်ချို့မျိုးလဲ? ဘယ်လောက်ကြီးစေချင်တာလဲ?”

“နှစ်မီတာအမြင့်နဲ့ ငါးမီတာလောက်ရှည်ပြီးတော့ သုံးမီတာကျယ်တာမျိုး။ အောက်ခြေတော့မလိုဘူး”   လင်းချင်းက ရေးပြသည်။

လုံချင်းယင်သည် လင်းဝမ်ဝမ်ကို တစ်ချက်ကြည့်ပြီးမှ   “ဒီလောက်ကြီးတာလား? ဘာကိုထိန်းထားဖို့လဲ?”

“အောက်ခြေလည်းမပါဘူးမလား? ဒါဆိုရင် သံအဖုံးအကြီးကြီးလိုပေါ့။ ဟုတ်တယ်မလား?”

လင်းချင်းသည် သူမရေးထားသည်များကို ဖျက်ပြီးနောက် ဆက်ရေးပြသည်။   ‘လိပ်ကြီးတွေ’

လင်းဝမ်ဝမ်နှင့်လုံချင်းယင်တို့သည် ပိုစိတ်ရှုပ်သွားကြသည်။ ဘယ်လိုလိပ်မျိုးမလို့ ဒီလောက်ကြီးတဲ့လှောင်ချိုင့်လိုတာလဲ? လိပ်တွေက ဘယ်လောက်ကြီးနေလို့လဲ? ဇွန်ဘီက ဒီလိပ်တွေကို ဘာဖြစ်လို့ ဖမ်းတာလဲ? ပြီးတော့ ဘာဖြစ်လို့ လှောင်ချိုင့်ထဲထည့်မှာလဲ?

လင်းချင်းသည် သူတို့မေးခွန်းများကို ဖြေမနေဘဲ စာထပ်ရေးမေးသည်။   ‘ကူညီနိုင်လား?’

လုံချင်းယင်သည် အမှုအယာကင်းမဲ့စွာဖြင့် ခေါင်းငြိမ့်ပြကာ   “ပြဿနာမရှိပါဘူး ဒါပင်မယ့် နင်လိုချင်တဲ့လှောင်ချိုင့်က ကြီးလွန်းတယ်။ အဲ့ဒါကြောင့် ဒီအဆောက်အဦးရဲ့အပြင်ကို ထွက်လုပ်ပေးမှာ ရလောက်မယ်”

လင်းချင်းသည် လုံချင်းယင်နှင့်လင်းဝမ်ဝမ်တို့ကို ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ ဆုံးဖြတ်ပြီးနောက် လုံချင်းယင်သည် တံခါးကနေ အရင်ဖွင့်ထွက်သည်။ လင်းချင်းက နောက်ကနေ လိုက်လာကာ လင်းချင်း၏အနောက်မှ လင်းဝမ်ဝမ်သည် သိချင်စိတ်ဖြင့် ပါလာသည်။

အခန်းပြင်ရောက်သည့်အခါ တံခါးမှာရပ်စောင့်နေသည့် ရှဲ့တုန်းကို သူမတွေ့သည်။ သူမသည် စိတ်ဝင်စားမှုကင်းမဲ့စွာဖြင့် တစ်ချက်သာကြည့်ပြီးနောက် လှေကားမှနေ အောက်သို့ဆင်းသွားသည်။

မကြာခင်တွင် သူမသည် ဧည့်ကြိုခန်းမှထွက်ကာ ဟိုတယ်၏ဂိတ်ဝအပြင်ဖက်သို့ ထွက်လာတော့သည်။ ရှဲ့တုန်းသည်လည်း လင်းချင်း၏အနောက်ကနေ လိုက်လာသည်။ လင်းချင်းအခန်းထဲကနေ ထွက်လာတည်းက သူမကိုပဲစိုက်ကြည့်နေမိသည်။ ပိုကြည့်မိလေလေ လုထန်ယုနှင့် ပိုတူလေလေဖြစ်သည်။   ‘တကယ်ပဲ လုထန်ယုလား?’

သူ့အကြည့်များကြောင့် လင်းချင်းသည် ‘ဘာဖြစ်လို့လဲ’ဆိုသည့် အမေးပါသည့် မျက်လုံးများဖြင့် သူ့ကိုကြည့်လာသည်။ ရှဲ့တုန်းသည် သူမကိုလက်ညိုးထိုးကာ ပါးစပ်ဟလိုက်သ်ည။ သူသည် လုထန်ယုလားဟု မေးမလို့ဖြစ်သော်လည်း အခြားလူသားနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် အလျှော့ပေးလိုက်တော့သည်။

တစ်ဖက်တွင်တော့ လုံချင်းယင်သည် ဘေးပတ်ဝန်းကျင်းကို ကြည့်နေသည်။ သူမသည် ပိုပျက်စီးနေသည့်နေရာတစ်ခုကိုရွေးပြီးနောက် ထိုနေရာဘက်သို့ လက်ကိုမြှောက်လိုက်သည်။ 

လင်းချင်းသည် လုံချင်းယင်၏ ခေါင်းထဲကနေ စွမ်းအားစီးကြောင်းတစ်ခုထွက်လာကာ သူမတစ်ကိုယ်လုံးကို စီးပြီးနောက် လက်ဝါးတွင်စုသွားသည်ကို မြင်လိုက်သည်။ ထို့နောက် လုံချင်းယင်က လက်ကိုကွေးလိုက်သည့်အခါ အဆောက်အဦးအပျက်မှ သံထည်တိုင်းသည် သူမဆီသို့ ပျံလာတော့သည်။ ထိုသံထည်များသည် အရည်ပျော်သွားကာ ကြီးမားသည့် သံနက်လုံးကြီးအဖြစ် ဖွဲ့စည်းသွားသည်။ 

သူမသည် နောက်လက်တစ်ဖက်ကို ထိုသံလုံးသို့ရွယ်လိုက်ကာ လက်ချောင်းများကို ထပ်ကွေးလိုက်သည်။ ထို့နောက် သူမသည် လက်နှစ်ဖက်ကို ဝေးရာသို့ ဆန့်တန်းလိုက်သည်။ ထို့နောက် သံလုံးသည် ဆွဲဆန့်ခံလိုက်ရသည့်အတိုင်း ရှည်မျောမျောကြီး ဖြစ်သွားသည်။

သူမသည် လေထဲတွင် ပန်းချီဆွဲနေသည့်အလား လက်များကို ဝေ့ယမ်းသည့်နောက်တွင် တဖြည်းဖြည်းဖြင့် သံလှောင်ချိုင့်ရှည်မျောမျောကြီးတစ်ခုက ဖြစ်ပေါ်လာသည်။ ထိုသံလှောင်ချိုင့်သည် တံမျက်စည်းအရွယ်သံချောင်းများက တစ်ခုနှင့်တစ်ခု ဆယ့်ငါးစင်တီမီတာလောက် ကွာဝေးစွာဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

လုံချင်းယင်သည် လင်းချင်းအား
“ဒီအနေက အဆင်ပြေလား?”

လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ သူမဖမ်းမိလာသည့် လိပ်များထဲမှ အသေးဆုံးအကောင်တောင် ဒီလှောင်ချိုင့်ထဲက လွတ်ထွက်နိုင်မှာ မဟုတ်ပေ။   ‘ငါလိပ်တချို့တလေစားပြီးသွားရင် ကန်ကိုပြန်သွားပြီးတော့ ထပ်ဖမ်းဦးမှပဲ’

သူမခေါင်းငြိမ့်ပြမှ လုံချင်းယင်သည် သံလှောင်ချိုင့်ကြီးကို မြေပေါ်သို့ချလိုက်သည်။ လင်းချင်းက ထိုအနားသို့သွားကာ သံတိုင်နှစ်ခုကို ဆွဲခွာကြည့်သည်။ လှောင်ချိုင့်က တကယ်ခိုင်ခံသဖြင့် လုံချင်းယင်ကို ထပ်၍ခေါင်းငြိမ့်ပြလိုက်သည်။

လုံချင်းယင်သည် လက်ပိုက်လျှက် လင်းချင်းကို ဘေးကနေ ကြည့်နေတာဖြစ်သည်။ လင်းဝမ်ဝမ်က ခနကြည့်ပြီးသည့်အခါ လင်းချင်းကို မနေနိုင်ဘဲ မေးသည်။   “ဒီလှောင်ချိုင့်ကြီးက တိတိကျကျ ဘာလုပ်ဖို့လဲ?”

လင်းချင်းသည် မျက်လုံးကိုမှိတ်ကာ သူမ၏နယ်မြေကို အာရုံခံလိုက်သည်။ ထို့နောက် လက်လှုပ်လိုက်သည့်အခါ လိပ်တစ်ကောင်က ပြုတ်ကျလာသည်။   ဘုန်း!!!

“ဝိုး! လိပ်ခွံက အကြီးကြီးပဲ! လိပ်ခွံစုရတာ ကြိုက်လို့လား? အကြိုက်က ထူးဆန်းတယ်”   လင်းဝမ်ဝမ်သည် လိပ်ကိုကြည့်ကာ ပြောစမှတ်ပြုသည်။

လင်းချင်းသည် လိပ်နားသို့ လျှောက်သွားပြီး လိပ်ပေါ်ထိုင်ချလိုက်ကာ လက်ကိုလှုပ်လိုက်သည်။ ထိုအခါ ကြွက်လေးတစ်ကောင်၏ အမြီးကို သူမကိုင်လျှက်သားဖြစ်လာသည်။ သူမနိုးလာသည်မှာ ရက်၂၀ကျော်နေသလို ထိုကြွက်သည်လည်း သူမ၏နယ်မြေထဲတွင် ၁၀ရက်လောက် နေထားသည်ဖြစ်ရာ အရင်ကထက်တော့ ကြီးလာပြီ။

‘ကျွိ ကျွိ ကျွိ’
လင်းချင်းထံတွင် အမြီးကနေတွဲလောင်းဆွဲထားခံရသဖြင့် ကြွက်သည် ရုန်းနိုင်သလောက် ရုန်းနေသည်။ သူ့ကိုယ်ကိုကိုင်းကာ အမြီးကိုလွှတ်ပေးဖို့ လင်းချင်းကို ကိုက်ဖို့လုပ်သော်လည်း လင်းချင်းက လက်ကိုလှုပ်လိုက်သဖြင့် တွဲလောင်းပြန်ဖြစ်သွားသည်။ လင်းချင်းသည် ကြွက်ကိုသတိမေ့သွားသည့်အထိ လှုပ်ယမ်းလိုက်ပြီးနောက် သူမသည် လိပ်၏ခေါင်းအနားတွင် ချထားပေးလိုက်သည်။

အခြားသူများသည် သူမလုပ်သမျှကို စိတ်ဝင်တစားကြည့်နေကြသည်။ သူတို့သည် ဒါကလိပ်အခွံဟုထင်နေသော်လည်း  လင်းချင်း၏ ပြုမှုပုံအရ အထဲတွင် တစ်ခုခုရှိနေပုံရသည်။ ထိုအချိန်တွင် လိပ်ခေါင်းသည် အခွံထဲမှထွက်လာကာ သူ့၏ထက်လွန်းသည့် သွားများဖြင့် ကြွက်ကိုကိုက်ပစ်လိုက်သည်။

ကျွိ!
အန္တရာယ်ကိုခန့်မှန်းမိသည့်ကြွက်သည် ချက်ချင်းထဆုတ်သည်။ ကံကောင်းသည်မှာ လင်းချင်းသည် လိပ်ကအကိုက်မခံရခင် ကြွက်ကိုဆွဲတင်လိုက်နိုင်သည်။

“ဟင်? အသက်ရှိနေတာပဲ”   လင်းဝမ်ဝမ်သည် လိပ်ကိုတအံ့တသြကြည့်ကာ ပြောသည်။ သူ့အစာလွတ်သွားသည့်အခါ လိပ်သည် ခြေလက်များကိုရုန်းကာ လိုက်ဖို့လုပ်သည်။ သို့သော်လည်း လင်းချင်းက ဖိထားသဖြင့် လိပ်သည် တစ်လက်မှ ရုန်းလို့မရနိုင်ဖြစ်နေသည်။

ထိုလှောင်ချိုင့်ကြီးက ဘာလုပ်ဖို့ဆိုသည်ကို အခြားသူများသည် အခုတော့ သေချာသိသွားကြသည်။ သို့သော်လည်း ဒီလှောင်ချိုင့်ကြီးသည် လိပ်တစ်ကောင်အတွက်တော့ ကြီးလွန်းနေသည်ဟု သူတို့ခံစားရသည်။ လင်းချင်းသည် သူတို့၏အထင်များကို သိသော်လည်း အာရုံစိုက်မနေဘဲ လိပ်ကိုပက်လက်လန်အောင် ကန်ချလိုက်သည်။ ထို့နောက် ခြေထောက်ဖြင့် လှောင်ချိုင့်အနားသို့ တွန်းပို့သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် လှောင်ချိုင့်ကို မကာ လိပ်ကိုကန်ထည့်လိုက်ပြီးနောက် ပြန်ချလိုက်သည်။

လိပ်သည် လှောင်ချိုင့်ထဲတွင် လေးပတ်လောက် လည်သွားပြီးမှ ရပ်တော့သည်။ ထို့နောက် ချက်ချင်း ပြေးသော်လည်း လှောင်ချိုင့်ထဲကနေ ပြေး၍မလွတ်ပေ။ အခွံမာကြီးများဖြင့် သံလှောင်ချိုင့်ကိုတိုက်နေလေရာ ဆူညံ့နေသည်။ လှောင်ချိုင့်သည် အနည်းငယ် လှုပ်နေသော်လည်း ပျက်စီးမည့်ပုံတော့မရှိပေ။  
Previous Chapter 177 of 198 Next