၂၆။ ရှားပါးဇွန်ဘီ
မုန့်ယွဲ့သည် သူမပြောသည်ကို ရုတ်တရက် နားလည်သွားပြီး
“အဲ့ဒါကြောင့် ညီမရဲ့အာရုံက အားနည်းနေတာကိုး။ ညီမတို့နဲ့ နယ်မြေခြားသွားလို့ ဖြစ်ရမယ်။ တော်သေးတာက သူ့အဆင့်က အရမ်းမမြင့်သေးဘူး။ သူသာ အဆင့်ပိုမြင့်သွားရင် ဒီလိုအားနည်းတာကိုတောင် ညီမအာရုံခံရမှာ မဟုတ်တော့ဘူး”
ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့အား မဲ့ပြုံးဖြင့် ကြည့်ကာ“ကြည့် မင်းက မိုးကြိုးပစ်ချလိုက်တော့ ထွက်ပြေးသွားပြီ အခုငါတို့ ဘယ်လိုလုပ်ရှာတော့မလဲ? သူ့နယ်မြေက ရွေ့လို့ရတယ်ဆိုရင် သူပြန်ထွက်လာတာနဲ့ တခြားနေရာရောက်သွားမှာ”
သူပြောသည်ကိုကြားသည်နှင့် ဝူချန်းယွဲ့၏ မျက်နှာသည် မည်းသည်းသွားသည်။ သူ့၏နူးညံ့မှုတို့သည် ပျောက်ဆုံးသွားလေပြီ။ထိုအခါ မုန့်ယွဲ့သည် ရှောင်ယွင့်လုံအား ဒေါသတကြီးဖြင့်
“နင်ဘာဖြစ်နေတာလဲ? လင်းလင်းကို စိတ်မပူဘူးလား? တကယ်လို့ ဇွန်ဘီကသာ လင်းလင်းကို အစာအဖြစ် ထိန်းထားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ? တော်ကြာ နယ်မြေထဲကို ပြန်ရောက်သွားလို့ စိတ်တိုပြီး လင်းလင်းကို စားပစ်လိုက်ရင်ရော?”
ရှောင်ယွင့်လုံက နှာခေါင်းရှုံ့ကာ ပြောသည်။“ငါဘာမှမလုပ်ဘူး ဒီဇွန်ဘီက တခြားအဆင့်မြင့်ဇွန်ဘီတွေနဲ့ မတူတာကို နင်မသိတာပဲ အံ့သြတယ်”
ဝူချန်းယွဲ့က ဘာမှပြန်မပြောဘဲ သူ့ကိုကြည့်လာသည်။မုန့်ယွဲ့သည် အံ့သြကာ မေးသည်။
“ဘာက ထူးခြားနေလို့လဲ?”
ရှောင်ယွင့်လုံက“အဆင့်မြင့်ဇွန်ဘီတွေက အသိညဏ်ရှိတယ်။ သူတို့အပြုအမှုတွေက လူတွေကို လိုက်အတုယူတော့ လူတွေလိုပဲ။ ဒါပင်မယ့် ငါမြင်သလောက်ဆိုရင် ခုနက ဒီဇွန်ဘီက တခြားဇွန်ဘီတွေလို လူတွေအပေါ် ရန်လိုနေတာမရှိဘူး။ ပြီးတော့လည်း သူ့ရဲ့လူဆန်တဲ့အပြုအမှုတွေက သဘာဝကျလွန်းတယ်။ တုပထားတာမျိုး မဟုတ်ဘူး”
‘ရန်လိုမှုမရှိတာ. . .ဒါက သူမသည် ဘယ်လူသားကိုမှ မသတ်ရ မစားရသေးဘူးဆိုတဲ့ အဓိပ္ပာယ်ဘဲ။ ဇွန်ဘီအနေဖြင့် လူသားမစားဘဲ ဘယ်လိုလုပ်နေနိုင်လဲ? အဆင့်မြင့် ဇွန်ဘီပဲ ဖြစ်လိမ့်မယ်။ လူသားကို မစားဘူးဆိုရင် လင်းလင်းကိုလည်း စားမှာမဟုတ်ဘူး’သူဒီလိုပြောလိုက်သည့်အခါ နှစ်ယောက်လုံး ငြိမ်သွားကြသည်။
ဝူချန်းယွဲ့သည် ခုနတုန်းက ဇွန်ဘီရှိခဲ့သည့်နေရာကို ကြည့်ရင်း သူမတွင် ရန်လိုစိတ်မရှိသည်ကို ပြန်သတိထားမိလာသည်။
‘လူကိုမသတ်တဲ့ ဇွန်ဘီက ဘာလဲ?’
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဇွန်ဘီက လူမသတ်စရာလား? လူသားတွေက သူတို့အစာလေ။ လူမြင်ရင် စားမှာပဲ။ ခုန်အုပ်ပြီးတော့ကို စားမှာ။ ဒါက သူတို့ရဲ့ အစာစားချင်စိတ်။ ဖျောက်လို့မှ မရတာ”မုန့်ယွဲ့က မယုံကြည်စွာဖြင့် ပြောသည်။
ဒီလိုပြောနေရင်းတွင်ပဲ သူမသည် ထိုအမျိုးသမီးဇွန်ဘီ၏ ရန်လိုမှုမရှိသည်ကို ပြန်အမှတ်ရသွားသည်။ သူမသည် အပင်စွမ်းအားရှင် ဖြစ်သဖြင့် သူမ၏ဘေးက လူနှစ်ယောက်ထက် အာရုံခံစားမှုတွင် ပိုအားကောင်းသည်။ သို့သော်လည်း သူမမယုံကြည်နိုင်ပေ။ရှောင်ယွင့်လုံက ထပ်ပြောသည်။
“ဒီဇွန်ဘီက လင်းလင်းကို သူ့မိဘတွေ လိုက်ရှာပေးနေတာတောင် ဖြစ်နိုင်တယ်။ မင်းက သူရှာနေတဲ့သူ ဟုတ်တာကိုတော့ မသိလောက်ဘူး။ ဒါပင်မယ့် မင်းက မိုးကြိုးနဲ့ပစ်လိုက်မှတော့ လင်းလင်းရဲ့ အဖေမှန်း သိသွားရင်လည်း မင်းကိုပြန်ပေးတော့မှာ မဟုတ်ဘူး”
ထိုစကားကို ကြားသည့်အခါ ဝူချန်းယွဲ့သည် ရှက်မိသွားသည်။ ရှောင်ယွင့်လုံ ပြောသလို မဖြစ်နိုင်သော်လည်း မသိစိတ်အရ ဒီလိုအံ့ဖွယ်ဖြစ်ရပ်မျိုးကို သူယုံနေမိသည်။ ဖြစ်နိုင်သည်က သူ့သမီးလေးသည် ဒီဇွန်ဘီ၏ နယ်မြေထဲတွင် ကောင်းကောင်းရှင်သန်နေပုံရသည်။“ပြီးတော့ သူတိုက်ချင်စိတ်မရှိတာကို မင်းသတိမထားမိဘူးလား? ငါက သူ့ကိုစလိုက်ရုံပဲ ဆိုပင်မယ့် မင်းကတော့ မိုးကြိုးနဲ့ ပစ်ချပြီး ထွက်ပြေးအောင် လုပ်လိုက်တယ်”
ရှောင်ယွင့်လုံသည် သက်ပြင်းချကာ ပြောသည်။
ဝူချန်းယွဲ့၏ မည်းသည်းနေသည့် မျက်နှာကို မုန့်ယွဲ့သည် ကြည့်ပြီး ရှောင်ယွင့်လုံအား
“တော်ပြီ။ ဘာပဲဖြစ်ဖြစ် လင်းလင်းကို တွေ့ချင်ရင် ငါတို့အဲ့ဒီဇွန်ဘီကို လိုက်ရှာမှ ရတော့မယ်”
“ဒီနည်းပဲ ရှိမယ်ထင်တယ်။ ဒီပတ်ဝန်းကျင်ကို သေချာရှာဖို့ ငါလူတစ်ချို့ကို လွှတ်ထားလိုက်မယ်”
မုန့်ယွဲ့က ခေါင်းငြိမ့်ကာ“အခုစလုပ်ရအောင်။ ငါလူသွားခေါ်ပြီး ဒီအနားတစ်ဝိုက်ကို ရှာလိုက်မယ်။ ဇွန်ဘီက ထွက်မသွားလောက်သေးပါဘူး။ ထွက်လာတာနဲ့ ငါတို့တားထားမယ်”
ပြောပြီးသည်နှင့် သူတို့နှစ်ယောက်သည် ဝူချန်းယွဲ့ကို ထားကာ ထွက်သွားကြသည်။. . .
တစ်ဖက်တွင်တော့ လင်းချင်းသည် သူမ၏နယ်မြေထဲသို့ ရောက်လာသည်။ သူမသည် မြက်ခင်းပေါ်သို့ ဘုန်းခနဲ ပြုတ်ကျလာကာ မလှုပ်နိုင်တော့ပေ။ မီးကျွမ်းနေသည့် သူမ၏ကိုယ်မှ အနံ့တို့သည်လည်း လေထဲတွင် ပျံနှံ့လာသည်။သူမရောက်လာသည်နှင့် ဝူယွဲ့လင်းသည် မလှမ်းမကမ်းတွင် မီးကျွမ်းကာ မည်းသည်းနေသည့်ကိုယ်ဖြင့် ဇွန်ဘီကို လှမ်းမြင်လိုက်သည်။ သူမသည် လင်းချင်းက ဘာဖြစ်လာသလဲကို နားမလည်စွာဖြင့် ကြည့်လိုက်သည်။
သူမသည် လင်းချင်း၏ ပုံစံကို ရင်းနှီးသလို ခံစားရသည်။ ဒီဇွန်ဘီအမကြီးက သူ့အဖေ၏ အစွမ်းဖြင့် သတ်ပစ်ခဲ့သည့် တခြားဇွန်ဘီတွေလို ဖြစ်နေသည်။ သူမ၏ အဖေသည် မိုးကြိုးဖြင့် ပစ်ချတက်သလို အပစ်ခံရသူများသည် ဒီလိုပုံဖြစ်နေတက်သည်။
သို့သော်လည်း သူမ၏အဖေသည် သူမအရှေ့တွင် ပြာကျသည့်အထိ ဘယ်သူ့ကိုမှ မပစ်ဘူးသောကြောင့် သူမ၏အဖေသည် မိုးကြိုးတစ်ချက်ဖြင့် လူရော ဇွန်ဘီရောကို သတ်နိုင်ကြောင်းကို သူမက မသိပေ။
ဝူယွဲ့လင်းသည် လင်းချင်း၏ ဒီလိုပုံကို မြင်ရသည့်အခါ စိတ်ထဲတွင် အဆင်မပြေပေ။
‘ဒီဇွန်ဘီအမကြီး သေသွားရင် ဘယ်လိုလုပ်မလဲ? သူသာသေသွားရင် ငါဘယ်လိုလုပ်ရပါ့မလဲ?’
သူမသည် ဒီနေရာကို ရောက်နေတာ ကြာသော်လည်း ဘယ်လိုနေရာမှန်းမသိပေ။ ဒီနေရာတွင် မြက်ခင်းနှင့် ရေကန်တို့သာ ရှိသည်။ ကျန်သည်တို့က အဖြူရောင်မြူခိုးများ ဖြစ်သည်။ သူမသည် ဘာကိုမှ သေချာရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဘယ်လိုထွက်သွားရမလဲ သူမမသိသလို ဒီနေရာတွင်လည်း ဘယ်သူမှ မရှိပေ။ သူမသည် မြူခိုးများ၏ အစွန်းသို့ တစ်ခါသွားဖူးသည်။ သို့သော်လည်း အရှေ့တွင် ဘာရှိမှန်းကို ဘယ်လိုမှ မမြင်ရသဖြင့် ဝေးဝေးကို မသွားရဲတော့ပေ။ ထို့ကြောင့် ရေကန်အနားက မြက်ခင်းတွင်သာ သူမနေခြင်း ဖြစ်သည်။သူမသည် ဒီနေရာတွင် ဇွန်ဘီအမကြီးကိုသာ မြင်ဖူးသည်။ ထိုဇွန်ဘီအမကြီးသည် သူမကို ထိခိုက်အောင် မလုပ်သလို ယုန်လေးကိုလည်း ဖမ်းပြီး လွှတ်ပေးလိုက်သည်ကို သူမမြင်လိုက်သည်။ ဇွန်ဘီအမကြီးသည် သူမကစားဖို့ အရုပ်လေးများ လုပ်ပေးသလို ရေသောက်ဖို့ ခွက်လည်း လုပ်ပေးထားသည်။ ဇွန်ဘီအမကြီး မရှိသည့်အခါ သူမသည် ထိုခွက်ဖြင့် ကန်ထဲကို ရေကို ခပ်သောက်သည်။
သူမသည် ဇွန်ဘီအမကြီး ပြန်လာသည့်အခါ ပျော်သွားသော်လည်း ဒီလိုအခြေအနေကို မြင်လိုက်ရသည့်အခါ စိတ်ပူသွားသည်။ စိတ်ပူခြင်းဆိုသည်ကို သူမကနားလည်သည့်အရွယ် မဟုတ်သေးသောကြောင့် ဒီလိုမြင်ရတာကို မကြိုက်သည်လောက်သာ သူမသိလေသည်။
လင်းချင်းက မလှုပ်မယှက် လဲနေသည့်အခါ ဝူယွဲ့လင်းသည် သုံးမီတာအကွာသို့ အမြန်ပြေးသွားသည်။ လုံးဝမလှုပ်သည်ကို သေချာမြင်မှ တစ်လှမ်းစီ တိုးလာသည်။ သူမသည် လင်းချင်းကို စက်ဝိုင်းလို ပတ်လျှောက်ကာ သေချာကြည့်နေသည်။ ဒီဇွန်ဘီအမကြီးက သူမကို ထိခိုက်အောင် မလုပ်သည်ကို သိသော်လည်း ထခုန်အုပ်မည်ကိုတော့ သူမကြောက်သေးသည်။
သူမသည် လင်းချင်းဘေးတွင် ရပ်နေကာ မျက်လုံးမှိတ်ထားသည့် ဇွန်ဘီအမကြီး၏ မျက်နှာကို သေချာကြည့်နေသည်။
‘ဘာဖြစ်လာတာလဲ? ဘာဖြစ်လို့ မထသေးတာလဲ? နိုးလာဖို့က ဘယ်လောက်ကြာဦးမှာလဲ?”
လင်းချင်း ဘာဖြစ်မှန်းမသိသည့် ဝူယွဲ့လင်းလေးသည် နိုးလာမည့်အချိန်ကိုသာ ဘေးကနေ ထိုင်စောင့်ကြည့်နေသည်။