၁၈၂။ မင်းရူးနေလား?
ဟိုတယ်ဖြင့် မီတာရာချီဝေးသည့်နေရာမှ အဆောက်အဦးတစ်ခုတွင် လူတစ်ယောက်သည် ဟိုတယ်ကို အဝေးကြည့်မှန်ပြောင်းဖြင့် ခိုးကြောင်ခိုးဝှက်ချောင်းနေသည်။
“တစ်ခုခုတွေ့လား?”
“ရှူး တိုးတိုး! ဟိုတယ်က ဆယ်ထပ်လောက်ရှိတာမှာ တစ်လွှာက အခန်းတွေပဲ မီးပွင့်နေတာ ငါမြင်ရတယ်။ ဒီမြို့မှာ မီးပြတ်သွားတာက အရမ်းကြာနေပြီဆိုတော့ သူတို့တွေက ဆိုလာစနစ်နဲ့သုံးနေတာဖြစ်မယ်”
“ဆိုလာစနစ်လား? သေချာလား?”
“မဟုတ်ရင် သူတို့က လျှပ်စစ်ဘယ်လိုလုပ်မလဲကွ?”
“ဆိုလာစနစ်ရှိတယ်ဆိုရင် ဒီနေရာက အရင်ကို မရောက်ဖူးသေးတာ ထင်တယ်။ အနားက ဇွန်ဘီတွေကိုလည်း ဒီလူတွေရှင်းထားတာဖြစ်မယ်။ ဟိုတယ်က ဒီလောက်ကြီးတာ။ အထဲမှာ အအေးခန်းလည်း ရှိမှာပဲ။ ရေခဲရိုက်အစားအသောက်တွေ အတော်များလောက်မယ်”
“ဖြစ်နိုင်တယ်!”
“ငါတို့သွားကြည့်ကြမလား?”
“အခြေအနေကို ခနသည်းခံကြည့်”
“ဟုတ်ပြီ!”
“ဒီလိုဆိုမှ အနားမှာ အဆင့်ငါးဇွန်ဘီရှိနေပင်မယ့် ဒီလူတွေက ဟိုတယ်မှာ အေးဆေးနားနေတော့ ဇွန်ဘီခေါင်းဆောင်က သတ်ခံလိုက်ရပြီထင်တယ်။ အဲ့ဒါကြောင့် အနည်းဆုံး သူတို့မှာ အဆင့်၆ ဒါမှမဟုတ် အဆင့်၅ တစ်ယောက်ပါမှာပဲ။ ငါတို့က သူတို့နဲ့ယှဉ်မရမှတော့ သွားနေရင်လည်း ဘာအကျိုးမှ မရှိဘူး”
“ဟုတ်သားပဲ”
“လူနှစ်ယောက်ခေါ်သွားပြီးတော့ ငါတို့ဆိုလာသုံးပစ္စည်းတွေ တွေ့ထားတယ်လို့ စခန်းက ဒုခေါင်းဆောင်ကြီးကို သွားသတင်းပို့လိုက်။ သူလိုက်လာလိမ့်မယ်”
“ဟုတ်ပြီ။ မင်းပြောသလိုလုပ်လိုက်မယ်”
လင်းချင်းသည် ဒီလူများက မီတာရာချီအောင်ဝေးသည့် အမှောင်ထဲတွင်ပုန်းနေကာ အသံတိုးတိုးဖြင့် ပြောနေသဖြင့် သူမ၏ အကြားအာရုံကောင်းလွန်းသော်လည်း သူတို့စကားများကိုတော့ မကြားနိုင်ပေ။ သူတို့၏အနံ့များနှင့် လက်သွားသည့် မှန်ပြောင်းကိုတော့ သူမသိလိုက်သည်။ ဒီလူများသည် လှုပ်ရှားမှုမရှိဘဲ ငြိမ်နေသဖြင့် လင်းချင်းသည် သူတို့က အခြေအနေကို လာစူးစမ်းတာဖြစ်မည်မှန်း သိလိုက်သည်။
ထို့နောက် ပြတင်းပေါက်ဘေးမှ လင်းချင်းသည် ပျောက်သွားသည်။ သူမသည် ကိုယ်ဖျောက်လိုက်ကာ ပြတင်းပေါက်ကနေ ခုန်ဆင်းလိုက်ပြီးနောက် ဒီလူများဆီသို့ ပြေးသွားလေသည်။ မီတာရာကျော်လောက်က သိပ်မဝေးလေရာ လင်းချင်းသည် ခုန်ရင်းလွှားရင်းဖြင့် သူတို့ရှိသည့် အဆောက်အဦးပေါ်သို့ ရောက်သွားတော့သည်။
သူမသည် အမိုးပေါ်တွင် ပတ်ကြည့်လေရာ ထိုအဆောက်အဦးနားမှာ ကားနှစ်စီးက မှောင်ရိပ်ခိုရပ်ထားသည်ကို တွေ့လိုက်သည်။ ထိုကားနှစ်စီးသည် မနေ့က သူမမြင်ခဲ့သည့် ကားနှစ်စီးပင်။ ထို့နောက် လူအချို့သည် အဆောက်အဦးထဲမှ ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်လာပြီးနောက် ကားနှစ်စီးအနက် တစ်စီးထဲသို့ ဝင်သွားသည်။ မကြာခင်တွင် ထိုကားသည် မောင်းထွက်သွားတော့သည်။
လင်းချင်းသည် ထွက်သွားသည့်ကားကို ကြည့်ပြီးနောက် အဆောက်အဦးကို အာရုံခံကြည့်သည်။ လူအချို့သည် အဆောက်အဦးထဲတွင် ရှိနေသေးကာ လူအချို့ကသာ ကားဖြင့်ထွက်သွားတာဖြစ်သည်။
‘ဘယ်ကိုသွားတာလဲ? ဆိုလာသုံးနိုင်တာကို သိသွားလို့ တစ်ယောက်ယောက်ကို သတင်းသွားပို့တာလား? ဒါမှမဟုတ် စခန်းကိုပြန်ပြီးတော့ ကူညီမယ့်သူသွားခေါ်တာလား။ လင်းဖန်တို့ကို မနိုင်လောက်ဘူးဆိုတာကို သိလို့လေ?’
ထိုခန့်မှန်းချေများဖြင့် လင်းချင်းသည် အမိုးပေါ်ကနေ ခုန်ဆင်းလိုက်ကာ ကားနောက်သို့ လိုက်သွားသည်။ သူမသည် ကားထက်ပိုမြန်လေရာ မကြာခင်တွင် အဆောက်အဦးလေးတစ်ခု၏ အမိုးပေါ်သို့ ရောက်လာတော့သည်။
ထိုအနားတွင် ဂုန်းကျော်တံတားလေးတစ်ခုရှိရာ လင်းချင်းသည် တံတားပေါ်သို့ သွားလိုက်ပြီးနောက် တံတား၏ လက်တန်းပေါ်တွင် ရပ်နေလိုက်သည်။ ကားက တံတားအောက်ကနေ ဖြတ်သွားသည့်အခါမှ လင်းချင်းသည် ကားအမိုးပေါ်သို့ ခုန်ချလိုက်သည်။
“ဆရာ ကျွန်တော်တို့ သူ့ကိုယုံလို့ရပါ့မလား? တကယ်လို့ ကျွန်တော်တို့မပါဘဲ ဆိုလာပစ္စည်းတွေကို သူတို့ယူသွားရင် ဘယ်လိုလုပ်မလဲ?”
“မင်းရူးနေလား? အဆင့်ငါးဇွန်ဘီက ဒီနေရာမှာ ခနခနပေါ်လာတက်တာကို အခုဟိုလူတွေက ဟိုတယ်ထဲမှာ အေးဆေးနေတာ။ ဇွန်ဘီခေါင်းဆောင်က သူတို့ကို အာရုံခံမိမှာကို ဘာဖြစ်လို့ လာမတိုက်တာလဲ? ဘာဖြစ်လို့လဲဆိုတော့ အသတ်ခံလိုက်ရလို့ပဲ! ငါတို့ထက် ပိုအင်အားကောင်းတယ်ကွ။ လုတုယောင်က သူ့ဟာသူလိုချင်လို့ သွားလုမယ်ဆိုရင်တောင် ဒီလိုလုပ်နိုင်တဲ့ အင်အားသူ့မှာ မရှိဘူး”
“ဆရာပြောတာ မှန်ပါတယ်”
ကားအမိုးပေါ်က လင်းချင်းသည် သူတို့ပြောသည်ကို ကြားသည့်အခါ သူမ၏ ခန့်မှန်းချေက မှန်နေကြောင်းကို သိလိုက်သည်။ ဒီလူများက ဆိုလာသုံးပစ္စည်းများကို လုဖို့ကြံစီနေတာ ဖြစ်သည်။ သူတို့မအောင်မြင်မည်ကို စိုးရိမ်သောကြောင့် အကူအညီတောင်းဖို့ ဒီကားကို လွှတ်လိုက်တာ ဖြစ်သည်။
‘ငါတို့ကိုမြင်ပြီး ဓားပြတိုက်ချင်တယ်။ ပြီးတော့ အကူအညီတောင် သွားတောင်းကြဦးမယ်ပေါ့?’ လင်းချင်းသည် ကားအမိုးပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏လက်ကို ကားမောင်းသူ၏ ပြတင်းပေါက်နားသို့ ဆန့်ထုတ်လိုက်သည်။ သူမ၏လက်မှ အနက်ရောင်မြူခိုးများသည် ထွက်လာကာ ကားပြတင်းပေါက်ကနေ စိမ့်ဝင်သွားတော့သည်။ မြူခိုးများသည် ကားထဲသို့ ပျံ့လာကာ ပိုမှောင်သွားစေပြီးနောက် သူတို့၏နားထဲသို့ ဝင်လာသည်။ လမ်းကိုသေချာကြည့်နေသည့် ကားမောင်းသူသည် ရုတ်တရပ် တောင့်ခဲသွားသည်။
“ဟင်? ဘာတွေလဲ?” ကားအရှေ့ခုံမှ ရှန်ချန်းမင်းသည် သူ့နားထဲသို့ဝင်ဖို့လုပ်နေသည့် မြူခိုးနက်များကို မြင်သည့်အခါ ချက်ချင်းတိမ်းရှောင်လိုက်သည်။
သူခေါင်းလှည့်လိုက်သည့်အခါ တောင့်ခဲနေသည့် ကားမောင်းသူကို မြင်လိုက်ရသည်။ ကားသမားသည် ကားကိုမထိန်းတော့သဖြင့် ကားသည် လမ်းဘေးသို့ သွားနေပြီဖြစ်သည်။ ထို့ကြောင့် ရှန်ချန်းမင်းသည် ကားကိုအမြန်ဝင်ထိန်းလိုက်ကာ “ချီး ကားကို ဘယ်လိုမောင်းနေတာလဲ? ကားတိုက်မိတယ်မယ်”
ရှန်ချန်းမင်းသည် လမ်းကိုကြည့်ကာ လက်ကိုင်ကိုထိန်းရင်း အော်လိုက်ပြီးနောက် ပြန်လှည့်ကြည့်သည့်အခါ ကားသမား၏ မျက်နှာသည် တဖြည်းဖြည်းချင်း ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ အရည်ပျော်သွားသလိုမျိုး သူ့ခေါင်းတစ်ခုလုံးသည် ပျော်ကျနေတာ ဖြစ်သည်။ ရှန်ချန်းမင်းသည် ကားသမား၏ ခေါင်းတစ်ခုလုံးက အရည်ပျော်ကျသွားသည်ကို မျက်မြင်တွေ့လိုက်ရသည်။
ဒီလိုကြောက်ဖို့ကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ခနကြောင်အသွားပြီးမှ ဘာဖြစ်နေသလဲကို သိတော့သည်။ ကားနောက်ခုံက လူများကို လှည့်ကြည့်လိုက်သည့်အခါ သူတို့သည်လည်း ကားမောင်းသမားကို ခေါင်းမရှိတော့ဘဲ တောင့်တောင့်ကြီး ထိုင်နေကြသည်ကို မြင်လိုက်ရသည်။ သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထလာတော့သည်။ သူ့ဘေးမှာ ကားသမားသည် လည်ပင်းပါ မရှိတော့ဘဲ တစ်ကိုယ်လုံးသည် ထူးဆန်းစွာဖြင့် အရည်ပျော်နေသည်ကို ထပ်တွေ့လိုက်ရပြန်သည်။
ထို့ကြောင့် ကားလက်ကိုင်ကို လွတ်လိုက်ကာ ကားတံခါးကိုဖွင့်ပြီးနောက် ကားပေါ်ကနေ လှိမ့်ကာ ခုန်ချလိုက်သည်။ ကားမောင်းသူမရှိတော့သည့် ကားကြီးသည် လမ်းဘေးသို့ ဆင်းသွားကာ ခြံတောထဲသို့ ရောက်သွားတော့သည်။
ရှန်ချန်းမင်းသည် အသက်ကိုခိုးရှုနေရင်းက ကားသည် ခြုံတောထဲသို့ ရောက်သွားကာ ရပ်သွားသည်ကို ကြည့်နေသည်။ သူသည် ဘယ်လိုဖြစ်သွားမှန်းကို မသိသလို သူ့လူများက ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး ခေါင်းတွေပျောက်သွားသလဲကို မသိပါပေ။ ထိုအရာသည် ကြောက်ဖို့ကောင်းသည့် ဇာတ်ကားတစ်ခုကို ကိုယ်တိုင်မြင်တွေ့ရသလိုဖြစ်ကာ သူကတော့ အသည်းမာသူဖြစ်သ၍ ကံကောင်းသည်ဟု ဆိုရမည်။