May Honey Logo May Honey
Previous Next

၁၉၂။ သုံးယောက်ကျန်

ဇွန်ဘီခေါင်းဆောင်သုံးကောင်သည် အခြားအဆင့်ငါးဇွန်ဘီများနှင့် သိပ်မတူပေ။ သူတို့သည် အချင်းချင်း အပိုင်းပိုင်းပြတ်အောင် ဆွဲဖြတ်ကိုက်နေခြင်းမျိုးမရှိဘဲ ငြိမ်းချမ်းစွာ အတူရှိနေနိုင်ရုံတင်မကဘဲ အဖွဲ့တစ်ခုအဖြစ်ပါ လုပ်ဆောင်နေခြင်း ဖြစ်သည်။

တစ်ကောင်သည် လူသားအုပ်စုအနားတွင် ရှိနေစဉ်မှာ အခြားနှစ်ကောင်က ပတ်ဝန်းကျင်ကို သတိအပြည့်ဖြင့် ကြည့်ပေးနေတာ ဖြစ်သည်။ ရန်သူပေါ်လာပါက သူတို့နှစ်ကောင်သည် တိုက်ခိုက်ဖို့ ဖြစ်သည်။ သုံးကောင်မြောက်ကတော့ လူသားများထွက်ပြေးနိုင်ခြင်းမရှိအောင် စောင့်နေခြင်းဖြစ်သည်။ ဒီဇွန်ဘီများသည် လူသားများနီးပါး ဉာဏ်ကောင်းလေသည်။ လင်းချင်းသည် ဒီဇွန်ဘီသုံးကောင်ကို သေချာလေ့လာကြည့်လေလေ ပိုထက်မြက်သလို ခံစားရလေလေဖြစ်သည်။ ထို့ကြောင့် သူမသည် ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်ထားလိုက်တော့သည်။

ကိုယ်ပျောက်နေသည့် လင်းချင်းသည် လုထန်ရိနှင့် ကောင်းချင်းမင်းဆီသို့ လျှောက်လာသည်။ ကံကောင်းသည်မှာ သူတို့သည် အချင်းချင်းကပ်လျှပ်ရှိနေသည်ဖြစ်ရာ လင်းချင်းသည် ကိုယ်ပြန်ဖော်ကာ သူမ၏လက်နှစ်ဖက်ကို သူတို့၏ပုခုံးပေါ်သို ထိလိုက်သည်။

“ဟင်?”   သူတို့သည် တစ်ခုခုကို ခံစားမိ၍ ပုခုံးဘက်သို့ ခေါင်းလှည့်ကြည့်လိုက်စဉ်တွင် သဏ္ဍာန်တစ်ခုကို သေချာမမြင်လိုက်ဘဲ သူတို့၏မျက်လုံးများသည် ဝေဝါးသွားသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ သူတို့သည် အခြားနေရာသို့ ရောက်သွားကြသည်။ ရေကန်ကို မြင်သည့်အခါ သူတို့နှစ်ယောက်သည် ကြောင်အသွားကြသည်။

“ချင်းမင်း ငါ့မျက်လုံးတွေ ဝါးနေတာလား? ပုံရိပ်ယောင်တွေ ငါတို့မြင်နေရတာ ထင်တယ်”

“ငါလည်း ဒါကိုပြောတော့မလို့ပဲ။ မျက်တောင်ထပ်ခတ်လိုက်ရင် ငါတို့အရင်လိုပြန်မြင်မယ်ထင်လား?”

“အင်း ဖြစ်နိုင်တယ်”

ထို့နောက် သူတို့နှစ်ယောက်သည် နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ခေါင်းလည်အောင် ကြည့်ကြသည်။

လင်းချင်းသည် သူတို့နှစ်ယောက်ကို နယ်မြေထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပြန်ထွက်ကာ နောက်နှစ်ယောက်ကို လက်ဖြင့်ထိလိုက်ကာ ပျောက်ကွယ်သွားပြန်သည်။ လင်းချင်း၏ လှုပ်ရှားမှုများသည် အရမ်းမြန်လေသဖြင့် သုံးကြိမ်မြောက်လူများကို ခေါ်သွားခါမှသာ လူသားများကို စောင့်ကြည့်နေသည့် ဇွန်ဘီသည် သတိထားမိသွားသည်။

“ဂါး!”   လင်းချင်းက လေးကြိမ်မြောက်ပေါ်လာ၍ နောက်လူနှစ်ယောက်ကို လက်ဖြင့်ထိလိုက်ချိန်တွင် ထိုဇွန်ဘီသည် အော်လိုက်ကာ ခုန်အုပ်လေသည်။ ထိုဇွန်ဘီသည် တကယ်မြန်သော်လည်း လင်းချင်းက ပိုမြန်သည်။ ဇွန်ဘီအနားသို့ မရောက်ခင်တွင်ပဲ သူမသည် ထိုနှစ်ယောက်ပေါ် လက်အမြန်တင်၍ ပျောက်ကွယ်သွားသည်။ 

စက္ကန့်အနည်းငယ်အတွင်းမှာ သူမ၏နယ်မြေထဲသို့ လူ၈ယောက် ထည့်လိုက်နိုင်သည်။ နွယ်လေးက သူမ၏ရုပ်ကိုပြင်ပေးကာ အားကိုမြှင့်ပေးထားပြီးတည်းက သူမသည် အရင်ကထက် နှစ်ဆလောက် ပိုမြန်လာသည်။ ထို့ကြောင့် လူသားအုပ်စုရော ဇွန်ဘီရောက သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘဲ လေထဲတွင် အစိမ်းရောင်သဏ္ဍာန်တစ်ခုက ပေါ်လိုက်ပျောက်လိုက် ဖြစ်ခြင်းသာ မြင်နိုင်ကြသည်။

လင်းချင်းသည် လူ၈ယောက်ကို နယ်မြေထဲသို့ ထည့်ပြီးနောက် ကြောင်အနေသည့် ထိုလူများကို ထားခဲ့လိုက်သည်။ ဇွန်ဘီခေါင်းဆောင်ကတော့ လင်းချင်းကို မမိလိုက်၍ ထပ်အော်နေသည်။ လင်းချင်းပျောက်သွားသည့်နေရာတွင်ရပ်ကာ ဘေးကိုထပ်ခါတလဲလဲ ကြည့်နေသော်လည်း ဘယ်လောက်ကြိုးစားပါစေ ကိုယ်ဖျောက်ထားသည့် ထိုအစိမ်းရောင်သဏ္ဍာန်ကို ရှာ၍မရနိုင်ပေ။ 

နှစ်ခါလောက် ထိုဇွန်ဘီက အော်သည့်အခါ အခြားဇွန်ဘီခေါင်းဆောင်များသည်လည်း သူတို့အစာက ပျောက်နေကြောင်းကို သိသွားကြသည်။ သူတို့သားကောင်အရေအတွက်ကို မသိသော်လည်း အချို့က ပျောက်သွားသည်ကတော့ သေချာသည်။ သူတို့သည် ဉာဏ်ကောင်းကြသော်လည်း အတွက်အချက်တော့ မရကြပေ။

လင်းချင်းသည် သူတို့၏တုန်ပြန်မှုအရ သူတို့သုံးကောင်လုံးသည် ဒေါပွနေပြီဖြစ်ကြောင်းကို သိလိုက်သည်။ သို့သော်လည်း သူတို့သည် ကျန်သည့်လူသားများကို ထိခိုက်အောင် မလုပ်ပေ။ အစက သူမ၏လှုပ်ရှားမှုကြောင့် ဇွန်ဘီခေါင်းဆောင်များက ဒေါသထွက်ကာ ဒီလူများကို သတ်မလားဟု လင်းချင်းက စိုးရိမ်ခဲ့ရတာ ဖြစ်သည်။ အခုတော့ လူတစ်ဝက်ကျော်လောက် ပျောက်သွားတာတောင်မှ ဇွန်ဘီသုံးကောင်သည် သူတို့အား ထိခိုက်အောင် မလုပ်သေးဘဲ အနားတွင် စု၍ဝိုင်းထားရုံလောက်သာ လုပ်သေးသည်။

လင်းချင်းသည် ကျန်သေးသည် လူငါးယောက်ကို ကြည့်လိုက်ကာ သူတို့နားသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ရောက်လာသည်။ ဇွန်ဘီနှစ်ကောင်ကြားတွင်ရပ်ကာ သူမသည် လူတစ်ယောက်၏အဝတ်ကို လှမ်းဆွဲလိုက်ပြီးနောက် ထိုလူပါ ပျောက်သွားသည်။ သူမသည် လက်နှစ်ဖက်လုံးဖြင့် မဆွဲခြင်းမှာ မတော်တဆ ဇွန်ဘီခေါင်းဆောင်ကို ထိမိသွားမှာစိုး၍ ဖြစ်သည်။

လင်းချင်းသည် လူတစ်ယောက်ကို ခိုးနေသည့်အခါ အနားက ဇွန်ဘီနှစ်ကောင်သည် အမြန်လှုပ်ရှားသည်။ သူမပေါ်လာသည့်အခါ သူမကို လက်သည်းဖြင့် တိုက်သော်လည်း သူတို့သည် ထပ်ပြီးတော့ မမိလိုက်ပြန်ပေ။ လင်းချင်းသည် ထိုလူကို နယ်မြေထဲသို့ ပစ်ထည့်ပြီးနောက် ချက်ခြင်းပြန်ထွက်လာကာ နောက်တစ်ယောက်ကို ဆွဲခေါ်၍ ထပ်ပျောက်သွားပြန်သည်။ ဇွန်ဘီနှစ်ကောင်သည် ထိုအချိန်တွင် သူတို့၏လက်များကိုတောင် ပြန်မရုတ်နိုင်သေးပေ။

“ဂါး! ဂါး!”   သူတို့၏သားကောင်များသည် ဆက်တိုက်ပျောက်နေသည့်အခါ ဇွန်ဘီခေါင်းဆောင်သုံးကောင်သည် အရမ်းဒေါသထွက်လာသည်။ သူတို့သည် လေပွေကိုထုတ်သူထုတ်၍ မီးထုတ်သူထုတ်လာသည်။ လေနှင့်မီးတို့က ပေါင်းစည်းသွားကာ မီးလေပွေသည် ကျန်သည့်လူသုံးယောက်ကို ကာရံထားသည်။

ထိုမီးလေပွေက တကယ်ကြီးကို မိုက်လွန်းသဖြင့် လင်းချင်းသည် စိတ်ထဲတွင် လက်မထောင်မပြဘဲ မနေနိုင်ပေ။ သို့သော်လည်း သူမချက်ချင်း စိုးရိမ်လာရသည်။ မီးလေပွေထဲက လူ၃ယောက်သည် အကူအညီအော်တောင်းနေပြီဖြစ်ရာ သူမသည် အရင်နည်းဟောင်းကြီးအတိုင်း မကယ်နိုင်တော့ပေ။ 

“ကယ်ကြပါ! ငါတို့ကို မထားခဲ့ပါနဲ့!  သူရဲကောင်းကြီး! ငါတို့ကိုလည်း ကယ်ပါ!”

“ကယ်ကြပါဦး! ငါလည်းဒီမှာရှိတယ်! ငါဒီမှာလို့! ငါ့ကိုလည်းကယ်ပါ!”

“ကျေးဇူးပြုပြီး! ကျေးဇူးပြုပြီးတော့ ငါတို့သုံးယောက်ကို ချန်မထားခဲ့ပါနဲ့!”

သူတို့သူငယ်ချင်းများသည် အရိပ်တစ်ခုနှင့်အတူ ပျောက်ကွယ်ကုန်ကြသည်ကို မြင်သည့်အခါ သူတို့သုံးယောက်သည် သူတို့အား တစ်စုံတစ်ယောက်က လာကယ်နေသည်ဖြစ်ကြောင်းကို သိလိုက်ကြသည်။ သို့သော်လည်း သူတို့အား ထိုထူးဆန်းသည့်သဏ္ဍာန်က မကယ်နိုင်သေးခင် ဇွန်ဘီခေါင်းဆောင်များက တားလိုက်ပြီ။

လင်းချင်းသည် မီးလေပွေထဲက လူသုံးယောက်ကို တစ်ချက်ကြည့်ပြီးနောက် ဘေးကို ကြည့်လိုက်သည်။ ဇွန်ဘီခေါင်းဆောင်များသည် သာမန်ဇွန်ဘီအုပ်ကြီးကလည်း ကြောက်ပြေးသွားကာ မရှိတော့သဖြင့် ဒေါသများကို ဆီလောင်းထည့်ပေးနေသလို ဖြစ်လို့နေသည်။ သာမန်ဇွန်ဘီများသည် ကြောက်၍အနီးအနားသို့ ထွက်ပြေးသွားလေရာ သူတို့ရှိသည့် ဒီနေရာသည် ရှင်းလင်းနေသည်။

‘နင်တို့တွေ ပြေးတာက မြန်လိုက်တာဟယ်’   လင်းချင်းသည် ဒီလိုတွေးရင်း ဘေးကိုကြည့်လိုက်သည့်အခါ ရှဲ့တုန်းက နံရံနောက်တွင် ပုန်းနေရင်းက သူမကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် မလှုပ်ဘဲ ဒီတိုင်းနေဖို့ လက်ဟန်ပြလိုက်ရသည်။

ထို့နောက် သူမသည် ကိုယ်ဖျောက်လိုက်ကာ ထိုမီးလေပွေကို ပတ်ကြည့်လိုက်သည်။ သူမဝင်ဖို့နေရာမရှိပေ။  ကိုယ်ဖျောက်ထားသော်လည်း သူမသည် မီးထဲကိုတော့ မဖြတ်နိုင်ပေ။ ထို့နောက် သူမသည် အနားက အဆောက်အဦးကို ကြည့်လိုက်သည်။ ထိုအဆောက်အဦးသည် မီးလေပွေလောက် မမြင့်လေရာ လင်းချင်းသည် အမိုးပေါ်ကနေ မီးလေပွေထဲသို့ ခုန်ချ၍မရပေ။

အထဲကလူသုံးယောက်သည် ခနအော်ပြီးနောက် မျှော်လင့်ချက်မဲ့သွားသည်။ ဇွန်ဘီခေါင်းဆောင် သုံးကောင်ကိုသတ်၍ သူတို့ကို ကယ်ပေးနိုင်မည့်သူ မရှိကြောင်းကို သူတို့သိကြသည်။ ဘယ်သူက ဇွန်ဘီခေါင်းဆောင် သုံးကောင်ကို တစ်ခါတည်း သတ်နိုင်မည်နည်း? အဆင့်ခြောက်စွမ်းအားရှင်တောင်မှ ဇွန်ဘီခေါင်းဆောင်တစ်ကောင်ကို နိုင်ဖို့အာမခံနိုင်ခြင်းမရှိပေ။ 

သူတို့သူငယ်ချင်းများကို ကယ်ပေးနေသည့် ထူးဆန်းသည့် သဏ္ဍာန်သည် အဆင့်၇စခန်းခေါင်းဆောင်သာ ဖြစ်မည်ဆိုရင် သူတို့အတွက် ရှင်နိုင်ခွင့်ရှိကောင်းရှိနိုင်လိမ့်မည်။ သို့သော်လည်း သူတို့သည် ဒီလိုဖြစ်လိမ့်မည်ဟု မထင်ပေ။ ပင်လယ်မြို့တော်စခန်းတွင် စခန်းခေါင်းဆောင် သုံးယောက်ပဲ ရှိလေရာ ဒီလိုအရေးပါသည့်သူများက သူတို့လို ဘာမှမဟုတ်သည့် လူတစ်စုကို လာကယ်သည်က မဖြစ်နိုင်ပေ။

Previous Chapter 192 of 198 Next