May Honey Logo May Honey
Previous Next

၁၁၀။ ရန်သူတွေက ဒီမှာ

ချိုင်ဟုန်ချင်းသည် ပြတင်းပေါက်နှင့် အခန်းတံခါးတို့ပိတ်ထားသည့် အခန်းထဲမှာ နိုးလာရသော်လည်း သူ့အသင်းဖော်များရှိနေသဖြင့် မစိုးရိမ်တော့ပေ။ ခေါင်းကိုယမ်းလိုက်ပြီးနောက် သူ့ကုတင်ဘေးတွင် ရပ်နေသည့် နှစ်ယောက်ကို ကြည့်လိုက်သည်။

“ဟေး နိုးလာပြီလား? ဘယ်လိုနေလဲ? ခေါင်းကိုက်နေတုန်းလား?”   သူထထိုင်သည်နှင့် တူယွမ်ရှင်းက မေးသည်။

ချိုင်ဟုန်ချင်းသည် တူယွမ်ရှင်းပြောသလို ဖြစ်နေတာဖြစ်သည်။ ထို့ကြောင့် သူခေါင်းငြိမ့်ပြလိုက်ကာ ကုတင်ပေါ်တွင် လဲနေကြသည့် အခြားသူများကိုကြည့်ရင်း   “အင်း။ ဟင်? အကုန်လုံးက ကိုမာဝင်နေတာလား?”

တူယွမ်ရှင်းသည် သက်ပြင်းချလိုက်ကာ   “ဒါဆိုရင် မင်းအဆင်ပြေပါပြီ။ ထလိုက်. . .မကြာခင် ပြန်ကောင်းလာလိမ့်မယ်”

ချိုင်ဟုန်ချင်းသည် ဟိုတယ်ခန်းထဲတွင် ရောက်နေသည်ကို ကြည့်ရင်း   “ဟင်? ဒီကိုဘယ်လိုရောက်လာတာလဲ? မေ့လဲသွားကြတာမလား?”   သူနိုးလာသည့်အခါ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ကလွဲ၍ အကုန်လုံးသည် သတိမေ့လေရာ သူတို့က ဘယ်သူက သယ်လာပေးသလဲ သိချင်သွားသည်။ သို့သော်လည်း ဇွန်ဘီများကို  ရှောင်ရှားကာ ဒီအထိ အဖွဲ့သားတိုင်းကို ဘယ်လိုလုပ်သယ်ပေးနိုင်ရသနည်း?

တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် တပြိုင်တည်း ခေါင်းခါလိုက်ကြသည်။ တူယွမ်ရှင်းက လုံချင်းယင်ကိုကြည့်ကာ   “ငါလည်း သတိမေ့နေတာ။ ငါ့အရင်တော့ လုံချင်းယင်က နိုးနေတာပဲ”

လုံချင်းယင်သည် သူ့ကိုကြည့်ကာ ဘာမှပြန်မပြောပေ။ နှစ်ယောက်လုံးက သူတို့ကို ဇွန်ဘီသယ်လာပေးသည်ကို သိသော်လည်း ဘယ်လိုသယ်လာပေးသလဲ ဆိုသည်ကိုတော့ သူတို့မသိကြပေ။

“ဟင်? မေ့သွားတယ်? နင်ကတော့ မေ့မသွားပါဘူး မဟုတ်လား?”   ချိုင်ဟုန်ချင်းသည် တူယွမ်ရှင်းကို တအံ့တသြကြည့်ပြီးနောက် လုံချင်းယင်ကို ကြည့်ကာ ပြောသည်။ ခေါင်းကြီးဇွန်ဘီ၏ အော်သံက အားကောင်းသည်မှန်သော်လည်း တစ်ဖွဲ့လုံး သတိလစ်သွားလောက်သည့်အထိတော့ မထင်ထားမိပေ။

“စာရေးတဲ့ဇွန်ဘီက ခေါင်းကြီးဇွန်ဘီကို သတ်လိုက်တာလား? စာရေးတဲ့ဇွန်ဘီက ခေါင်းကြီးဇွန်ဘီကို တားလိုက်တာ မှတ်မိတယ်”   ခေါင်းကြီးဇွန်ဘီက သူတို့အဖွဲ့သားများကို တိုက်ခိုက်ဖို့လုပ်သည်ကို သတိရသွားကာ ပြောသည်။ သူနှင့်အကုန်လုံးသည် ခေါင်းကြီးဇွန်ဘီအား စာရေးသည့်ဇွန်ဘီက တားလိုက်သည်ကို သတိမမေ့ခင် မြင်လိုက်သည်။ ဒါသည် သူနောက်ဆုံးမှတ်မိတာပင်။

သူစကားပြောနေချိန်တွင် လုံချင်းယင်သည် အမှုအယာပြောင်းသွားသည်။ သူမသည် မျက်တောင်တစ်ချက်ခတ်ကာ ပြတင်းပေါက်ကနေ သတိအပြည့်ဖြင့် အောက်ကိုကြည့်လိုက်သည်။ ထို့အတူနားများသည်လည်း သေချာစွန့်ထားသည်။

“ဘာဖြစ်လို့လဲ?”   တူယွမ်ရှင်းနှင့် ချိုင်ဟုန်ချင်းတို့သည် သူမ၏အပြုအမှုကို နားမလည်ဖြစ်သွားသည်။ လုံချင်းယင်သည် မျက်မှောင်ကျုံ့ကာ သတိဖြင့်လှမ်းပြောသည်။   “လူတစ်ချို့က ဒီကိုလာနေတယ်လို့ ငါထင်တယ်။ သူတို့က. . .၂၀လောက်ရှိလောက်မယ်”

သူမစကားကိုကြားသည့်အခါ သူတို့သည် သတိအပြည့်ဖြင့် ဖြစ်သွားသည်။ သူတို့သည် ကုတင်မှနေ လုံချင်းယင်၏အနားသို့ ရောက်လာကြသည်။

လုံချင်းယင်သည် သေချာကြည့်ပြီးနောက် သူတို့အား ခေါင်းငြိမ့်ပြသည်။   “ငါတို့ဆီလာနေတာ ဟုတ်တယ်။ ပြီးတော့ မဝေးတော့ဘူး။ ငါတို့အခု အဖွဲ့သားတွေကို နှိုးမှရတော့မယ်”

သူမဒီလိုပြောသည်နှင့် တူယွမ်ရှင်းနှင့် ချိုင်ဟုန်ချင်းတို့သည် သူတို့အသင်းဖော်များကို ပုခုံးကနေ ဆွဲလှုပ်ခြင်းတို့ မျက်နှာကိုရိုက်ခြင်းတို့ဖြင့် နှိုးကြတော့သည်။   “ထတော့ ထတော့”

အခြားသူများသည် မကြာခင်တွင် နိုးလာကြတော့သည်။

“အား. . .ဘာဖြစ်နေတာလဲ?”

“ဒီနေရာက. . .”

“အား. . .ခေါင်းအရမ်းကိုက်တာပဲ”

“ဇွန်ဘီ ငါတို့ကို စိတ်စွမ်းအားဇွန်ဘီက တိုက်ပြီ”

နိုးလာသည့်သူများသည် လက်ရှိအခြေအနေကို မသိကြပေ။ အချို့ဆိုလျှင် တိုက်ပွဲအတွင်းမှာ ရှိနေသေးသည်ဟုထင်ကာ အော်နေကြသည်။

“ဘာဇွန်ဘီလဲ? ဘာမှမရှိဘူး အခုထတော့”   တူယွမ်ရှင်းသည် ထိုလူ၏ ပုခုံးကို ဆွဲလှုပ်ကာ စိတ်မရှည်စွာဖြင့် အော်သည်။

“ဇွန်ဘီမရှိဘူး. . . ဟင်? ဒီကဘယ်နေရာလဲ?”   ထိုလူက မေးသည်။

“ဒါကအရေးမကြီးဘူး။ ငါတို့ဆီကို လူတွေလာနေပြီ။ ကောင်းတဲ့သူတွေ ဟုတ်မယ်ထင်ဘူး။ ထပြီးတော့ ခေါင်းကြည်အောင် လုပ်ထားကြ”   တူယွမ်ရှင်းသည် ဝေဝေဝါးဝါးဖြစ်နေသူများကို ဆူလိုက်သည်။

သူ့စကားကိုကြားမှ အခြားသူများသည် အမြန်ထကာ ပတ်ဝန်းကျင်ကိုကြည့်ကြသည်။ ထို့နောက် သူတို့ထင်ချင်ရာကိုသာ ထင်လိုက်ကြတော့သည်။

လုံချင်းယင်သည် ပြတင်းပေါက်ကို တချိန်လုံးကြည့်နေတာ ဖြစ်သည်။ သူမထင်သလို မကြာခင်တွင် အရိပ်ကိုခိုကာ လူတစ်ချို့သည် ဟိုတယ်ရှိရာသို့ ရောက်လာကြသည်။ ဒီနေရာသည် လေစွမ်းအားဇွန်ဘီရှိခဲ့သောကြောင့် ဇွန်ဘီမရှိပေ။ ခေါင်းကြီးဇွန်ဘီခေါ်လာသည့် ဇွန်ဘီများကလည်း ဒီလောက်မမြန်ကြပေ။

ထို့အပြင် လင်းချင်းသည် တူယွမ်ရှင်းနှင့် သူ့အဖွဲ့သားများအား ဒီနေရာသို့ သူမ၏နယ်မြေထဲသို့ထည့်ကာ ခေါ်လာသဖြင့် လေထဲတွင် လူသားအနံ့မကျန်ခဲ့ပေ။ ထို့ကြောင့် ပတ်ဝန်းကျင်က ဇွန်ဘီအများစုသည် ဒီနေရာတွင် လူရှိမှန်း မသိကြပေ။ သို့သော်လည်း ဟိုတယ်နားသို့ ဖြည်းဖြည်းချင်းကပ်လာသည့်သူများကို မြင်သည့်အခါ ဒီလူတွေနောက်သို့ လိုက်လာကြသည့် ဇွန်ဘီအချို့ကိုလည်း တွေ့လိုက်ရသည်။ လူများကို သေချာမြင်ရသည့်အခါ သူမရင်လေးသွားသည်။

“အခြေစိုက်စခန်းက စစ်တပ်ပဲ။ ဒီနေရာကို သူတို့ကင်းလာထောက်တာ ဖြစ်မယ်”   သူမက ပြောသည်။

“စစ်တပ်လား? ငါတို့ဆီကို ဘာဖြစ်လို့လာတာလဲ? ငါတို့က လွတ်လွတ်လပ်လပ် ဇွန်ဘီအမဲလိုက် ထွက်လာတာ။ သူတို့နဲ့ဘာဆိုင်လို့လဲ?”

လုံချင်းယင်သည် အပြင်ကိုကြည့်ကာ တိတ်ဆိတ်နေသည်။

“ငါတို့ဆီလာတာ မဟုတ်လောက်ဘူး”   တစ်စုံတစ်ယောက် ပြောသည့်အခါ အခြားသူများသည် လုံချင်းယင်ကိုကြည့်လိုက်ကာ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

“ဟုတ်တယ်။ ငါတို့အတွက်လာတာမဟုတ်ဘူး”   တူယွမ်ရှင်းသည် ပြတင်းပေါက်မှ အပြင်သို့ကြည့်ရင်း ပြောသည်။

ထိုအချိန်တွင် လုံချင်းယင်သည် ထိုလူများက မီတာ၂၀နှင့်၃၀လောက်သာ ဝေးတော့သည်ကို တွေ့လိုက်ရသည်။ သူတို့သည် တိုက်ခိုက်ဖို့အတွက် အလျင်စလို မရှိပေ။ တူယွမ်ရှင်းသည် ဒါကိုသတိထားမိသည့်အခါ   “ဟင်? ဘာဖြစ်လို့ ရပ်လိုက်တာလဲ?”

“ဒီကိုကင်းလာထောက်တာ။ ရပ်လိုက်တာက ငါတို့နေရာကို သိသွားလို့။ အခုသူတို့ခေါင်းဆောင်ကို သတိပေးပြီး အမိန့်ကိုစောင့်နေတာ ဖြစ်မယ်”   လုံချင်းယင်သည် စကားကိုမနားစတမ်းပြောသည်။

တူယွမ်ရှင်းသည် သူမကိုကြည့်ကာ   “တကယ်လို့ ငါတို့ဆီကိုလာတာဆိုရင် နင်ကသူတို့ပစ်မှတ်ပဲ။ ဘာဖြစ်လို့ အခုအခွင့်အရေးယူပြီး ထွက်မပြေးတာလဲ? နင်ကအားကောင်းပါတယ်။ အဲ့ဒါကြောင့် ချက်ချင်းတော့ မတားနိုင်ပါဘူး။ ဒီမှာဆက်စောင့်နေရင် အားကောင်းတဲ့ရန်သူပေါ်လာလိမ့်မယ်”

လုံချင်းယင်သည် သူ့ကိုကြည့်ကာ မေးသည်။   “နင်သေချာလား? ဒီလူတွေကို သတင်းပေးတာက နင့်အရင်အဖွဲ့ကလူ။ သူသာပါလာရင် ငါမရှိတောင်မှ နင်တို့တွေလည်း ဒီတိုင်းပြီးသွားမှာ မဟုတ်ဘူး။ နင့်လက်ထဲမှာလည်း အခုအဆင့်လေးအမြူတေကြီးရှိနေတာ”

တူယွမ်ရှင်းသည် ဘာပြောရမလဲ မသိတော့ပေ။ အဘယ်ကြောင့်ဆိုသော် လုံချင်းယင်ပြောသည်က ဖြစ်နိုင်သောကြောင့်ပင်။ သူမပြောသည်က မှန်နိုင်ချေများသည်။ ထို့အပြင် လုံချင်းယင်ကို သူတို့အဖွဲ့သာ တိုက်ခိုက်ရေးသမား အဖြစ်ခေါ်လာလေရာ သူမသာထွက်သွားပါက သူတို့အဖွဲ့သည် အထိနာတော့မည်။  
Previous Chapter 110 of 198 Next