လုံချင်းယင်သည် သူ့ကိုအေးစက်စွာကြည့်ကာ လင်းချင်းဘက်သို့ မျက်နှာလှည့်ကြည့်သွားသည်။ ဘာစကားမှ မပြောသော်လည်း တူယွမ်ရှင်း၏လက်ထဲသို့ စာရွက်ပိုင်းကို ပေးလာသည်။ သူမမဖြေချင်တာ မဟုတ်ပေ။ အဖြေကို မသိခြင်းသာ ဖြစ်သည်။
သူမသည် သံလုံးကြီးက သူမခေါင်းပေါ်ပြုတ်ကျလာကာ သေတော့မည် ထင်သည့်အချိန်တွင် သူမ၏လက်မောင်းကို တစ်စုံတစ်ယောက်က ဆွဲလိုက်ကာ မျက်လုံးများ ဝေဝါးသွားသည်။ ထို့နောက် သူမသည် ရေကန်ဘေးတွင် ရပ်နေကြောင်းကို တွေ့လိုက်ရသည်။ သူမဘာမှမပြောခင် သူမ၏အရှေ့က ဇွန်ဘီသည် စာအုပ်ထဲတွင် စာအချို့ရေးပြကာ သူမလက်ထဲထည့်ပြီးနောက် ပျောက်ကွယ်သွားသည်။
သူမအသိဝင်လိုက်သည့်အခါ သူမအသက်ရှင်နေသေးကြောင်း သိလိုက်သည်။ သူမစာမဖတ်ခင် အသံကြား၍ ကြည့်လိုက်သည့်အခါ ဇွန်ဘီက ထပ်ပေါ်လာသည်။ ဇွန်ဘီသည် ရေထဲသို့ တစ်ခုခုအား ပစ်ချလိုက်ပုံရကာ ကန်ရေသည် လှုပ်ခါသွားသည်။ ထို့နောက် ကန်ထဲတွင် လူတစ်ယောက်ရေနစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် သူမနှင့်အတူ ယှဉ်တွဲကာ တိုက်ခိုက်နေသည့် တူယွမ်ရှင်းပင်။ တူယွမ်ရှင်း၏ မျက်နှာထက်က စိတ်ရှုပ်မှုနှင့် စိတ်သက်သာရာရမှုတို့ကို မြင်သည့်အခါ သူမလိုပဲ ဒီနေရာသို့ ဇွန်ဘီက ခေါ်လာတာ ဖြစ်မည့်အကြောင်း သိလိုက်သည်။
လင်းချင်းသည် ကန်ဘေးတွင် ရပ်နေကာ မျက်လုံးမှိတ်ထားလျှက် အပြင်ကို ကြည့်နေသည်။ အခြားသူများကို သွားကယ်ဖို့တော့ နောက်ကျသွားပြီ ဖြစ်ကြောင်း သူမတွေ့လိုက်ရသည်။ ချူးလီလီကို ကယ်စေချင်သော်လည်း လူသားများအပေါ် အမြင်မကြည်လင်မှုရှိနေသောကြောင့် သူမသည် သွားမကယ်ချင်ပေ။ လင်းချင်းက အကူအညီတိုင်းလိုက်သည့်အခါ ထိုနေရာမှ သူမရုတ်ချင်း ရှောင်တိမ်းလို့သာ သွားသည်။ လင်းချင်းသည် ချူးလီလီအား လူကယ်ချင်အောင် မလုပ်နိုင်ပေ။ ထို့ကြောင့် သူမနှင့်နီးသည့် ဒီနှစ်ယောက်ကိုသာ ကယ်လိုက်နိုင်တာ ဖြစ်သည်။ အခုအချိန်တင်တော့ ကျန်သည့် အဖွဲ့သားများသည် ဟောင်ဝူ၏ မီးနဂါးကြောင့် သို့မဟုတ် နောက်က လက်နက်ပြည့်စစ်သားများ၏ သေနတ်တို့ကြောင့် သေဆုံးကုန်ကြပြီ။
သူမသည် အခုအထိ အခြေအနေကို နားမလည်သေးသည့် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို ကြည့်လိုက်သည်။ တူယွမ်ရှင်းသည် လုံချင်းယင်ပြလာသည့် စာရွက်ကိုဖြေလိုက်ကာ ဖတ်လိုက်သည်။ ‘ဒီတိုင်းနေ’
‘ဒီမှာနေခိုင်းတာလား? မလှုပ်ခိုင်းတာလား?’ တူယွမ်ရှင်းသည် ဘာကိုပြောချင်သလဲ နားမလည်သဖြင့် လုံချင်းယင်နှင့် လင်းချင်းကို ကြည့်လိုက်သည်။ ဒီစာကို လုံချင်းယင်ရေးတာလား လင်းချင်းရေးတာလားမသိပေ။ တကယ်တော့ လုံချင်းယင်သည် စာတောင် မဖတ်ရသေးပေ။ သူမသည် ဘာဖြစ်မှန်းမသိဘဲ တူယွမ်ရှင်းကို ဒီတိုင်းပေးလိုက်တာ ဖြစ်သည်။
လင်းချင်းသည် သူတို့ကိုကြည့်ကာ စာထပ်ရေးပြသည်။ ‘အဖွဲ့သားတွေကို ငါမကယ်လိုက်နိုင်ဘူး’ ရေးပြီးသည့်နောက် လုံချင်းယင်ကို ပေးလိုက်သည်။
စာကိုဖတ်ပြီးသည့်အခါ လုံချင်းယင်သည် စိတ်မကောင်းဖြစ်သွားကာ တူယွမ်ရှင်းကို ပြလိုက်သည်။ တူယွမ်ရှင်းသည် စာကိုဖတ်ပြီးသည့်အခါ မျက်နှာမှာ မည်းသွားသည်။ လက်ရှိအခြေအနေသည် ဝမ်းနည်းဖို့ကောင်းစွာဖြင့် စိတ်မကောင်းဖြစ်ကုန်ကြတော့သည်။
တူယွမ်ရှင်းသည် စိတ်မကောင်းသော်လည်း သူ့အဖွဲ့သားများ သေဆုံးခြင်းကို လက်ခံနိုင်သည်။ သူ့အတွက် အဖွဲ့သားများ ဆုံးရှုံးတာ ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဖြစ်နိုင်ပေ။ ဇွန်ဘီအမဲလိုက်ခြင်းသည် အမြဲတမ်းအန္တရာယ်များသည်။ ဇွန်ဘီအမဲလိုက်သူတိုင်းသည် အသက်စွန့်ကာ ထွက်ရခြင်းဖြစ်၍ အချိန်မရွေးသေနိုင်သည်။ ထို့ကြောင့် ဒါမျိုးကို လက်ခံနိုင်သော်လည်း. . .
“လက်စားချေမယ့် ဟောင်ဝူကို သတ်ဖြတ်အောင်ကို သတ်ရမယ်” သူ့အဖွဲ့သားများသည် ဟောင်ဝူကြောင့် သေဆုံးသည်ကို သိသည့်အခါ ဒေါသထွက်လာသည်။ အမုန်းနှင့် ပြင်းထန်သော သတ်ချင်စိတ်တို့ဖြင့် အံကြိတ်ကာ ပြောသည်။
“ငါရောပဲ” လုံချင်းယင်၏ အေးစက်သည့်အသံက ထွက်လာသည်။ “ငါတို့ကို ဘာလုပ်ထားလဲ ဆိုတာကို မှတ်ထားတယ်။ အခုကစပြီး မြေနဂါးစခန်းက ဘယ်သူ့ကိုမှ မညှာတာတော့ဘူး”
လင်းချင်းသည် သူတို့ကိုကြည့်လိုက်သည်။ သူတို့စကားများနှင့်အတူ ဟောင်ဝူနှင့် ယန်ချောင်းတို့၏ စကားများကို ကြားဖူးထားသဖြင့် သူမသည် သူတို့ကို အများကြီးမေးစရာ သိပ်မလိုတော့ပေ။ သူမရေးလိုက်သည်မှာ ‘မြေနဂါးစခန်းကလူတွေကြောင့် လင်းဖန်းတို့မိသားစုက ပင်လယ်မြို့တော်ကို ထွက်ပြေးနေရတာလား?’ ရေးပြီးသည့်အခါ သူမသည် လုံချင်းယင်ကို ပေးလိုက်သည်။
လုံချင်းယင်သည် စာဖတ်ပြီးသည့်အခါ အမှုအယာပြောင်သွားကာ လင်းချင်းကို ချက်ချင်းမော့ကြည့်ပြီး “ဘယ်လိုလုပ် နင်သိတာလဲ?”
သူမ၏အမှုအယာကြောင့် တူယွမ်ရှင်းသည် စာကိုလှမ်းဖတ်လိုက်ပြီးနောက် သူ့မျက်နှာသည်လည်း သတိအပြည့်ဖြင့် ဖြစ်သွားသည်။ ‘ဘယ်လိုလုပ်ပြီးတော့ ဒီဇွန်ဘီက သိသွားတာလဲ? ငါတို့လည်း သူ့ကိုမပြောဖူးပါဘူး။ လင်းဖန်းတို့မိသားစုက ပင်လယ်စခန်းကိုပြေးနေတယ်ဆိုတာ ငါတို့မပြောဘဲ သိသွားတယ် ဘယ်လိုသိတာလဲ? ဟောင်ဝူတို့ကိုလည်း ငါတို့လိုမျိုး အပေးအယူသွားလုပ်လာတာလား?’
လင်းချင်းသည် ပုခုံးတွန့်ကာ ဂရုမစိုက်သည့်ပုံဖြင့် ဆက်ရေးပြသည်။ ‘ငါသိလိုက်တာတွေ အများကြီးပဲ။ ဟောင်ဝူက ဒီနေရာကို နင်တို့အဖွဲ့ထဲက ယန်ချောင်းရဲ့ လမ်းပြကောင်းမှုနဲ့ ရောက်လာတာရောပဲ’
စာဖတ်ပြီးသည့်အခါ လုံချင်းယင်သည် စာရွက်ကို တူယွမ်ရှင်း၏ ရင်ဘတ်ကို ရိုက်ပေးကာ “အဲ့ဒီကောင်ကို စခန်းက မထွက်ခင်တည်းက နင်သတ်လာရမှာ”
တူယွမ်ရှင်းသည် စာကိုဖတ်ပြီးသည့်အခါ လင်းချင်းအား “တကယ်ပဲ သူလား?”
လင်းချင်းသည် ခေါင်းငြိမ့်ပြပြီးနောက် နေကာမျက်မှန်ကို ပင့်တင်လိုက်သည်။
“သူ့မှာ လေစွမ်းအားရှိတယ်။ အဆင့်လေးလေစွမ်းအားဇွန်ဘီအမြူတေကို သူ့အတွက် လိုချင်နေမှန်းသိလို့ ဒီတစ်ခေါက် ငါခေါ်မလာတာ။ ဒါပင်မယ့် ငါတို့ကိုသတ်ဖို့ မြေနဂါးစခန်းကကောင်တွေနဲ့ တွဲလုပ်မယ်လို့ မထင်ထားဘူး”
“နောက်ထပ်တွေ့လို့ကတော့ ငါ့ကိုသတ်ခွင့်ပေး” လုံချင်းယင်သည် သူမ၏ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ကာ သတ်ချင်စိတ်အပြည့်ဖြင့် ပြောသည်။
တူယွမ်ရှင်းသည် သူမကိုကြည့်ကာ သူကိုယ်တိုင်သတ်မယ်ဟု ပြောဖို့လုပ်လိုက်သော်လည်း ယန်ချောင်းက လုံချင်းယင်ကို ပစ်မှတ်ထားသည့် ဟောင်ဝူကို ခေါ်လာကြောင်း သတိရသွားသည်။ ဟောင်ဝူကြောင့် သူတို့အကုန် သေမလိုဖြစ်ကြတာ ဖြစ်သည်။ ထို့ကြောင့် “ဟုတ်ပြီ။ သတ်လိုက်။ ငါ့ကိုတော့ ဟောင်ဝူကို ရှင်းခွင့်ပေး ဟုတ်ပြီလား?”
သူ့စကားများကြားမှ လုံချင်းယင်သည် သူမပိုသတ်ချင်သည့်သူကို သတိရသွားကာ စိတ်ပြောင်းသွားပြီး “မဟုတ်ဘူး။ ယန်ချောင်းကို နင်ရှင်းလိုက်။ ငါဟောင်ဝူကို သတ်မယ်။ နင်သူ့ကို နိုင်မှာမှ မဟုတ်တာ”
တူယွမ်ရှင်းသည် ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ. . .
“အာ ဒီနေရာကဘာလဲ? ဟိုးကဟာက. . . လူသားကလေးမလား? စခန်းကနေ ဘယ်ကလေးကို လွှတ်ထားလိုက်တာလဲ?’ ရုတ်တရတ် သူတို့အား အဝေးကနေ ဒေါသတကြီးကြည့်နေသည့် ကလေးကို လက်ညိုးထိုးကာ လင်းချင်းအား မေးလိုက်သည်။
ကမ္ဘာပျက်ခေတ်တွင် ကလေးများအရမ်းရှားသည်။ အမျိုးသမီးရှားသွားလေရာ ကလေးက ပိုရှားလို့လာသည်။ ထို့ကြောင့် ကလေးများသည် အရေးအကြီးဆုံး ဦးစားပေးဖြစ်ကာ ဘယ်သူကမှ စခန်းအပြင်သို့ ကလေးများကို မထွက်စေပေ။ ထို့ကြောင့် ဝူယွဲ့လင်းကို အပြင်သို့ ပြန်ပေးဆွဲသွားသည့် လုထန်ယုကို ပင်လယ်စခန်းက လူများက သတ်ချင်ကြခြင်းပင်။
တူယွမ်ရှင်းပြေသည်ကြားသည်နှင့် လုံချင်းယင်သည် ကျွင်းကျွင်းနှင့် ကလေးကိုကြည့်ကာ နားမလည်စွာပြောသည်။ “နှစ်ယောက်လုံးက ဇွန်ဘီမဟုတ်တာကို ဘယ်လိုလုပ်သိလဲ?” ဒီလိုပြောရင်း လင်းချင်းကို ကြည့်လိုက်သည်။
ဒီလိုပြောရခြင်းမှာ ကျွင်းကျွင်း၏ မျက်နှာကြောင့်ပင်။ သူမ၏ မီးခိုးရောင်မျက်လုံးများနှင့် မျက်ကွင်းများသည် ဇွန်ဘီဖြစ်နေကြောင်းပြသည်။ သို့သော်လည်း ဇွန်ဘီမသည် လူသားကလေးတစ်ယောက်ကို ချီပိုးထားနေသည်လား?