May Honey Logo May Honey
Previous Next

၆၃။ ရေကန်အောက်ခြေတွင် ဖြစ်ပွားခဲ့သည့် ထူးဆန်းသည့်အရာ

အစိမ်းရောင်အလင်းက ဘာလဲဆိုသည်ကို သူမမသိခင်မှာပဲ သူမ၏ခြေထောက်များကို တစ်စုံတစ်ခုက ရစ်ပတ်ထားကာ ညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်အား ပြန်ထိန်းချုပ်လို့ရနေပြီဖြစ်ကြောင်းလည်း သိလိုက်ရသည်။ သို့သော်လည်း သူမတုံ့ပြန်လို့မရခင်တွင် သူမ၏ခြေထောက်များကို ရစ်ပတ်ထားသည့်အရာက လျှင်မြန်စွာ သူမ၏ကိုယ်ကို ရစ်ခွေလာသည်။

သူမသည် ငုံကြည့်လိုက်သည့်အခါ ကြောင်အသွားတော့သည်။ သူမမြင်လိုက်ရသည်မှာ တောက်ပနေသည့် အစိမ်းရောင်အလင်းတန်းနွယ်များသည် မြွေတစ်ကောင်လို သူမ၏ခြေထောက်နှင့် ခါးတို့ကို ရစ်ခွေထားခြင်း ဖြစ်သည်။

‘ဒါတွေက ဘာတွေလဲ!’   သူမသည် စိတ်ထဲတွင် အော်ဟစ်နေမိသည်။

သူမသည် ထိုအရာများကို ကြည့်လိုက်သည့်အခါ သူမ၏ခေါင်းမှ ဦးရေပြားတောင် ထုံကျဉ်သွားသည်။ သူမသည် ရုန်းသော်လည်း မရပေ။ ထိုအရာများက သူမအားတင်းကြပ်စွာ ရစ်ပတ်ထားသည်မှာ ကြောက်ဖို့ကောင်းသော်လည်း ထူးဆန်းစွာဖြင့် သူမသည် လွတ်ထွက်အောင် လုပ်လို့မရပေ။ သူမသည် ဆွဲခွာကြည့်သည်။ ထိုနွယ်များသည် နူးညံ့ချောမွေ့နေကာ ကျုံ့ရဆွဲရလွယ်သည်။ သူမအား ရစ်ပတ်မနေရန် ဆွဲခွာသော်လည်း သူမ၏လက်သည်းများဖြင့်တောင် ဖြတ်တောက်လို့မရပေ။ 

ထိုနွယ်များဖြင့် ပတ်ခံရခြင်းဖြင့် သက်သောင့်သက်သာမရှိတာမျိုးမဖြစ်ဘဲ ထူးဆန်းနေခြင်းသာ ဖြစ်သည်။ ထိုနွယ်များက သူမ၏အသားတွင် ကပ်နေပုံရသောကြောင့် သူမ၏အဝတ်များသည် ပျော်ကျသွားသလို ခံစားရသည်။ သူမ၏အသားများသည် ထုံကျဉ်ပြီးယားလို့နေသည်။

‘ငါခံစားလို့ရတယ်! ဇွန်ဘီဖြစ်နေတာကို ငါကထုံကျဉ်ပြီး ယားနေတာကို ခံစားလို့ရနေတယ်! ဘယ်လိုဖြစ်တာလဲ? ဒီနွယ်တွေက ဘာတွေလဲဟ?’
သူမမဖြေနိုင်ခင်တွင် ထိုနွယ်များသည် သူမ၏ရင်ဘတ်နှင့် လည်ပင်းအထိသို့ရောက်လာပြီးနောက် ထို့နောက် သူမ၏ခေါင်းကိုပါ ရစ်ပတ်ပစ်လိုက်တော့သည်။ သူမ၏မျက်လုံးတစ်စုံကိုသာ မပတ်ဘဲ ချန်ခဲ့တာ ဖြစ်သည်။

ထိုနွယ်ပစ်များက ရစ်ပတ်ပြီးသွားသည့်အခါ သူမသည် ‘လျှောက်သွားနေသည့် ဝိညာဉ်’အခြေအနေသို့ ထပ်ရောက်သွားသော်လည်း ဒီတစ်ခါတော့ သူမ၏စိတ်သည် ကြည်လင်နေခဲ့သည်။
ထုံ့ကျဉ်မှုနှင့် ယားယံမှုတို့ကို ခံစားနေရသေးသည့်အခါ သူမသည် ခြေနှင့်လက်များကို လျှော့ထားလိုက်တော့သည်။ ထို့နောက်တွင်တော့ ထုံကျဉ်ယားယံမှုတို့သည် တဖြည်းဖြည်း သူမ၏အသားမှတစ်ဆင့် ကြွက်သားများထဲသို့ စိမ့်ဝင်သွားတော့သည်။

အခုတော့ သူမသည် ထူးဆန်းသည့်ခံစားမှုကြီးကို ရနေပြီဖြစ်သည်။ သူမ၏စိတ်သည် တိမ်တိုက်များပေါ်တွင် လှဲယောင်းနေရင်း လွင့်မျောနေသလိုခံစားရသည်။ သို့သော်လည်း ဒီခံစားမှုဖြင့် မျောလွင့်နေရုံပဲရှိသေးသည်။ သူမ၏ဦးနှောက်မှ နာကျင်လာသည်ကို ခံစားလိုက်ရသည်။ ပထမနာကျင်မှုလှိုင်းသည် သိပ်မဆိုးသော်လည်း နောက်လှိုင်းများသည်တော့ အရင်ကထက် ပိုဆိုးလာသည်။ မကြာခင်တွင် သူမသည် မျက်မှောင်ကိုကျုံ့ထားကာ ဒီလိုသက်တောင့်သက်သာရှိသည့် အခြေအနေမှ နှိုးလာတော့သည်။

ထိုနာကျင်မှုလှိုင်းတိုင်းတိုက်ပြီးနောက် သူမ၏ဦးနှောက်သည် လှုပ်ခတ်သွားသည်ကို ခံစားမိသည်။ နာကျင်မှုက ပိုဆိုးလာလေလေ သူမမှာ ပိုအဆင်မပြေဖြစ်လာလေလေပင်။ သို့သော်လည်း သူမသည်မလှုပ်နိုင်သောကြောင့် ဘာမှမလုပ်နိုင်ပေ။ ထို့ကြောင့် ဒီနာကျင်မှုကိုသာ သည်းခံနေရသည်။ သူမသည် ကြောက်လန့်နေခြင်းမရှိသဖြင့် ဒီနာကျင်မှုအကြောင်းကို အများကြီးမတွေးပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်သည် နာကျင်မှုဖြင့်သာ ပြည့်နေသဖြင့် တခြားအကြောင်းအရာကို တွေးတောင်မနေနိုင်ပေ။

အရင်အချိန်များက သူမသည် ခေါင်းကိုက်မှုကို ခံစားရသည့်အခါ ဖြည်းဖြည်းချင်းဖြစ်သဖြင့် ် နေသားကျရန် အချိန်ယူလို့ရသည်။ သို့သော်လည်း အခုတော့ အရင်လိုမျိုး ဘယ်လိုမှ နေလို့မရပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် ခေါင်းပေါက်ထွက်တော့မလို ခံစားလာရသည်။ သူမ၏မျက်နှာသည် ရှုံ့မဲ့နေကာ ပါးစပ်သည်လည်း ပွင့်နေပြီး သူမ၏သွားစွယ်များနှင့် အံတို့ကတောင် ပေါ်နေသည်။

သူမသည် နာကျင်လွန်းသဖြင့် အော်လိုက်ချင်သော်လည်း အသံတောင်မထွက်နိုင်ပေ။ ထို့ကြောင့် စိတ်ထဲတွင်သာ အော်ဟစ်နေရသည်။
‘နာတယ်! အရမ်းနာတယ်! အား! သေချင်လာပြီ!’
ထို့နောက်တွင်တော့ သူမ၏တစ်ကိုယ်လုံးသည် ​ကွေးကောက်လာချင်တော့သည်။ သို့သော်လည်း နွယ်များက ရစ်ပတ်လာသဖြင့် သူမသည် လှုပ်လို့မရပေ။

သူမသည် နာကျင်ရလွန်း၍ မေ့မျောသွားမလာတောင် ခံစားနေရသော်လည်း မေ့မသွားခဲ့ပေ။ သူမသည် ဒီလိုနာကျင်မှုကို ဘယ်လောက်ခံစားခဲ့ရသလည်း မသိသော်လည်း သူမ၏မျက်လုံးများသည် ပြာလာကာ ဘာမှမမြင်ရသော်လည်း မေ့တော့မသွားခဲ့ပေ။ 

သူမသည် နာကျင်မှုကြောင့် ရူးမလိုဖြစ်လာကာ ကိုယ့်နာမည်တောင် မေ့တော့မလို ဖြစ်လာမှ နာကျင်မှုသည် ရုတ်တရပ်ပျောက်ကွယ်သွားကာ သူမ၏အကြောများသည်လည်း လျှော့နိုင်တော့သည်။ သူမသည် ဘယ်လိုဖြစ်သွားသလဲ မသိသဖြင့် မျက်လုံးဖွင့်လာသည့်အခါ အစိမ်းရောင်အလင်းသည် သူမ၏မျက်လုံးအရှေ့မှ ပျောက်ကွယ်သွားတော့သည်။ ထိုအရာသည် သူမနှင့် တူတူပုန်းတိုင်း ဆော့ချင်နေသည့် အာရုံနောက်ဖွယ်ကောင်းသည့် မြွေဆိုးလေးတစ်ကောင်လိုပင်။

ထိုအခိုက်အတန့်တွင် သူမအားရစ်ပတ်ထားသည့် နွယ်တို့သည် တဖြည်းဖြည်းချင်း လျှော့ပေးကာ ပြန်ဆုတ်သွားကြသည်။ အခုမှ သူမသည်လှုပ်ရှားနိုင်ပြီဖြစ်သည်။ သူမ၏မျက်တောင် တစ်ခတ်တွင် အစိမ်းရောင်အလင်းသည် အရင်ကထက် ပိုတောက်ပသော်လည်း ကောင်းမွန်အောင် ပျောက်သွားတော့သည်။

သူမ၏မျက်နှာမှာ ရှုံ့မဲ့နေမှုတို့သည်လည်း ပျောက်ကွယ်သွားကာ သက်ပြင်းချနိုင်သ်ည။ သူမသည် ထူးဆန်းသည့် အစိမ်းပုပ်ရောင် မြေဆီလွှာပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ ထိုတောက်ပနေသည့် နွယ်ပင်များသည်လည်း အခုတော့ အကုန်လုံးပျောက်ကုန်ပြီဖြစ်သည်။ ထိုနွယ်များသည် သူတို့အရင်ကထွက်လာသည့်နေရာသို့ ပြန်ဝင်ကုန်ကြခြင်း ဖြစ်သည်။ သူမသည် သေချာပတ်ကြည့်သော်လည်း ထိုနွယ်များကို လုံးဝမတွေ့ရတော့ပေ။ ထို့နောက် သူမ၏ခေါင်းကို မော့ကြည့်လိုက်သည့်အခါ အစိမ်းရောင်တို့အပြင် ဘာကိုမှ မမြင်ရပေ။

သူမ၏လက်များကို လှုပ်လိုက်သည့်အခါ ရုတ်တရပ်တစ်စုံတစ်ခုက သူမ၏လက်များကို အပေါ်သို့ဆွဲခေါ်နေသလို ခံစားလိုက်ရသည်။ ထိုခံစားမှုသည် ရေပေါ်တွင် ပေါလောပေါ်စေသည့် ရင်းနှီးသည့် ခံစားမှုမျိုးဖြစ်သည်။ သူမ၏လက်များကို လှုပ်ကြည့်သော်လည်း ဘာထူးဆန်းမှုမှ မတွေ့သဖြင့် ရေမျက်နှာပြင်ပေါ်ကိုသာ တက်လာအောင် ကူးခတ်လိုက်တော့သည်။

မကြာခင်တွင်ပဲ သူမ၏ခေါင်းသည် ရေပေါ်သို့ ရောက်လာသည့်အခါ သူမသည် ရေကန်အလည်တွင် ရောက်နေကြောင်း တွေ့လိုက်ရသည်။ ဝူယွဲ့လင်းသည်လည်း နီရဲနေသည့် မျက်လုံးများဖြင့် သူမအား ကန်ဘေးမှနေ ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။

‘ကောင်းတယ်! ပြန်လာပြီ! ဘာဖြစ်လို့ အဲ့ဒီကို ရောက်နေတာလဲ? ဘာဖြစ်လို့ ပြန်ကူးမလာသေးတာလဲ?’
လင်းချင်းသည် ဝူယွဲ့လင်း၏အတွေးများကို အဝေးကနေ ကြားနေရသဖြင့် အံ့သြသွားကာ ကလေးမလေးဆီသို့ အမြန်ကူးသွားလိုက်တော့သည်။ ထိုကလေးမလေးက သူမအား ဒီလောက်အထိ စိတ်ပူနေလိမ့်မည်ဟု သူမမထင်ခဲ့မိပေ။

ဝူယွဲ့လင်းသည် လင်းချင်းက သူမဆီသို့ ကူးလာသည်ကိုမြင်မှ သက်ပြင်းရှည်ကြီးချနိုင်ကာ စိတ်ပူနေခြင်းတို့က ရပ်လို့သွားသည်။

ရေကူးလာစဉ်တွင် လင်းချင်းသည် ရုတ်တရပ် ထူးဆန်းသလို ခံစားလိုက်ရသည်။ သူမသည် နယ်မြေတစ်ခုလုံးက အရာအားလုံးကို ရှင်းလင်းစွာ ခံစားမိနေသော်လည်း ကန်ရေကတော့. . . သူမသည် ဒီခံစားချက်ကို ဘယ်လိုပြောရမလဲတောင် မသိပေ။ သူမ၏စိတ်ထဲတွင် နယ်မြေကရှိနေကာ ဒီနယ်မြေထဲမှ အရာအားလုံးကို မြင်နိုင်ခံစားနိုင်ကာ ပြောင်းလဲမှုတိုင်းအထိပင်။ 

ထို့ကြောင့် ဝူယွဲ့လင်း၏တည်ရှိနေမှုကို မျက်လုံးမှိတ်ထားတောင် သေချာသိနိုင်နေသည်။ သူမသည် မြက်ပင်များ စတော်ဘယ်ရီပင်များနှင့် ဖြစ်သလိုနေရာချထားသည့် ပရိဘောဂများအထိ အာရုံခံလို့ရသည်။ ခုနတုန်းက သူမရှာမတွေ့ခဲ့သော ကြွက်များကိုပါ မြေအောက်တွင်ရှိနေကြောင်းကို သူမတွေ့နိုင်နေပြီ။ သို့သော်လည်း ရေကန်ကိုတော့ ဘာမှန်းမသိသည့် ထူးဆန်းမှုကို သူမခံစားနေမိသည်။

ကမ်းစပ်သို့ရောက်သည့်အခါ ရေထဲမှ လျှောက်လာလိုက်သည်။ ထိုအခါမှ သူမသည် ကိုယ်လုံးတီးဖြစ်နေကြောင်းကို သိလိုက်ရသည်။ သူမသည် ခေါင်းငုံကြည့်မိလိုက်သည့်အခါ ကြောင်အသွားတော့သည်။   ‘ချီးပဲ! ဒါကဘာလဲ? ရေထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ?’   သူမသည် ခေါင်းကိုကုတ်ကာ စိတ်ထဲမှ အော်ဟစ်နေမိသည်။  
Previous Chapter 63 of 198 Next