၁၃၂။ အရှက်ရောရှိသေးလား?
ဒီလူတွေက သူမ၏မိသားစုဆိုသည်ကို သေချာသွားသည့်အခါ လင်းချင်း၏ခေါင်းထဲတွင် မေးခွန်များပြည့်လာသည်။ မကြာခင်တွင်ပဲ သူမသည် ဒီမေးခွန်းများထက် လက်ရှိအခြေအနေက ဆိုးနေသေးသည်ကို သတိပြန်ရသွားသည်။ ယန်ကျင်းဟွာဆိုသည့်သူကြောင့် သူမခေါင်းကိုက်ရသည့်အကြောင်းကို မသိသော်လည်း ဒီလိုသူမ၏ ညီမကို လောဘကြီးစွာဖြင့် စိုက်ကြည့်နေသည့်ကောင်ကတော့ ကောင်းမည့်သူ မဟုတ်ပေ။
‘ငါ့မိသားစုကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့ နင်သေသင့်တယ်’ လင်းချင်းသည် စိတ်ကိုရှင်းလိုက်ပြီးနောက် သူမ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သည့် လူသတ်ချင်စိတ်တို့က သူမ၏ကိုယ်ထဲမှ ထွက်လာသည်။
ယန်ကျင်းဟွာသည် လင်းဝမ်ဝမ်ကို တစ်ခုခုပြောဖို့ လုပ်လိုက်သော်လည်း လင်းချင်းရှိရာဘက်ကို ခေါင်းလှည့်လာကာ သူ့၏ဆွဲဆောင်မှုရှိသည့် မျက်လုံးများသည် အေးစက်သွားသည်။ “ဟင်?”
လင်းချင်းသည် အလိုလို ရွေ့လိုက်မိသည်။ သို့သော်လည်း သူမက ဒီလိုလုပ်ဖို့ မလိုအပ်သည်ကို သတိပြန်ရသွားသည်။ ‘ငါကကိုယ်ပျောက်နေတာကို ဒီကောင်က ဘယ်လိုလုပ်မြင်နိုင်မှာလဲ?’
သူမသည် အူကြောင်ကြောင်နိုင်သွားသော်လည်း ယန်ကျင်းဟွာ၏ အာရုံတို့က အရမ်းထက်မြက်သည်ကိုတော့ သူမသိလိုက်ရသည်။ သူမ၏သတ်ဖြတ်ချင်စိတ်ကို ထုတ်လိုက်သည့် ခနအတွင်းတွင်ပဲ သူကသိသွားသည်။ သူ့ကိုကြည့်ရသည်မှာ အရမ်းအားကောင်းပုံရသည်။
ယန်ကျင်းဟွာသည် ခေါင်းမိုးပေါ်ကို စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။ ခုနတုန်းက ထိုနေရာမှနေ သတ်ချင်စိတ်တစ်ခုကို အာရုံခံမိတာ သေချာသော်လည်း အခုတော့ ဘာမှကို သူမတွေ့ပေ။ ‘ငါမှားသွားတာလား?’
ဒီလိုတွေးနေရင်းတွင်မှာပဲ သူအာရုံခံမိသည့်သူသည် ခေါင်မိုးပေါ်ကနေ ဆင်းလာပြီဖြစ်သော်လည်း သူကတော့ ဘာမှကို မရှာနိုင်ပေ။ ထို့နောက် သူသည် လင်းဝမ်ဝမ်တို့ကိုသာ ပြန်ကြည့်လိုက်တော့သည်။
သူ့လှုပ်ရှားမှုများကို လင်းဟောင်တို့မိသားစုကလည်း သတိထားမိလိုက်သည်။ ဘာဖြစ်လို့ သူတို့ဘေးက အဆောက်အဦးပေါ်ကို ကြည့်နေသည်ကို မသိသော်လည်း အမူအယာအရတော့ ရှင်းမပြနိုင်သည့်တစ်ခုခုကို သူအာရုံခံမိပုံရ၍ ဖြစ်နိုင်သည်။ သို့သော်လည်း သူတို့သည် ယန်ကျင်းဟွာကို စိတ်တိုနေ၍ လင်းချင်း၏ အရှိန်အဝါကို မသိလိုက်ကြပေ။
ယန်ကျင်းဟွာသည် လင်းဝမ်ဝမ်ကို ကြည့်လိုက်ကာ “ဝမ်ဝမ် ငါနင့်ကို အတင်းဖိအားပေးရမှာလား? ရပါတယ် ငါက. . .နင့်ဆန္ဒကို ဖြည့်ပေးမယ်” ဒီလိုပြောနေစဉ် သူလက်ကိုမြှောက်လိုက်ကာ လင်းဖန်ဆီသို့ ပြေးသွားသည်။ ရေခဲဓားက လေထဲတွင်ပေါ်လာကာ လင်းဖန်နှင့် လင်းဟောင်တို့ဆီသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။
ယန်ကျင်းဟွာသည် စကားမဆုံးခင်တွင် စတိုက်ခိုက်တာ ဖြစ်သည်။ လင်းဟောင်သည်လည်း ချက်ချင်းနောက်ဆုတ်လိုက်သည်။ ချန်းဝမ်ရှုသည် ဘေးကနေထွက်လာကာ သေသပ်စွာဖြင့် ရေခဲဓားများကို သူမ၏ခြေထောက်ဖြင့် ကန်လိုက်သည်။
သူမသည် ခြေထောက်ဖြင့် ရေခဲဓားကို ခွဲလိုက်နိုင်သည်ဖြစ်သော်လည်း သူမ၏ ခြေထောက်ကို ပြန်ရုတ်လိုက်သည့်အခါ အမူအယာပြောင်းသွားကာ ယိုင်သွားသည်။ လင်းဝမ်ဝမ်က သူမအား အမြန်တွဲလိုက်ကာ စိတ်ပူစွာဖြင့် သူမ၏ခြေထောက်ကို ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် “ဝမ်ရှု နင့်ခြေထောက်”
ချန်းဝမ်ရှုသည် လင်းဝမ်ဝမ်ကို ခေါင်းခါပြသဖြင့် လင်းဝမ်ဝမ်သည် ငြိမ်နေလိုက်သည်။ သို့သော်လည်း လူတိုင်းက သူမ၏ခြေထောက်ဒဏ်ရာရသွားပြီကို သိလိုက်သည်။
လင်းဖန်သည် သူ့မိန်းမဖြစ်သည့် ချန်းဝမ်ရှုကို ခေါင်းမော့ကြည့်ပြီးနောက် ယန်ကျင်းဟွာအား အေးစက်စွာဖြင့် “ငါတို့ကို လိမ်ရုံတင်မကဘူး။ ချင်းကိုပါ မင်းသတ်ပစ်ခဲ့တာ။ စခန်းတစ်ခုလုံးက မင်းသူ့ကို သစ္စာဖောက်လိုက်တာကို သိတယ်။ အသိစိတ်ရှိတဲ့ ဘယ်သူကမှ မင်းလိုလုပ်မှာ မဟုတ်ဘူး။ မင်းမှာ လူစိတ်ရောရှိသေးလား?”
အခြားသူများသည်လည်း ယန်ကျင်းဟွာကို အေးစက်စွာ ကြည့်ကြသည်။
လင်းဖန်၏စကားများကို ကြားသည့်အခါ ယန်ကျင်းဟွာသည် သူ့အားတည်ငြိမ်စွာကြည့်ကာ “ငါကအသက်ကယ်ပေးခဲ့လို့ ကောင်းကောင်းဆက်ဆံပေးတာမလား?” သူသည် စခန်းတွင် ဒီလိုရာထူးကြီးကြီးကို ရသည်မှာ သူထိုက်တန်၍ ရသည်ဖြစ်ကြောင်း သူများတွေကို ယုံစေချင်တာ ဖြစ်သည်။ လင်းချင်းက အသက်ကြွေးပြန်ဆပ်နေသလို ကောင်းကောင်းဆက်ဆံပေးနေလို့ ဒီနေရာကိုရတာ မဟုတ်ဘူးဟူ၍ ဖြစ်သည်။
“ခွေးစကားတွေ” လင်းဝမ်ဝမ်သည် ဆဲဆိုသည်။ “နင်နဲ့ လုံယုပိုင်သာ ငါ့အမကို ထောင်ချောက်မဆင်ရင် ဘယ်လိုလုပ်ပြီးတော့ လဝက်လောက် ဇွန်ဘီမြို့ထဲမှာ အစာနဲ့ရေမရှိဘဲ ပိတ်မိနေမှာလဲ? နင့်သတင်းအတုတွေကြောင့် မဟုတ်ရင် နင်မရောက်ခင်တည်းက အဲ့နေရာကနေ သူလွတ်နေလောက်ပြီ နင့်ကြောင့်ပဲ နင်က ကယ်တင်ရှင်လို ဟန်ဆောင်နေတာ နင့်ဟာနင် ဒီလိုပြောနေတာ ငါတို့နင့်ကိုပေးတာတွေနဲ့ နင်တန်တယ်များ ထင်နေလား နင့်မှာအရှက်ရော ရှိသေးရဲ့လား?” သူမ၏မျက်နှာသည် ဒေါသကြောင့် နီရဲနေသည်။ သူမသည် တစ်ကိုယ်လုံးတုန်နေကာ လက်သီးကို တင်းနေအောင် ဆုပ်ထားသည်။
ယန်ကျင်းဟွာသည် ဒေါသထွက်နေသည့် လင်းဝမ်ဝမ်ကိုကြည့်ကာ မရယ်ဘဲ မနေနိုင်ပေ။ “ဟား ဟား. . .ဟုတ်တယ် ငါပြောခဲ့တယ်။ ဒါတွေအကုန်လုံးက ငါ့အစီအစဉ်တွေဆိုတော့လည်း ဘာဖြစ်လဲ? ငါသာရောက်မလာရင လင်းချင်းက လွန်ခဲ့တဲ့ လေးနှစ်လောက်တည်းက သေနေပြီဆိုတာမျိုး နင်တွေးဘူးလား? ငါက သူ့ကိုနောက်နှစ်နည်းနည်းလောက် ရှင်ခွင့်ပေးထားရုံပဲ။ လုံယုပိုင်ရဲ့အဖွဲ့ကိုဝင်ဖို့ ငါသူ့ကိုစည်းရုံပင်မယ့် သူကငြင်းတယ် ဘာဖြစ်လို့လဲ? သူသာ စကားနားထောင်ရင် မြေနဂါးစခန်းက အခုထက်၂ဆလောက် ကြီးနေပြီ။ ငါ့လို ဒုခေါင်းဆောင်အဖြစ်နဲ့ မြေနဂါးစခန်းမှာ အတူအလုပ်လုပ်နေရမှာက မကောင်းလို့လား?”
ဒီလိုပြောနေရင်းဖြင့် ယန်ကျင်းဟွာသည် လင်းဝမ်ဝမ်ကို တောက်ပစွာဖြင့် စိုက်ကြည့်ရင်း ခံစားချက်များကို ပြောထွက်လာသည်။
“နင်က ရည်ရွယ်ချက်နဲ့ပဲ။ ဒီလိုမငြိမ်တဲ့ အခြေအနေမှဦ နင်ကစခန်းခေါင်းဆောင်လုပ်ဖို့ တွေးနေသေးနိုင်တာပဲ” အမျိုးသမီးလင်း၏ ဝမ်းနည်းမှုများသည် ပျောက်ကွယ်သွားကာ ယန်ကျင်းဟွာကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောသည်။
“တော်သေးတာက ငါ့အမက မင်းနဲ့စခန်းအတူ မထောင်ခဲ့တာပဲ။ မဟုတ်ရင် လုံယုပိုင်နဲ့ မင်းက ငါတို့မိသားစုကို အရင်ထဲက သတ်ပစ်လိုက်လောက်ပြီ” လင်းဟောင်က ပြောသည်။
ယန်ကျင်းဟွာသည် ခနရပ်သွားပြီးနောက် သူ့မျက်နှာက အေးစက်သွားသည်။ သူ့အမူအယာအရ လင်းဟောင်ပြောသည်က မှန်နေသည့်ပုံပင်။ ယန်ကျင်းဟွာသည် လင်းချင်းကို သတ်ဖို့အတွက် အရင်တည်းက စီစဉ်ထားပုံရသည်။ လင်းချင်းက လုံယုပိုင်နှင့်အတူ စခန်းကိုထောင်ဖို့ ငြင်းလိုက်မှ သူ့အစီအစဉ်ပြောင်းလိုက်ပုံရသည်။
ယန်ကျင်းဟွာသည် လင်းဟောင်ကို မျက်နှာကြီးမည်းကာ ကြည့်လိုက်ပြီးနောက် “မင်းက သူများအတွေးတွေကို ဖတ်နိုင်နေမလား ငါအမြဲသံဿယဝင်နေတာ။ မင်းလိုလူမျိုးကို အရှင်ထားဖို့က ငါ့အတွက် အန္တရာယ်များလွန်းတယ်။ အကုန်လုံးကို မင်းသိနေမှတော့ ဘယ်လိုလုပ် လျို့ဝှက်ချက်ထားနိုင်မှာလဲ?”
ဒီလိုပြောရင်းဖြင့် သူသည် လက်ကိုလှုပ်လိုက်သည်။ ထိုအခါ အဖြူရောင်မြူများသည် သူ့အရှေ့က လေထဲတွင် ပေါ်လာကာ ရေခဲချွန်များသည် နေရောင်အောက်တွင် မျက်စိကျိန်းစရာ ထွက်ပေါ်လာသည်။ ရေခဲချွန်များဖြစ်လာပြီးသည့်နောက် ယန်ကျင်းဟွာသည် ဘာမှမပြောတော့ဘဲ လင်းဖန်တို့မိသားစုဆီသို့ အလင်းတန်းများလို ရေခဲချွန်များကို ပစ်လိုက်သည်။
ထိုအချိန်တွင် လင်းဖန်တို့ဘက်မှ ဘယ်သူကမှ ဒါတွေကို မတားနိုင်တော့ပေ။ ရေခဲချွန်များသည် မျက်တောင်တစ်ခတ်အတွင်းမှာ ရောက်လာတာဖြစ်သည်။ ဘာဖြစ်မှန်းသိချိန်တွင် ရေခဲချွန်များက သူတို့မျက်စိရှေ့သို့ ရောက်နေလေပြီ။