၅၄။ နောက်လိုက်လေး
သူမစာကိုဖတ်ပြီးသည့်အခါ ရှဲ့တုန်းသည် နားလည်သွားသည်။ ထို့နောက် မြက်ခင်းပြင်၏ အဝေးမှာ ယုန်လေးတစ်ကောင်ကိုပိုက်ထားရင်း လင်းချင်းနှင့်သူ့ကို ကြည့်နေသည့် ဝူယွဲ့လင်းအား ကြည့်လိုက်သည်။ ထို့နောက် သူသည် သူ့နယ်မြေလေးထဲသို့ ရှောင်ပေးလိုက်သည်။
လင်းချင်းသည် အပြင်အခြေအနေကို ကြည့်နေရင်းဖြင့်သာ အချိန်ဖြုန်နေသည်။ အဆင့်ငါးဇွန်ဘီသည် အလျှော့ပေးပုံမရဘဲ ဆက်စောင့်ကာ ရှာနေခြင်းကို ကြည့်နေသည်။ ထို့ကြောင့် သူမလည်း အချိန်တစ်ခုလောက် အပြင်ကိုမထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ အခြေအနေကို နားလည်သည့်အခါ သူမသည် ဝူယွဲ့လင်းဆီသို့ လျှောက်သွားလိုက်သည်။
ဘယ်အချိန်ကမှန်း ဘယ်သူမှမသိကြသော်လည်း ယုန်လေးသည် ဝူယွဲ့လင်းနှင့် အတောင်ခင်မင်နေပြီ ဖြစ်သည်။ သို့သော်လည်း ဝူယွဲ့လင်းကိုသာ ယုန်လေးက အကပ်ခံခြင်းဖြစ်သည်။ လင်းချင်းလာသည့်အခါ ချက်ချင်းပင် ထွက်ပြေးသည်။ အခုလိုမျိုးပင်။
ဝူယွဲ့လင်းသည် ယုန်လေးပြေးသွားသည်ကိုကြည့်ရင်း စိတ်ထဲမထားပေ။ သူမသည် ရှက်တက်ကာ အလွန်ငြိမ်သည့်ကလေးဖြစ်သည်။ သူမသည် လင်းချင်း၏ နယ်မြေထဲတွင် အကြာကြီးနေရသော်လည်း အော်ဟစ်နေခြင်း ငိုယိုခြင်းမျိုး မရှိပေ။ လင်းချင်းကိုလည်း သူမအား အပြင်သို့ထုတ်ပေးဖို့ မတောင်းဆိုပေ။ လင်းချင်းကို အစကကြောက်သော်လည်း အခုတော့ မကြောက်တော့ပေ။ ဒီနယ်မြေထဲတွင် နေရသည်ကို ကလေးမလေးသည် သက်သောင့်သက်သာရှိနေပုံတောင် ရသေးသည်။
‘သူ့အဖေကို မလွမ်းဘူးလား?’
လင်းချင်းသည် တွေးမိသည်။
‘အစကတော့ စိတ်ထဲကနေ သူ့အဖေကိုတနေတာမျိုး ငါကြားမိသေးတယ်’
လင်းချင်းသည် ဒီကလေးမလေးတွင် သဘောထားပြည့်ဝသည့် နှလုံးသားရှိသည်ဟု ခံစားမိသည်။ သူမသည် သူ့အဖေကို ထပ်မတွေ့ရတာမျိုး ဖြစ်လောက်သော်လည်း စိုးရိမ်နေခြင်းမျိုး မရှိပေ။ အခြားကလေးများသာ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရပါက သူတို့မိသားစုကို ရှာချင်နေမှာ ဖြစ်သည်။
လင်းချင်းလျှောက်လာသည်ကို ဝူယွဲ့လင်းသည် သူမ၏အရောင်တောက်နေသည့် မျက်လုံးကြီးကြီးလေးများဖြင့် ချစ်ဖို့ကောင်းစွာ ကြည့်နေသည်။ သူမ၏မျက်လုံးဝိုင်းဝိုင်းလေးများထဲမှ မျက်ဆံသည် နက်မှောင်နေကာ သူ့ပါးလေးများသည်လည်း ဖောင်းအိနေကာ ပန်းရောင်သန်းနေသေးသည်။
လင်းချင်းသည် သူမအနားသို့ ရောက်လာသည့်အခါ သူမ၏ပန်းကန်ထဲမှ စတော်ဘယ်ရီသီးများ ကုန်သွားကြောင်းကို သိရသည်။ ထို့ကြောင့် ပန်းကန်ကိုယူလိုက်ကာ စတော်ဘယ်ရီသီးခင်းသို့ လျှောက်သွားသည်။ လမ်းနှစ်လှမ်းလောက် လျှောက်ရုံရှိသေးသည် သူမ၏အနောက်မှ ကလေးမလေးသည် လိုက်လာသလို ခံစားလိုက်ရသည်။ သူမသည် ကလေးမလေးကို လှည့်ကြည့်ပြီးနောက် ဘာမှမပြောတော့ဘဲ ဆက်သာလျှောက်သွားသည်။
စတော်ဘယ်ရီသီးခင်းသို့ ရောက်သည့်အခါ သူမသည် ကောင်းမွန်စွာရှင်သန်ပြီး မှည့်နေသည့် စတော်ဘယ်ရီသီးများကို ကြည့်လိုက်သည်။ သူမသည် ဒီရက်ပိုင်းတွင် မှည့်သည့်အသီးများကို ခူးထားသော်လည်း ကျန်သည့်မှည့်နေသေးသည့် အသီးများစွာက ရှိနေသေးသည်။ စတော်ဘယ်ရီသီးများက ကြီးသောကြောင့် ကလေးမလေးသည်လည်း အများကြီး မစားနိုင်ပေ။ နှစ်လုံးသုံးလုံးလောက်ဆိုလျှင် သူမ၏ဗိုက်ကလေးမှာ ဝသွားလေပြီ။
လင်းချင်းသည် ကလေးမလေးမှာ စတော်ဘယ်ရီသီးအပြင် အခြားဟာများလည်း စားသင့်သည်ဟု ခံစားရသည်။ ကလေးမလေးသည် နယ်မြေလေးထဲမှ ဘီစကွတ်များကို သူမကျွေးသဖြင့် စားထားသော်လည်း ခေါက်ဆွဲတော့ မစားရသေးပေ။ ဒါကလည်း ရှဲ့တုန်းမှာ သူ့စွမ်းအင်များကို မထိန်းနိုင်သေး၍ ဖြစ်သည်။ ရေတွေခမ်းအောင် ကျိုလိုက်ခြင်းမျိုး ရေလုံးဝဆူမလာခြင်းမျိုးတို့သာ ဖြစ်နေသည်။ တစ်ခါကဆိုလျှင် လင်းချင်းပေးထားသည့် အိုးကိုတောင် အပေါက်ဖြစ်အောင် ကျိုလိုက်သေးသည်။
လင်းချင်းသည် တောထဲတွင် အခြားသတ္တဝါများ ရှိဦးမလား တွေးမိသည်။ ထို့ကြောင့် နောက်တစ်ခါ သူမအပြင်ထွက်သည့်အခါ ကလေးမလေးစားဖို့အတွက် ရှာလာခဲ့ရမည်ဟု မှတ်ထားလိုက်သည်။ သို့သော်လည်း ဒီမတိုင်ခင်တွင်တော့ မီးမွှေးဖို့လိုသည်။ သူမ၏နယ်မြေထဲတွင် မီးခြစ်မရှိပေ။ ရှဲ့တုန်းသည်လည်း သူ့လက်မှမီးထွက်သဖြင့် မီးခြစ်မဆောင်ထားပေ။ အရင်က သူသည် လူသားမီးခြစ်ကြီးလို ဖြစ်ခဲ့သည်။
လင်းချင်းသည် စတော်ဘယ်ရီခူးပြီးသည့်အခါ အခြားလုပ်စရာမရှိသည့် ဝူယွဲ့လင်းလေးက သူမအနောက်သို့ လိုက်နေဆဲပင်။ လင်းချင်းသည် ကလေးမလေး၏ အတွေးများကို ဖတ်မရသဖြင့် ဘာတွေးနေသလဲ သူမလည်းမသိပေ။
လင်းချင်းသည် စတော်ဘယ်ရီသီး ခုနစ်လုံး ရှစ်လုံးလောက်ခူးပြီးနောက် ကန်ဘေးသို့သွားကာ ရေဆေးလိုက်သည်။ ဝူယွဲ့လင်းသည်လည်း ကန်ဘေးသို့လိုက်လာကာ သူမဆေးနေသည်ကို ထိုင်ကြည့်ပြီးနောက် သူမလက်ထဲမှ ပန်းကန်ကို ယူလိုက်သည်။
ကလေးမလေးအား စတော်ဘယ်ရီပန်းကန် ပေးပြီးသည့်အခါ လင်းချင်းသည် စတော်ဘယ်ရီခင်းကို ရေလောင်းရန် လုပ်တော့သည်။ သူမသည် ကန်ဘေးသို့ ရေပုံးဖြင့် ပြန်လာသည့်အခါ ဝူယွဲ့လင်းမှာ သူမနောက်မှ တိတ်ဆိတ်စွာ လိုက်လာသည်ကို တွေ့လိုက်ရသည်။
သူမသည် ဝူယွဲ့လင်းကို ရပ်ကြည့်လိုက်သည့်အခါ ကလေးမလေးသည်လည်း သူမအား မျက်လုံးတောက်တောက်လေးများဖြင့် ပြန်ကြည့်နေသည်။ လင်းချင်းသည် ကလေးမလေး၏ မျက်လုံးထဲတွင် ခံစားချက်ရော သူမ၏အတွေးများကိုပါ မကြားရသဖြင့် ဘာလိုချင်မှန်းကို မသိပေ။
ထို့ကြောင့် ရေသာခပ်လိုက်သည်။ ဝူယွဲ့လင်းက လိုက်လာသည်။ ထို့နောက် စတော်ဘယ်ရီခင်းကို သွားလောင်းသည်။ ဝူယွဲ့လင်းမှာ လိုက်လာသည်။ သူမသည် ရေသွားခပ်လိုက် ရေလောင်းလိုက် လုပ်နေစဉ် တချိန်လုံး ဝူယွဲ့လင်းသည် သူမနောက်မှ ကောက်ကောက်ပါအောင် လိုက်နေဆဲဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် ဆွံ့အနေလေပြီ။
ရေလောင်းပြီးမှသာ သူမသည် ဝူယွဲ့လင်းကို ငုံကြည့်လိုက်သည်။ ကလေးမလေးသည် ခေါင်းကိုမော့ကာ သူမအား ချစ်စဖွယ် ပြန်ကြည့်နေသည်။
‘ဒီကလေးမလေးက ဘာတွေးနေတာလဲ? ငါသူ့ခံစားချက်တွေကို မျက်လုံးကလည်း မမြင်ရဘူး။ အတွေးလည်း ကြားမနေရဘူး’
သူမသည် ရူးမလိုဖြစ်နေသဖြင့် သူမအား တစ်ယောက်ယောက်က လာကယ်စေချင်ပြီ။ ဒီလိုအနေအေးလွန်းသည့် ကလေးမျိုးနှင့် သူမဘယ်လိုဆက်သွယ်ရမလဲ မသိတော့ပေ။
‘ဘာဖြစ်လို့လဲ?’
လင်းချင်းသည် ကလေးမလေး၏ မျက်လုံးကိုစိုက်ကြည့်ကာ စိတ်ထဲမှ မေးခွန်းကို ပို့လိုက်သည်။ သို့သော်လည်း ကလေးမလေးသည် သူမ၏မေးခွန်းကို မဖြေဘဲ ဘာအတွေးမှလည်း ပေါ်မလာဘဲ သူမကိုသာ တည်ငြိမ်စွာ ကြည့်နေသည်။
‘ဘာဖြစ်လို့ လိုက်နေတာလဲ? တစ်ခုခု လုပ်ပေးစေချင်လို့လား? ဒါမှမဟုတ် ဘာပြောချင်လို့လဲ?’
လင်းချင်းသည် လက်ဟန်ဖြင့် မေးလိုက်သည်။ ဝူယွဲ့လင်းသည် သူမကိုသာ ငြိမ်ငြိမ်လေး ကြည့်နေဆဲပင်။
သူမသည် ထပ်ခါထပ်ခါမေးနေသော်လည်း ကလေးမလေးကတော့ စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်ငြိမ်လေးနေသည်။ လင်းချင်းသည် ကလေးမလေး၏ အတွေးများကိုလည်း မကြားရပေ။
‘အချင်းချင်းဆက်သွယ်ဖို့ နည်းမရှိတော့ဘူး ထင်ပါတယ်။ တချို့လူတွေက ဝူယွဲ့လင်းလို အာရုံစူးစိုက်မှုအားနည်းတဲ့ကလေးတွေက သူတို့အတွေးတွေကို သူများတွေကို မပြဖူးလို့ ပြောကြတာပဲ။ ဒီလိုဆိုရင် ငါအခုဘယ်လိုလုပ်ရမလဲ? ဘာဖြစ်လို့ အမြီးလေးလို ငါ့နောက်က တကောက်ကောက်လိုက်နေရတာတုန်း?’
သူတို့နှစ်ယောက်သည် အချင်းချင်းစိုက်ကြည့်ပြီး၍ အချိန်အချို့ကြသော် လင်းချင်းသည် ခေါင်းကိုသာကုတ်ကာ လက်လျှော့လိုက်တော့သည်။ ထိုအခါမှ ဝူယွဲ့လင်းသည် လှုပ်ရှားလာသည်။
လင်းချင်းထထွက်သွားဖို့ လုပ်မှသာ ကလေးမလေးသည် လင်းချင်း၏ ဘောင်းဘီစကို ဆွဲထားသည်။ လင်းချင်းသည် ဒီဘောင်းဘီပွပွကို စတော်ဘယ်ရီခင်းနားက စွန့်ပစ်ထားသည့် အိမ်တွင် တွေ့ခဲ့ခြင်း ဖြစ်သည်။ သူမသည် ဘောင်းဘီစတက်နင်း၍ ချော်လဲမှာ စိုးသောကြောင့် အောက်ဖျားများကို ခေါက်ဝတ်ထားခြင်း ဖြစ်သည်။
လင်းချင်းသည် သူမ၏ဘောင်းဘီစကို ဆွဲထားသည့် ကလေးမလေးကို နားမလည်စွာ ကြည့်လိုက်သည်။ ထို့နောက် ကလေးမလေးသည် သူ့အဝတ်များကို ချွတ်ရန်လုပ်ပြနေသည်ကို မြင်လိုက်ရသည်။ မျက်နှာတွင် ဘာအမှုအယာမှ အပေါ်သော်လည်း မျက်လုံးထဲတွင်တော့ မနှစ်သက်ခြင်းကို မြင်လိုက်ရသည်။
‘အဝတ်လဲချင်တယ်။ ဒါတွေက ညစ်ပတ်နေပြီ’
လင်းချင်းသည် ကလေးမလေး၏ အတွေးများကို ကြားလိုက်သည်။
‘ဟုတ်ပြီ။ ဒီတိုင်းပြောလိုက်ပါလား။ ဘာမှမပြောဘဲနဲ့ ငါ့နောက်ပတ်လိုက်နေတော့ ငါကဘယ်လိုလုပ်သိမှာလဲ?’
လင်းချင်းသည် တွေးနေမိသည်။
ကလေးမလေး၏အဝတ်များညစ်ပတ်နေကြောင်းကို သိတော့မှ ကလေးမလေးလည်း ရေမချိုးရသေးတာကြာ၍ ညစ်ပတ်နေလောက်ကြောင်းကို လင်းချင်းလည်း သတိရတော့သည်။ ကလေးမလေးသည် သူနေရထိုင်ရတာ အဆင်မပြေဖြစ်နေကြောင်းကို ဘယ်လိုပြောရမလဲ မသိ၍ လင်းချင်းအား အဝတ်ညစ်ပတ်နေကြောင်းကို ပြတာဖြစ်လိမ့်မည်။
လင်းချင်းသည်လည်း ဒီကလေးမလေးမှာ သူမလို အသန့်ကြိုက်မည်ဟု မထင်ခဲ့မိပေ။ ကလေးအများစုက ဒီလိုညစ်ပတ်နေလည်း ဘာမှမဖြစ်ကြဘူးမလား?
ကလေးမလေးက အဝတ်လဲချင်မှတော့ လင်းချင်းလည်း ကလေးအား အရင်ရေချိုးပေးဖို့ ဆုံးဖြတ်လိုက်သည်။ နောက်မှ သူမလျှော်ဖွတ်ထားသည့် လူကြီးဝတ်များ ဝတ်ပေးမည်။ လူကြီးဝတ်များက ကလေးမလေးအတွက် ကြီးနေမည်ဖြစ်သောကြောင့် အပေါ်အကျီနဲ့တင် သူမအတွက် ဂါဝန်လို ဖြစ်နေမှာပင်။ ဘယ်လောက်တောင် အဆင်ပြေလိုက်လဲ?လင်းချင်းသည် ဓားပြများ၏ အဝတ်များကို လျှော်ရန်တွေးလိုက်သည်။ ထိုကြောင့် ခြောက်သွားလျှင် သူမလည်း ဝတ်လို့ရပြီ။
ဒီလိုအစီအစဉ်ကို တွေးပြီးသည့်အခါ လင်းချင်းသည် ဝူယွဲ့လင်းအား ကန်ဘေးသို့ ခေါ်သွားကာ သူမက ချည်သားအကျီနှင့် အဝတ်စုတ်သွားရှာမည့်အကြောင်း ပြောပြသည်။ သူမပြန်လာသည့်အခါ အဝတ်များကို သန့်သည့်မြေပြင်ပေါ်တွင် ထားလိုက်သည်။
ထို့နောက် ထိုင်ချကာ ဝူယွဲ့လင်းအား ကြည့်ပြီး စိတ်ထဲမှနေ
‘ငါရေချိုးပေးမယ်။ ငြိမ်ငြိမ်နေနော်’
သူမသည် ဝူယွဲ့လင်း၏အကျီကြယ်သီးကို လက်နှစ်ဖက်ဖြင့် ဖြုတ်ပေးလိုက်သည်။ ဝူယွဲ့လင်းသည် သူမဘာလုပ်နေမှန်း မသိသော်လည်း လင်းချင်းလုပ်သမျှကို ငြိမ်ငြိမ်လေးနေရင်းဖြင့်သာ ပူးပေါင်းပေးနေသည်။