May Honey Logo May Honey
Previous Next

၇၀။ ကလေးနိုးလာပြီ

အခန်းထဲက ပရိဘောဂများကုန်အောင် သိမ်းပြီးသည့်အခါ လင်းချင်းသည် ကုတင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဧည့်ခန်းနှင့် နောက်အိပ်ခန်းတစ်ခုထဲမှ ပစ္စည်းများသိမ်းရန် လှည့်ထွက်သွားသည်။ မီးဖိုချောင်ကိုလည်း အလွတ်မပေးဘဲ သိမ်းလာခဲ့သည်။ရှဲ့တုန်းသာ ဒီမှာရှိနေပါက မီးကိစ္စအတွက် သူကကူညီပေးနိုင်မှာဖြစ်သည်။ အခုတော့ ရှဲ့တုန်းမရှိသည့်အခါ မီးသည်ခနပြတ်လတ်နေသည်။ 

တိုက်ခန်းတစ်ခုလုံးကို သိမ်းပြီးသည့်အခါ လင်းချင်းသည် အိပ်ခန်းထဲသို့ ပြန်လာသည်။ ဇွန်ဘီမသည် ကုတင်ဘေးတွင်ရပ်နေကာ ကုတင်ပေါ်က ကလေးကိုကြည့်နေဆဲ ဖြစ်သည်။ လင်းချင်းသည် ကုတင်နားသို့ လျှောက်လာကာ ကလေး၏အခြေအနေကိုကြည့်လိုက်သည့်အခါ အစိမ်းရောင်စွမ်းအင်သည် ကုန်လုနီးပါးဖြစ်နေပြီ။ အခုတော့ ကလေးဆီမှ အသက်လုနီးပါးဖြစ်နေခြင်းထက် အသက်စွမ်းအင်သည် အတွင်းကလီစာများတွင် အခုပြန်ရှိနေပြီ ဖြစ်သည်။

‘အခုငါသူ့ကို နယ်မြေထဲကို ခေါ်သွားလိုက်မယ်။ နင်စိတ်ပူရင် တစ်ချက်ကြည့်ရအောင် လိုက်ခဲ့’   သူမသည် ဇွန်ဘီမအား ရေးပြလိုက်သည်။ စာဖတ်ပြီးသည့်အခါ ဇွန်ဘီမသည် ခေါင်းငြိမ့်ပြသည်။ 

လင်းချင်းသည် သူမ၏ပုခုံးကိုကိုင်ကာ နှစ်ယောက်လုံး အခန်းထဲမှ ပျောက်သွားကြသည်။ ဇွန်ဘီမသည် အရောင်မမြင်နိုင်သည်ဖြစ်ရာ အကုန်လုံးကို အဖြူအမဲသာ မြင်ရသည်။ သူမ၏မျက်လုံးများ ခနဝေဝါးသွားပြီးနောက် မြက်ခင်းပြင်ကို မီးခိုးရောင်အဖြစ် သူမမြင်လိုက်ရသည်။

သူမသည် တအံ့တသြလှည့်ကြည့်လိုက်သည့်အခါ မြက်ခင်းပြင်သာမက ရေကန်ကြီးတစ်ခုပါရှိသည့် နယ်မြေအကြီးကြီးကို တွေ့လိုက်ရသည်။ သူမသည် ဒီနေရာတွင် ပရိဘောဂအပုံလိုက်ကြီးကိုလည်း တွေ့ရသည်။ အများစုသည် သူမတို့တိုက်ခန်းကဟာများဖြစ်သော်လည်း အချို့ကိုတော့ သူမမမြင်ဖူးပေ။

‘ဒီမှာခနစောင့်။ ငါကုတင်နဲ့ ကလေးကို သွားယူလာခဲ့မယ်’
လင်းချင်းသည် စာရေးပြလိုက်သည်။ ဇွန်ဘီမက မဖြေရသေးခင်တွင် လင်းချင်းသည် ဝူယွဲ့လင်းနှင့်အတူ ထပ်ပျောက်သွားပြန်သည်။

လင်းချင်းပျောက်သွားသည်နှင့် ဇွန်ဘီမသည် လန့်သွားသည်။ သူမသည် ပတ်ရှာသော်လည်း လင်းချင်းတို့ကို မတွေ့ရတော့ပေ။ ထို့ကြောင့် စိတ်ငြိမ်အောင်ထားကာ သူမကိုမလိမ်လောက်ပါဘူးဟူ၍ ဖြေတွေးနေရသည်။

ကံကောင်းသည်မှာ သူမသည် အကြာကြီးမစောင့်လိုက်ရဘဲ စက္ကန့်အနည်းငယ်အတွင်းတွင် ကုတင်တစ်လုံးကပေါ်လာသည်။ သို့သော်လည်း ကုတင်ပေါ်တွင် ဘယ်သူမှ မပါပေ။ ခနနေမှ လင်းချင်းသည် လက်တစ်ဖက်က သူ့သားကိုချီကာ နောက်လက်တစ်ဖက်က ကလေးမလေးကို ကိုင်ထားရင်း ပေါ်လာလေသည်။

လင်းချင်းသည် ဝူယွဲ့လင်း၏လက်ကိုလွှတ်ပြေးလိုက်ကာ သူမစိတ်ကြိုက်ပြေးစေသည်။ ထို့နောက် ကလေးကိုကုတင်ပေါ်သို့ ချပေးလိုက်သည်။ လင်းချင်းက ကတိပေးထားသည့်အတိုင်း သူ့သားကိုခေါ်လာမှ ဇွန်ဘီမသည် သက်ပြင်းရှည်ကြီး ချနိုင်လိုက်သည်။

သူမ၏သက်ပြင်းရှည်ကြီးကိုကြားသည့်အခါ လင်းချင်းသည် စာရွက်တွင် ရေးပြလိုက်သည်။   ‘ငါ့နာမည်က လင်းချင်း။ နင့်အရင်နာမည်ကို မသိဘူးမလား? ငါနာမည်အသစ်ပေးမယ်’

ဇွန်ဘီမသည် ခေါင်းခါသည်။ သူမသည် တကယ့်ကို နာမည်အရင်းကို မေ့သွားတာ ဖြစ်လိမ့်မည်။ သို့သော်လည်း နာမည်ပေးမည်ဟု လင်းချင်း၏စာကိုဖတ်ရသည်နှင့် သူမ၏စိတ်ထဲတွင် နာမည်တစ်ခုက ဖြတ်ခနဲပေါ်လာသည်။ 

လင်းချင်းက သူမ၏အတွေးများကို အာရုံခံမိသည့်အခါ ‘ကျွင်းကျွင်း’ဟု ရေးပြလိုက်သည်။ ဇွန်ဘီမသည် ဖတ်ပြီးသည့်အခါ ခေါင်းငြိမ့်ပြသည်။ ထို့နောက်တွင်တော့ လင်းချင်းကို တအံ့တသြကြည့်လာသည်။ လင်းချင်းက ကျွင်းကျွင်းဟု ရေးပြသည်ကို မြင်သည့်အခါ သူမထူးဆန်းသွားသည်။   ‘ငါဒီနာမည်ကို တွေးမိရုံရှိသေးတယ်။ သူကဘယ်လိုလုပ်သိသွားတာလဲ?’

သူမ၏လက်ရှိအတွေးများကို ကြားသည့်အခါ လင်းချင်းသည် စာရေးပြလိုက်သည်။   ‘အဆင့်နိမ့်ဇွန်ဘီတွေရဲ့အတွေးကို ငါကြားရတယ်။ နင်အပါအဝင်ပေါ့’

လင်းချင်းသည် ဒါကိုကျွင်းကျွင်းအား လျို့ဝှက်ချက်အဖြစ် သိမ်းမထားချင်ပေ။ နောက်မှသိသွားလျှင် မကောင်းပေ။ သို့သော်လည်း လူသားများ၏အတွေးများပါ ကြားရကြောင်းတော့ မပြောပြပေ။ ပြီးတော့လည်း ဒါကသူမ၏အစွမ်းတစ်ခုလား သို့မဟုတ် အဆင့်မြင့်ဇွန်ဘီများ၏ လုပ်နိုင်စွမ်းပဲလား သေချာမသိသေးပေ။

ကျွင်းကျွင်းကတော့ သူမအား တအံ့တသြဖြင့် ထပ်ကြည့်နေပြန်သည်။ အဆင့်မြင့်ဇွန်ဘီတိုင်းပဲလား? လင်းချင်းပဲလား? ဆိုသည်ကို သူမသိချင်သေးသည်။

သို့သော်လည်း လင်းချင်းက မဖြေဘဲ ကုတင်ဘက်ကိုသာ လှည့်သွားသည်။ သူမသည် ကလေးကို ပွေ့ချီလိုက်ကာ သူမအား နားမလည်စွာကြည့်နေသည့် ကျွင်းကျွင်းကို ချီစေလိုက်သည်။ ထို့နောက် သူမ၏အနောက်မှ လိုက်လာရန် လက်ပြလိုက်သည်။ ထို့နောက်သူမသည် ကုတင်ကိုအသာလေးဆွဲကာ နယ်မြေလေးသို့ သွားလိုက်သည်။

ကျွင်းကျွင်းသည် ကလေးကိုချီကာ လင်းချင်းနောက်က လိုက်လာသည်။ သူမသည် အနက်ရောင်အပေါက်တစ်ခုသို့ သွားနေကြောင်း မြင်လိုက်ရသည်။ တကယ်တော့အပေါက်တော့ မဟုတ်ပေ။ အဖြူရောင်မြူခိုးများက အုပ်နေလို့သာ ဒီလိုထင်ရတာဖြစ်သည်။  နှစ်မီတာပတ်လည်လောက်ရှိသည့် လေးထောင့်ပုံအပေါက်က မြူခိုးများကြားတွင် တံခါးတစ်ခုလို ရှိနေသည်။ 

လင်းချင်းသည် ကုတင်မကို မကာ အပေါက်ထဲသို့ ဆွဲသွင်းသွားသည်။ ကျွင်းကျွင်း၏စိတ်ထဲတွင် လင်းချင်းဒီလိုလုပ်သည်ကို မြင်သည့်အခါ ‘သန်လိုက်တဲ့ကောင်မလေး’ဟု တွေးမိသွားသည်။ သို့သော်လည်း ‘ကောင်မလေး’နေရာတွင် ‘ဇွန်ဘီမလေး’ဟု နေရာပြောင်းလိုက်သည်။ ထို့ကြောင့် လင်းချင်းအား ‘သန်တဲ့ဇွန်ဘီမလေး’ဟုသာ သူမခေါ်ချင်တော့သည်။

လင်းချင်းသည် ကုတင်သွင်းပြီးပြီးချင်းတွင် နောင်တရသွားသည်။ ဒီနယ်မြေလေးထဲမှ ပစ္စည်းများကို အရင်ထုတ်ရမည့်အကြောင်း သူမသိလိုက်သည်။ အခန်းကမကြီးသဖြင့် ကုတင်ထည့်လိုက်သည့်အခါ နေရာလွတ်မရှိ ဖြစ်သွားသည်။ ပြီးတော့လည်း အပေါက်ဝတွင် ကုတင်က ကန့်လန့်ကြီးဖြစ်နေကာ ဆီတိုင်ကီများနှင့် အဆာခြောက်အပုံလိုက်ကြီးက အနောက်တွင်ကျန်နေသည်။ အခုတော့ ဆီတိုင်ကီများကို ရွေ့ဖို့လိုလာပြီ။ ပြဿနာမှာ ကုတင်က ပိတ်နေသည်။ သူမသည် ကုတင်ပေါ်တွင်ရပ်နေကာ အနောက်ကတိုင်ကီများကို တိတ်ဆိတ်စွာကြည့်နေသည်။ အခုတော့ ကုတင်ပေါ်ကနေ ဖြတ်သယ်ဖို့လုပ်ရတော့မည်။

ကျွင်းကျွင်းသည် အပေါက်ဝကနေ လင်းချင်းဘာလုပ်နေမှန်းမသိ ဖြစ်နေသည်။ သို့သော်လည်း သူမမှာ ကလေးကိုချီထားရတာကြောင့် သွားကူပေးလို့လည်းမရပေ။ ထို့ကြောင့် စပ်စုစွာကြည့်နေရုံပဲ တက်နိုင်တော့ပေ။ ထိုအချိန်တွင် သူမသည် လင်းချင်း၏ နယ်မြေထဲမှာ ဒီနယ်မြေလေးက ဘာဖြစ်လို့ရှိနေသလဲ တွေးနေမိသည်။   ‘ဒါက နယ်မြေနှစ်ဆင့်များလား?’  
  
လင်းချင်းသည် နယ်မြေထဲမှ ပစ္စည်းများကိုသယ်ကာ ကုတင်ပေါ်ကနေ အပြင်တွင်လာထားသည်။ ထို့နောက်တွင်မှ ကုတင်ကို နေရာသေချာချလိုက်သည်။ အကုန်ပြီးသွားမှ ကျွင်းကျွင်းအား ကုတင်ကိုလက်ညိုးထိုးပြကာ ကလေးကို ဒီမှာလာထားဖို့ ပြလိုက်သည်။  
ကျွင်းကျွင်းသည် ကလေးကို ကုတင်ပေါ်တွင် အသာလေးချလိုက်သည်။ ထိုအချိန်တွင်ပဲ ကလေး၏မျက်လုံးများသည် ဖြည်းဖြည်းချင်း ပွင့်လာသည်။ မျက်လုံးများသည် စိတ်ခံစားချက်မဲ့ကာ မှိန်နေသည်။ သို့သော်လည်း ကျွင်းကျွင်း၏ဇွန်ဘီမျက်နှာကို မြင်လိုက်သော် ကြောက်ရွံ့မှုမပြဘဲ ဖြည်းဖြည်းချင်း တောက်ပလာသည်။ ထို့နောက် ကလေးသည် ပါးစပ်ကိုဖွင့်ကာ အသံထွက်လာသည်။

“ဟင် မေမေ”   ကလေး၏အသံသည် အားနည်းနေသော်လည်း ကျွင်းကျွင်းအား အရမ်းအားထားပုံ ပေါ်လွန်းသည်။

ကျွင်းကျွင်းသည် ဒီအသံလေးကို ကြားသည့်အခါ နှလုံးတစ်ခုလုံး အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ သူမသည် ဘယ်သူ့ကိုမှ မမှတ်မိသော်လည်း ဒီခံစားချက်ကိုတော့ ဘယ်တော့မှ မမေ့ပေ။ ဒီကောင်လေးမှာ သူမအတွက် အရေးအကြီးဆုံး ဖြစ်ပုံရသည်။ 

လင်းချင်းသည် နိုးလာသည့်ကလေးကို တအံ့တသြကြည့်လိုက်သည်။ ထိုကလေး၏မျက်လုံးများသည် အာရုံမစိုက်နိုင်သေးကာ မှိန်နေသော်လည်း ပုံစံပြောင်းသွားသည့် ကျွင်းကျွင်းကို မြင်လိုက်သည်နှင့် ကြောက်ရွံခြင်းလုံးဝမရှိသည်ကို မြင်လိုက်ရသည်။

လင်းချင်းသည် စာရေးလိုက်သည်။ သို့သော်လည်း ကျွင်းကျွင်းကိုပြမနေတော့ဘဲ သူမ၏လက်ထဲသာ ထည့်ပေးခဲ့သည်။ ထို့နောက် ကျွင်းကျွင်းအားပေးခဲ့သည့် ခွက်လေးကိုယူကာ နယ်မြေလေးထဲမှ ထွက်လာခဲ့သည်။  
Previous Chapter 70 of 198 Next