၅၃။ ပူလောင်ခြင်း
ဇွန်ဘီများသည် လူသားများကို စားသောက်ကြသည်။ ရှင်ကျန်သူများက ဇွန်ဘီများသည် အစာမရှိလျှင် သေနိုင်သည်ကို မသိကြပေ။ သူတို့၏သေခြင်းက ဖြည်းဖြည်းချင်း ဖြစ်နေခြင်း ဖြစ်သည်။ အဆင့်နိမ့်ဇွန်ဘီများသည် အဆင့်မြင့်ဇွန်ဘီများထက် မစားဘဲပိုနေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နှေးကွေးသဖြင့် အင်အားသိပ်မကုန်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သူတို့သည် ပျင်းရိဖို့ကောင်းစွာ နှေးနှေးကွေးကွေးသာ လှုပ်ရှားနိုင်သဖြင့် စားစရာလည်း မရှိပေ။
အဆင့်မြင့်ဇွန်ဘီများသည် အသိညဏ်ရှိကာ လျင်မြန်သည့်ကိုယ်ရှိသလို သဘာဝလွန်စွမ်းအားများလည်း ရှိကြသဖြင့် သူတို့အတွက် အင်အားလိုအပ်သည်။ လူသားများကို မစားဘဲနေလျှင် အဆင့်မြင့်ဇွန်ဘီသည် တဖြည်းဖြည်းချင်း အဆင့်နိမ့်သွားကာ သူတို့ကိုယ်ထဲကပိုး၏ လှုပ်ရှားမှုများသည် လျှော့ကျသွားသည်။ သူတို့ကိုယ်ထဲက ပိုးသည် လုံးဝသေဆုံးသွားပါက ဇွန်ဘီသည်လည်း အလောင်းကောင်အဖြစ် ပုပ်သိုးသွားတော့သည်။
အဆင့်နိမ့်ဇွန်ဘီများသည် ဆာလောင်မှုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း သူတို့သည် အစာမရှိလျှင် သုံးနှစ်မှ ငါးနှစ်အထိသာ ရှင်သန်နိုင်သည်။ အဆင့်မြင့်ဇွန်ဘီကတော့ ဆာလောင်မှုကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။ ပုံမှန်အားဖြင့် အဆင့်မြင့်ဇွန်ဘီသည် အစာမရှိလျှင် တစ်နှစ်သာ ရှင်သန်နိုင်သည်။ လူသားများကို မစားလျှင် သူတို့သည် အခြားအစားအရင်းအမြစ်ကိုရှာရန် လိုအပ်သည်။ ဉပမာ ဇွန်ဘီအမြူတေလိုမျိုးဖြစ်သည်။ သို့သော်လည်း ဇွန်ဘီအမြူတေသည် ယာယီဖြည့်စွက်စာသာ ဖြစ်သည်။
လူ့ကိုယ်တွင် နှလုံးသည် အဆင့်မြင့်ဇွန်ဘီများအတွက် အာဟာရအများဆုံး ပါဝင်ပြီး လူ့ကိုယ်၏အခြားအပိုင်းများထက် ပိုအရသာရှိသည်။ လူ့နှလုံး၏သွေးသည် အခြားအပိုင်းများမှ သွေးများထက် အရသာလည်းပိုရှိသည်။ ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီများသည် သူတို့အတွက် အရေးပါသည့် နှလုံးကို အရင်စားကြခြင်း ဖြစ်သည်။
ဇွန်ဘီခေါင်းဆောင်သည် ခေါင်းနှစ်လုံးနှင့် နှလုံးနှစ်ခုကို ပြီးအောင်စားလိုက်ပြီးမှ ကျန်သည်တို့ကို အဆင့်သုံးဇွန်ဘီများအတွက် ချန်ထားလိုက်သည်။
သူတို့စားပြီးခါနီးတွင် ဇွန်ဘီခေါင်းဆောင်သည် လင်းချင်းအနောက်ကို လိုက်ဖို့အတွက် သူတို့အားအမိန့်ပေးသည့် အော်သံပေးလိုက်သည်။ အဆင့်သုံးဇွန်ဘီများသည် လင်းချင်းတို့ကားထွက်သွားသည့်ဘက်သို့ လျှင်မြန်သည့်သားရဲများသဖွယ် ပြေးလိုက်ကြတော့သည်။
နာရီဝက်လောက်ကြာသည့်အခါ လင်းချင်းတို့သည် တံတားတစ်ခုကို ဖြတ်မောင်းရတော့မှာ ဖြစ်သည်။ တံတားသည် သိပ်မရှည်ဘဲ ၈မီတာလောက်သာရှိသည်။ သို့သော် ပြဿနာမှာ. . .တံတားကပြိုကျနေခြင်းပင်။
လမ်းအဆုံးတွင် ကားကိုထိုးလိုက်ကာ ကားပြတင်းပေါက်မှ သေချာမြင်အောင် ကြည့်လိုက်သည်။ တံတားအပျက်ကိုကြည့်ပြီးနောက် သူမသက်ပြင်းချကာ ရှဲ့တုန်းအား အကူအညီရမလားဟူ၍ ကြည့်လိုက်သည်။ ရှဲ့တုန်း၏မျက်နှာသည် အရင်ကထက် ပိုဖြူလျော့နေသော်လည်း အသက်မရှိသလို အပြာရောင်သန်းနေခြင်းကတော့ မရှိတော့ပေ။
ရှဲ့တုန်းသည်လည်း လမ်းအခြေအနေကို မြင်ကာ သူတို့သွားမရတော့ကြောင်း သိလိုက်သည်။ အခုအခါ သူသည်အရင်ကထက် ပိုတည်ငြိမ်နေပြီဖြစ်သည်။ သူသည် အလွန်အဆင်မပြေဖြစ်နေသော်လည်း ဖြည်းဖြည်းချင်း သည်းခံတက်လာပြီ ဖြစ်သည်။
ထို့အပြင် သူ့ကိုယ်သည်လည်း ပြောင်းလဲလာပြီဖြစ်သည်။ သူသည် ပိုပေါ့ပါးလာပြီး သူ့ကြွက်သားများသည်လည်း တောင့်မနေတော့ဘဲ လှုပ်ရှားရတာ ပိုလွယ်လာသလိုမျိုး သူခံစားရသည်။ ဇွန်ဘီဖြစ်တုန်းကထက် သူ့စွမ်းအားများကိုလည်း ထိန်းချုပ်နိုင်သလို ခံစားရပြီဖြစ်သည်။ သူ့စိတ်သည်လည်း အရင်ကထက် ပိုကြည်လင်လာပြီဖြစ်သည်။ အရင်တုန်းက သူသည်စိတ်ရှုပ်နေကာ အမှန်မဟုတ်ဘူးဟု ခံစားနေရမှုများသည်လည်း ပျောက်ကွယ်သွားပြီ။
သူသည် အရှေ့ကိုကြည့်ပြီးနောက် နောက်ကိုလက်ညိုးထိုးပြသည်။ ထို့နောက်လက်ညိုးကို ကွေးလိုက်သည်။ လင်းချင်းသည် သူဘာပြောချင်သလဲကို သိသည်။ သူပြောချင်သည်မှာ ကားကိုနောက်သို့ ပြန်မောင်းပြီးနောက် ဆယ်ကီလိုမီတာလောက်မှာရှိသည့် နောက်လမ်းတစ်ခုမှ သွားရန်ပြောနေခြင်း ဖြစ်သည်။
လင်းချင်းသည် ခေါင်းငြိမ့်ကာ ကားစက်နှိုး၍ အနောက်သို့ပြန်လှည့်ကာ မောင်းလာသည်။ သို့သော်လည်း ရုတ်တရတ် အော်သံတစ်ခုကို ကြားလိုက်ရသည်။ ရှဲ့တုန်းသည် ဘာဖြစ်သလဲ မသိခင်တွင် မူးဝေသွားသည်။ ထို့နောက်တွင်တော့ သူနှင့်ကားပါ လင်းချင်း၏နယ်မြေထဲသို့ ရောက်နေကြောင်းကို သိလိုက်တော့သည်။ လင်းချင်းကတော့ ကားအပြင်ဘက်က မြက်ခင်းပေါ်တွင် ရပ်နေသည်။
လင်းချင်း၏ကားသည် အဝေးပြေးလမ်းမထက်မှ ပျောက်သွားပြီးနောက် သုံးစက္ကန့်လောက်အတွင်းမှာ သဏ္ဍာန်တစ်ခုပေါ်လာသည်။
“ဂါး”
ထိုသဏ္ဍာန်သည် လင်းချင်းတို့ပျောက်သွားသည့်နားတွင် ပတ်နေပြီးနောက် ခေါင်းကိုမော့ကာ ရူးသွပ်နေသည့်သားရဲတစ်ကောင်လို အော်တော့သည်။
နယ်မြေထဲတွင် လင်းချင်းသည် မျက်လုံးကိုမှိတ်ထားကာ အပြင်ဘက်ကို အခြေအနေကို ကြည့်နေသည်။ ထိုအခါ မျက်မှောင်မကျုံ့ဘဲ မနေနိုင်ပေ။
‘ဒီဇွန်ဘီခေါင်းဆောင်က တစ်ချိန်လုံး ငါ့နောက်ကိုပဲ လိုက်နေတာပဲ။ သူ့ခေါင်းထဲက အမြူတေက သူဒီလောက်ဒေါသထွက်နေပုံကြီးနဲ့ဆိုရင် ပေါက်ထွက်တော့မလားပဲ။ ဘာဖြစ်လို့ ဒီလောက် အငြိုးထားနေရတာလဲ? ဒီဇွန်ဘီနဲ့မတည့်တာ ငါတကယ်ကံဆိုးတာပဲ’
ရှဲ့တုန်းသည် ကားတံခါးဖွင့်ကာ ထွက်လာသည်။
‘ဘာဖြစ်လို့ လင်းချင်းက ရုတ်တရပ်ကြီး ငါနဲ့ကားကို နယ်မြေထဲကို ခေါ်လာတာလဲ? ဒါပင်မယ့်လည်း ဒီလိုအလျင်လိုနေပုံအရဆိုရင် အန္တရာယ်တစ်ခုခုကြုံလာလို့ပဲနေမှာ’
လင်းချင်းသည် ရှဲ့တုန်းအသံကိုကြားသည့်အခါ မျက်လုံးဖွင့်လာသည်။ ထို့နောက် ရှဲ့တုန်း၏မျက်နှာထက်မှ နားမလည်ခြင်းကို မြင်သည့်အခါ သူမသည် ဘောပင်မဖြင့် စာရွက်ပေါ်တွင် ရေးပြလိုက်သည်။
‘အဆင့်ငါးဇွန်ဘီက ငါတို့ကိုမှီလာပြီ’
ရေးပြီးသည့်အခါ သူမ၏မျက်ဝန်းနက်ထဲတွင် ရက်စက်မှုတို့က ထွက်ပေါ်လာသည်။
‘အဆင့်ငါးဇွန်ဘီကိုရှင်းဖို့ နည်းရှာမှ ရတော့မယ်။ ဒါပင်မယ့် အခုအချိန်မှာ တိုက်ဖို့ကလည်း ငါ့ဘက်က သူ့လောက်မသန်မာသေးဘူး။ ပြီးတော့ သူ့မှာလည်း နောက်လိုက်အဆင့်သုံးဇွန်ဘီနှစ်ကောင်ရှိသေးတယ်’
‘ရှဲ့တုန်းကတော့ အသိညဏ်ရှိအဆင့်သုံးဇွန်ဘီလောက်ပဲ ထင်တယ်။ ဒါပင်မယ့်လည်း သူ့တိုက်ရေးခိုက်ရေးကတော့ သာမန်အဆင့်နှစ်ဇွန်ဘီလောက်တောင် မရှိသေးဘူး။ လူသားမစားလို့ အားတွေမရသေးတာ ထင်တယ်’
အဆင့်သုံးဇွန်ဘီနှစ်ကောင်သည် လူသားစားပြီးသောကြောင့် အဆင့်သုံးရောက်နေတာ ဖြစ်သည်။ သံသယဝင်စရာမလိုအောင်ကို သန်မာကာ ရက်စက်ကြသည်။ ထို့ကြောင့် ရှဲ့တုန်းသည်လည်း သူတို့၏ပြိုင်ဘက် မဟုတ်ပေ။
တစ်ဖက်တွင်တော့ လင်းချင်းသည် အဆင့်ငါးဇွန်ဘီအတွက် စိတ်ပေါ့လာသလို သူမခံစားရသည်။ ဆိုလိုသည်မှာ သူမသည် အရင်ကထက် ပိုသန်မာလာ၍ ဖြစ်မည်။ သို့သော်လည်း ဘယ်လိုဖြစ်မှန်းတော့ မသိပေ။ သူမသိသည်ဟူ၍ ဒီလိုတိုးတက်မှုများသည် ဝူချန်းယွဲ့၏ မိုးကြိုးဒဏ်ကို ခံလိုက်ရခြင်းက စတင်လာခြင်း ဖြစ်သည်။
ဒါကိုတွေးမိသည့်အခါ လင်းချင်းသည် စိတ်ရှုပ်လာသည်။ အခြားဇွန်ဘီများသည် လူသားစားကာ ဇွန်ဘီအမြူတေများကို အင်အားအတွက် လိုအပ်သော်လည်း သူမကတော့ ဘယ်အမြူတေကမှ သူမအတွက် အကျိုးမရှိပေ။ သို့သော်လည်း မိုးကြိုးပစ်ချခံလိုက်ရတာက အလုပ်ဖြစ်သွားသည်။
‘ဘာလဲဟ? ဘာတွေဖြစ်နေတာလဲ? ငါအဲ့လူကို သွားရှာပြီးတော့ ငါအားကောင်းလာဖို့ မိုးကြိုးနဲ့ ပစ်ပေးပါဦးလို့ သွားပြောရမလား? နောက်နေတာလား?’
သူမ၏စာကိုဖတ်ပြီးသည့်အခါ ရှဲ့တုန်းသည်လည်း မျက်ခုံးများတွန့်သွားသည်။ ထို့နောက် လင်းချင်းအား မေးခွန်းများပြည့်နေသည့် မျက်လုံးဖြင့် ကြည့်လိုက်သည်။
လင်းချင်းသည် အဆင့်ငါးဇွန်ဘီကို မြင်တိုင်း ထွက်ပြေးနေကာ ဖြေရှင်းဖို့ မကြိုးစားပေ။ ရှဲ့တုန်းထင်သည်မှာ သူမကလည်း အဆင့်ငါးဇွန်ဘီလောက် သန်မာသည်။ သူမထွက်ပြေးနေခြင်းသည် သူမက တိုက်ပွဲကို ရှောင်ချင်၍သာ ဖြစ်လိမ့်မည်ဟု သူထင်သည်။ တိုက်ပွဲဖြစ်ပြီဆိုလျှင် သူတို့နှစ်ယောက်လုံး အထိနာမည်ဖြစ်ကာ ဆုံးရှုံးမှုက ကြေးကြီးလိမ့်မည်။
လင်းချင်းသည် သူ့အတွေးများကို မျက်လုံးထဲမှ မြင်သည့်အခါ စာရေးပြလိုက်သည်။
‘ငါက သူ့ပြိုင်ဘက် မဟုတ်သေးဘူး။ တိုက်ရင် ငါပဲရှုံးမှာ။ အခုဒုက္ခအပိုမရှာချင်လို့ဟေ့’
အဆင့်ငါးဇွန်ဘီကို လင်းချင်းသည် တိုက်ခိုက်မနေချင်ပေ။ သူမသည် မိသားစုကိုသာ ရှာချင်သည်။ မမျှော်လင့်သည့် အကြောင်းများသည် တိုက်လျှင် ဖြစ်နိုင်သည်။ ဉပမာ သူမသည် ရှုံးသွားပါက မလှုပ်မရှားနိုင်ဖြစ်ကာ ပြန်ကောင်းဖို့အတွက် အချိန်ကြာကြာယူရလိမ့်မည်။
သူမသည် မိသားစုအကြောင်းကို အခုအထိ မကြားရသေးပေ။ သူတို့ရှင်သလား သေသလားတောင် မသိရသေးပေ။ ထို့ကြောင့် စိတ်ပူနေရတုန်း ဖြစ်သည်။ ဒါပင်မယ့်လည်း သူမသည် ဇွန်ဘီဖြစ်နေပြီဆိုသည့် ခံစားချက်များကို ထိန်းချုပ်နိုင်သေးကာ တောင်ဘက်သို့သွားရှာမှာ ဖြစ်သည်။