လင်းချင်းသည် နွယ်ပင်များက ဇွန်ဘီမကို အလောင်းကောင်အဖြစ် ပြောင်းလိုက်သည်ကို မြင်သည့်အခါ သူမကိုရစ်ပတ်လာသည်နှင့် သူမ၏အစွမ်းများကိုလည်း စုပ်ယူတော့မလားဟူ၍ လန့်သွားတော့သည်။ သို့သော်လည်း မရှောင်နိုင်အောင်ကို နောက်ကျနေပြီ။
အရင်တစ်ခါလို သူမ၏ကိုယ်ကို ရစ်ပတ်လာသည့် နူးညံသည့်စွမ်းအားကို ခံစားရသည့်အခါ သူမ၏စိတ်သည် ငြိမ်သက်လို့သွားသည်။ ထိုအခိုက်အတန့်တွင် သူမ၏စွမ်းအားများကို စုပ်ယူသလို မခံစားရဘဲ ရင်းနှီးသ့် ထုံကျင်ခြင်းတို့က ခြေထောက်မှနေ ရောက်လာသည်။ ထိုနွယ်များသည် အရင်တစ်ခါကလို သူမ၏ကိုယ်ကို ပြန်လည်ကုသပေးနေတာ ဖြစ်သည်။
သူမထင်သလိုပင် နွယ်များသည် မျက်နှာကလွဲ၍ တစ်ကိုယ်လုံးကို ရစ်ပတ်လာသည့်အခါ သူမ၏စိတ်သည် မကြည်လင်တော့ပေ။ သို့သော်လည်း သူမသည် ထုံကျဉ်ကိုက်ခဲမှုတို့ကြောင့် နိုးနေသေးသည်။ ထို့နောက်တွင် သူမ၏ခေါင်းသည် ဖြည်းဖြည်းချင်းကိုက်လာသည်။ အစက ခေါင်းနောက်ရုံလောက် ဖြစ်သော်လည်း နောက်တော့ ခေါင်းပေါက်မလို ကိုက်ခဲခြင်းက ပိုပြင်းလာသည်။
ဒီတစ်ခါတော့ လင်းချင်းသည် အံကြိတ်ကာ မျက်လုံးကိုမှိတ်ထားရင်း နာကျင်မှုကို သည်းခံနေသည်။ သေတော့မသွားဘူးဆိုသည်ကို သိသော်လည်း နာကျင်မှုက ဆိုးဝါးလွန်းသည်။ အရင်တစ်ခါနှင့်ယှဉ်လျှင် ဒီတစ်ခါတော့ သူမစိတ်မာနေပြီ။ အရင်က နာကျင်လွန်းသဖြင့် ဘာလုပ်ရမှန်းမသိပေ။ အခုတော့ အကျိုးရှိမှာသိနေသဖြင့် ပျော်ရွှင်စွာဖြင့် အနာခံနေသည်။ ဒီလိုနည်းဖြင့် နာကျင်မှုသည် လက်ခံနိုင်စရာ ဖြစ်လာသည်။
သူမ၏ပျက်စီးနေသည့်ကိုယ်က ပြန်ကောင်းတော့မည်ကို တွေးမိသည့်အခါ လင်းချင်းသည် နာကျင်မှုကို ဂရုမစိုက်တော့ပေ။ နာကျင်မှုကို သည်းခံရင်းဖြင့် အချိန်များကုန်သွားသည်။ လင်းချင်းသည် ခေါင်းပေါက်မလို ဖြစ်နေသဖြင့် စက္ကန့်တိုင်းက ကြာလွန်းနေသလိုပင်။ သို့သော်လည်း သူမမေ့မျောနေချင်ရင်တောင် မရသဖြင့် ဒီလိုတစ်ချိန်လုံး အသိစိတ်က ကပ်လို့နေသည်။
နာရီဝက်လောက်ကြာသည့်အခါ လင်းချင်း၏ခေါင်းသည် ပေါ့လာသော်လည်း သူမအတွက်တော့ ငါးနှစ်လောက်ကြာသွားသလိုပင်။ နွယ်ပင်များသည် သူမကိုဖြေလျော့ပြီးသည်နှင့် အရင်ကလို ပျောက်သွားသည်။ နောက်ဆုံးမှ လင်းချင်းသည် သက်ပြင်းရှည်ချနိုင်တော့သည်။ ‘နောက်ဆုံးတော့ ပြီးသွားပြီ’
နွယ်ပင်များပျောက်သွားပြီး မကြာခင်တွင် လင်းချင်း၏မျက်ဝန်းနက်ထဲသို့ အစိမ်းရောင်တောက်တောက်အလင်းများသည် ဝင်သွားသည်။ အစိမ်းရောင်အလင်းများသည် သူမ၏မျက်စံများကို အစိမ်းရောင်ဖျော့ဖျော့လေးအဖြစ် ပြောင်းလဲလိုက်တော့သည်။ သို့သော်လည်း ထိုမျက်စံများသည် ခနအတွင်း ပြန်ပျောက်သွားကာ အရင်လို မျက်ဝန်းနက်များသာ ကျန်ခဲ့လေသည်။
နောက်ဆုံးတွင် လင်းချင်းသည် လှုပ်လို့ပြန်ရသွားသည်။ သူမသည် ခေါင်းကိုငုံ့ကြည့်လိုက်သည့်အခါ ထင်သလိုပင် အဝတ်များကပြဲသွားကာ မရှိတော့ပေ။ ကန်ရေထဲတွင် သူမ၏ပေါင်က ဒဏ်ရာများသည် လုံးဝပျောက်သွားကာ အသားအရောင်သည်လည်း ပြောင်းလဲသွားသည်ကို တွေ့ရသည်။ သို့သော်လည်း အသားအရောင်ကွဲနေခြင်းက အရင်လို အသားများမရှိခြင်းထက်တော့ အများကြီးပိုကြည့်ကောင်းပါသေးသည်။
ဗိုက်ကအပေါက်ကို ကြည့်လိုက်သည့်အခါ ထူးဆန်းသည်ကို တွေ့ရသည်။ သူမ၏ကလီစာများကို မမြင်ရတော့ပေ။ အရင်က ဗိုက်အပေါက်ထဲတွင် ကလီစာများကတွဲကျနေသေးသော်လည်း အခုတော့ ဘာမှမရှိတော့ပေ။ လင်းချင်းသည် သူမ၏ဗိုက်ကို အံ့သြစွာကြည့်နေသည်။ ‘ဘာလဲ? ဘာဖြစ်တာလဲ? ဘာဖြစ်လဲဆိုတာ ဘုရားပဲသိတော့မယ်။ ငါဘာမှစားဖို့ မလိုတော့ဘူးလား? ဟင်? ဒါပင်မယ့် ဗိုက်ဆာနေတုန်းပဲ’
သူမသည် ဗိုက်ကိုထိကြည့်လိုက်သည့်အခါ နူးညံ့သည့်မျက်နှာပြင်ကလွဲ၍ ဘာကိုမှ မခံစားရပေ။ သူမ၏ဗိုက်သည် အရင်လို ကလီစာတွေ ကျမနေတော့ဘဲ ဘာမှမရှိတော့ဘဲ ရှင်းနေပြီ။ သူမသည် ကန်ရေစိမ်းစိမ်းများကို ကြည့်လိုက်သည်။ သူမမေးချင်နေသည်မှာ ‘ငါ့ကို ဘာလုပ်လိုက်တာလဲ?’
သို့သော်လည်း သူမ၏ပြန်ကောင်းသွားသည့် ပေါင်ကိုကြည့်ကာ စိတ်ပူနေခြင်းကို ရပ်လိုက်သည်။ ဗိုက်ကိုနောက်တစ်ခေါက်ကြည့်ပြီးနောက် သူမ၏အသက်နှင့် ဘာမှမဆိုင်သဖြင့် ဒီတိုင်းထားဖို့ပဲ တွေးလိုက်သည်။ ထို့နောက် လက်များကို ကြည့်လိုက်သည့်အခါ ပြန်ကောင်းနေပြီကို မြင်ရသည်။ အခုတော့ သူမတွင် ဒဏ်ရာမရှိသည့် လက်တစ်စုံရလာပြီ။
ရုတ်တရက် သူမ၏လက်များကို မြှောက်လိုက်ကာ မျက်နှာကို ကြည့်လိုက်သည်။ သို့သော်လည်း သူမ၏မျက်နှာသည် တွန့်နေကာ ချို့င့်နေသည်တို့က ရှိနေသေးသည်။ မေးစရာမလိုအောင် သူမ၏မျက်နှာသည် ပျက်စီးနေဆဲပင်။ ကြည့်ရသည်မှာ ဒီတစ်ခေါက်ရလာသည့် စွမ်းအင်များသည် သူမ၏ခြေလက်တို့သာ ကုသနိုင်ပုံရကာ မျက်နှာနှင့်ကိုယ်ကို ကုသဖို့ မလောက်သည့်ပုံပင်။
သူမသည် စိတ်ညစ်စွာဖြင့် လက်ကိုချလိုက်သည်။ တကယ်တော့ အရမ်းစိတ်တော့ မညစ်ပေ။ သူမ၏ခြေလက်များက ပြန်ကောင်းနေသဖြင့် သူမပျော်နေတာ ဖြစ်သည်။ ထိုအပြင် ကန်ရေက ဘယ်လိုအလုပ်လုပ်သလဲ ဆိုသည်ကိုလည်း ပိုနားလည်နေပြီ။ ဒီလိုလုပ်ဖို့ သူမသည် နောက်အဆင့်မြင့် ဇွန်ဘီတစ်ကောင် ထပ်ရှာဖို့လိုသည်။
ဒီလိုတွေးပြီးနောက် ကမ်းစပ်သို့ သူမပြန်ကူးလာဖို့လုပ်သည်။ သူမလိုချင်သည်ကိုရပြီဖြစ်ရာ ရေထဲတွင် ဆက်နေခြင်းက ဘာအကျိုးမှမရှိပေ။ ကန်မျက်နှာပြင်ပေါ်သို့ သူမပြန်တက်လာသည်နှင့် ရေပေါ်တွင် မြောနေသည်ကို တွေ့ရသည်။ ထိုအရာက ကန်ရေကြောင့်သေသွားသည့် ဇွန်ဘီမပင်။ လင်းချင်းသည် ကိုယ်လုံးပြောင်ဖြစ်နေသည့် ဇွန်ဘီအလောင်းကိုဆွဲကာ ကန်စပ်သို့ ကူးလာသည်။
ကျွင်းကျွင်းနှင့် သူ့သားလေးသည် ကန်နားတွင် မရှိပေ။ သူတို့သည် နယ်မြေလေးထဲတွင်ရှိနေကာ ဒီကန်ထဲတွင် ဘာတွေဖြစ်ခဲ့သလဲကို သိပုံမရပေ။ လင်းချင်းသည် ရေကန်ထဲမှနေ ဇွန်ဘီမအလောင်းကိုဆွဲကာ တက်လာသည်။ ထို့နောက် ဝူယွဲ့လင်း၏ ကုတင်ဟောင်းလေးသို့ သွားလိုက်သည်။ ထိုကုတင်ပေါ်တွင် အဝတ်ပုံကြီးက အခုရှိနေသည်။ သူမသည် ဓားပြတွေဆီက လုလာသည့် လေ့ကျင့်ရေးဝတ်စုံကို ဝတ်လိုက်သည်။
အဝတ်ဝတ်ပြီးသည့်အခါ ကျွင်းကျွင်းတို့ဆီသို့ သွားလည်မနေဘဲ ဇွန်ဘီမအလောင်ကို ဂုတ်မှဆွဲကာ နယ်မြေထဲက ထွက်လာသည်။ သူမသည် အဆောက်အဦးပေါ်သို့ ပြန်ရောက်လာသည်။ ထိုဇွန်ဘီမကို ကြမ်းပြင်ပေါ်သို့ ချလိုက်ကာ သူမလည်းထိုင်ချပြီး ခေါင်းကိုခွဲလိုက်သည်။ မီးခိုးရောင်အရာများက ခေါင်းထဲက ထွက်လာသည်။ အမှန်တိုင်းပြောရလျှင် ထိုအရာများသည် ဦးနှောက်နှင့်တောင် မတူတော့ပေ။
လင်းချင်းသည် ဇွန်ဘီမ၏ အမြူတေကို ရှာလိုက်သည်။ သို့သော်လည်း မရှာခင် ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ မုန်တိုင်းကြောင့် ပျက်စီးနေသည်ကို မြင်လိုက်ရသဖြင့် အမြန်လုပ်လိုက်သည်။ သူမသည် မီးခိုးရောင်ဦးနှောက်များကိုဖယ်ကာ လက်မအရွယ် ဇွန်ဘီအမြူတေကို ထုတ်လိုက်သည်။ အမြူတေ၏အရောင်သည် စွမ်းအင်မရှိတော့သဖြင့် အရောင်ဖျော့သွားကာ သာမန်ဇွန်ဘီများလို အဖြူရောင်ဖြစ်နေသည်။
လင်းချင်းသည် ဇွန်ဘီအမြူတေထဲမှ အနွေးဓာတ်ကို သူမ၏လက်ဖျားများမှတစ်ဆင့် ခံစားလိုက်ရသည်။ သို့သော်လည်း ဒီအနွေးဓာတ်သည် အရင်လို တစ်ကိုယ်လုံးကို တစ်ပတ်မပတ်နိုင်ပေ။ ထို့နောက် သူမ၏လက်ထဲမှ ဇွန်ဘီအမြူတေသည် ပေါင်ဒါအမှုန့်အဖြူအဖြစ်ပြောင်းသွားတော့သည်။ ကြည့်ရသည်မှာ ကန်ရေ၏စုပ်ယူခြင်းကို မခံလိုက်ရသည့် လက်ကျန်လောက်သာ ဖြစ်လောက်သည်။ လင်းချင်းသည် အမှုန့်များကိုဖယ်ကာ ထရပ်လိုက်သည်။