၁၁၂။ ရန်သူကို ခိုးနားထောင်ခြင်း
အဆင့်ခြောက်လူသား၏ ရည်ရွယ်ချက်ကို သူမတွေးနေရင်း လင်းချင်းသည် သူတို့ကားနှစ်စီးအနားသို့ ရောက်လာသည်။ သူမသည် အနားသို့အရမ်းကပ်မသွားဘဲ ဆယ်မီတာလောက်တွင်သာ ပတ်ဝန်းကျင်ကို ကြည့်နေသည်။
သူမသည် ပတ်ဝန်းကျင်ကိုကြည့်ရင်း ဒီနေရာမှ လူသားအနံ့များကို လိုက်လာသည့် ဇွန်ဘီအချို့ကို တွေ့ရသည်။ လင်းချင်းသည် လေထဲမှ လူသားအနံ့များကို အနံ့ခံကြည့်သည့်အခါ အရမ်းမပြင်းသော်လည်း ကားထဲတွင်သာ ရှိနေသောကြောင့် ဖြစ်နိုင်သည်။ အနားက ဇွန်ဘီလောက်သာ ဒီအနံ့ကို ရကြတာဖြစ်သ်ည။ ထို့ကြောင့် ဒီကားအနားသို့ လူသားရှိမရှိ စူးစမ်းချင်နေသည့် ဇွန်ဘီသည် တစ်ကောင်နှစ်ကောင်လောက်သာ ရှိသည်။ သို့သော်လည်း ကားထဲကသေနတ်သမားများသည် သူတို့ကပ်မလာခင် ပစ်သတ်လိုက်ကြသည်။
အဝေးကဇွန်ဘီများသည် သေနတ်သံဖြင့် အာရုံစိုက်လာကြသည်။ သိပ်မများသည့် ဇွန်ဘီများသည် ဒီနေရာသို့ ဖြည်းဖြည်းချင်း ရွေ့လာကြပြီ။ လင်းချင်းသည် ဆယ်မီတာလောက်တွင်သာ နေရခြင်းမှာ ထိုကားအနားက ဇွန်ဘီအလောင်းများကြောင့် ဖြစ်သည်။ ကားနှစ်စီးသည် လက်နက်စုံအောင် တပ်ထားတာဖြစ်သည်။ လင်းချင်းသည် ထိုကားတွင် စစ်ဆေးစက်များက တပ်ထားမလား တွေးမိသည်။ ထိုကားသည် အနားသို့ကပ်လာသည့် ဇွန်ဘီသာမက လူသားများကိုပါ ပစ်ခတ်ဖို့ ထွင်ထားတာမျိုး ဖြစ်နိုင်သည်။ သူမသည် ဒီစက်တွင် မိသွားမလား မပြောတက်ပေ။
အဆင့်ခြောက် သဘာဝလွန်စွမ်းအားရှင်ကတော့ သူမကိုမရှာနိုင်သည်မှာ သေချာသည်။ အရင်ကလည်း အဆင့်၇ဖြစ်သည့် ဝူယွဲ့လင်း၏အဖေဆီမှာ သူမထွက်ပြေးနိုင်ခဲ့သောကြောင့်ပင်။ သူမသည် တစ်မီတာချင်းစီ ကားအနားသို့ ကပ်လာသည်။ သူမနီးလာသော်လည်း ဘာအချက်ပေးသံမှ ထမမြည်ပေ။ သူမသည် နှစ်မီတာလောက်ရောက်လာသည်တောင် ကားထဲက လူများက မလှုပ်ရှားကြသေးပေ။
ထိုအခါမှ လင်းချင်းသည် ကားနှစ်စီးအနက် တစ်စီးဆီသို့ လျှောက်သွားရဲတော့သည်။ သူမသည် အချက်ပေးသံတပ်မတပ် သိချင်သောကြောင့် ကားကိုရဲရဲတင်းတင်း ထိကြည့်လိုက်သည်။သို့သော်လည်း သူမသည် ကိုယ်ပျောက်နေသည့်အချိန်တွင် ဘယ်စက်ကမှ သူမကို မတွေ့နိုင်ကြောင်းကို သိလိုက်ရသည်။
ထို့ကြောင့် သူမသည် စိတ်ပူစရာ မလိုတော့ပေ။ ဒီလူများမှ သူမကိုမမြင်နိုင်တာ။ ထို့ကြောင့် လင်းချင်းသည် ကားအမိုးပေါ်သို့ တွယ်တက်သွားလိုက်သည်။ ကားသည် ဘီးမှနေ အမိုးအထိ သံထည်များဖြင့် သေချာပြင်ဆင်ထားလေရာ ဇွန်ဘီတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည်။ လင်းချင်းသည် သွက်လက်စွာ တက်သွားကာ ပြန့်ပြူးသည့်နေရာတွင် လှဲချလိုက်သည်။ သူမကိုယ်သည်ပေါ့ပါးကာ လှုပ်ရှားမှုများကလည်း ညင်သာသဖြင့် ကားထဲကလူများသည် သူမရှိကြောင်းကို မသိကြပေ။ ကားအမိုးပေါ်တွင် လေပေါက်တွေ့လေရာ ထိုလေပေါက်ကိုနားကပ်ကာ အထဲကစကားများကို နားစွန့်ကြည့်သည်။
သို့သော်လည်း ကားထဲမှ စကားသံမကြားရကာ တိတ်ဆိတ်နေသည်။ သူမသည် စက်သံနှင့် အသက်ရှုသံတို့အပြင် ဘာမှမကြားရအောင် တိတ်ဆိတ်နေသည်။ ဘယ်သူမှမပြောသည့်အခါ ဒီကားသည် အမိန့်ပေးမည့်ကား မဟုတ်လောက်ပေ။ ပုံမှန်ဆိုလျှင် ကားထဲတွင်အမိန့်ပေးသူက ရှိနေတက်သည်။
လင်းချင်းသည် ခနစောင့်သော်လည်း ဘာမှမကြားသဖြင့် ထရပ်ကာ နောက်ကားတစ်စီးဆီသို့ သွားလေသည်။ ထိုကားသည် နှစ်မီတာလောက် အကွာတင်သာရှိလေသည်။ ထို့နောက် သူမသည် ကားအမိုးပေါ်တက်လိုက်ကာ အရင်လိုလုပ်ပြီး နားစွန့်လိုက်သည်။
“ဟိုတယ်လိုအဆောက်အဦးထဲမှာလား? သေချာလား?”
သူမသည် ကားထဲမှ အသံကြားရသည်။ ကြည့်ရသည်မှာ ဒီလူသည် လက်အောက်ငယ်သားများကို အမိန့်ပေးညွှန်ကြားနေသူ ဖြစ်လိမ့်မည်။
“အင်း. . .နေရာကို အတည်ပြုပြီးရင် သေချာကြည့်ထား။ ငါတို့လာ. . .ဘာ? အဆင့်လေးစိတ်စွမ်းအားဇွန်ဘီ? ဘာဖြစ်လို့ အခုမှသတင်းပို့တာလဲ?. . .ဟုတ်ပြီ။ ငါသိပြီ။ လေစွမ်းအားတစ်ကောင်ရော ရလိုက်လား? . . .မရဘူးလား?. . .ထားလိုက်တော့။ သူတို့သာ သေချာကြည့်ပြီး မင်းတို့ကို သတိမထားမိစေနဲ့” ထိုလူသည် စကားပြောပြီးသွားသည့်အခါ သူ့ဘေးကလူအား “ကားစက်နိုးတော့. . .သွားကြမယ်”
“ဟုတ်ကဲ့” ကားမောင်းသူသည် ပြန်ဖြေပြီးနောက် ကားသည် ဟိုတယ်ရှိရာသို့ ဖြည်းဖြည်းချင်း မောင်းသွားသည်။
ထို့နောက် ညွှန်ကြားရေးမှူးသည် ကားမောင်းသူအား
“သူတို့က တွေ့ပြီပြောတယ်။ တူယွမ်ရှင်းနဲ့ သူ့လူတွေက အရှေ့ကမီတာသုံးရာလောက်က ဟိုတယ်လို အဆောက်အအုံမှာ”
“ဟိုတယ်လား?” နောက်တစ်သံထွက်လာသည်။ “ငါဒီနေရာကို မှတ်မိတယ်။ ခေါင်းဆောင်ဟောင် အဆင့်လေးဇွန်ဘီဆိုတာကို တူယွမ်ရှင်းတို့ သတ်လိုက်တာလား?”
“ဒါဆိုရင်. . .လေစွမ်အားဇွန်ဘီကရော?” ဒုတိယစစ်သားက မေးသည်။ “သူတို့လေစွမ်းအားကောင်ပါ သတ်လိုက်တာလား?”
ဟောင်ဝူက ခေါင်းခါကာ ပြောသည်။ “ငါမေးပြီးပြီ။ မဟုတ်ဘူးတဲ့။ သူတို့က စိတ်စွမ်းအားဇွန်ဘီပဲတွေ့တာ။ ယန်ချောင်း စိတ်ရှည်စမ်းပါ။ လေစွမ်းအားကောင်က အဝေးကြီးမပြေးလောက်သေးပါဘူး။ သူတို့ကိုအရင်ရှင်းပြီးမှ ရှာကြရအောင်”
ယန်ချောင်းသည် ရွေးချယ်စရာမရှိတော့သဖြင့် ပြုံးကာ “မင်းမှန်တယ် မှန်တယ်။ မင်းပြောသလို အရင်လုပ်ကြတာပေါ့။ ဟိုမိန်းမကို အရင်သတ်ရမယ်။ ဒါပင်မယ့် ဘာဖြစ်လို့ သတ်ဖို့လိုတာလဲ? လင်းဝမ်ဝမ်နဲ့ ရင်းနီးတာသိပင်မယ့် လင်းဖန်းတို့က အိမ်မရှိတဲ့ ခွေးတွေလိုပဲကို သူတို့ခေါင်းဆောင်ယန်ဆီက ပြေးလို့လွတ်မသွား ငါမသိဘူး။ ဒီမိန်းမက တနေ့ သူတို့နဲ့သွားပေါင်းမှာကို မင်းကြောက်နေတာလား?”
“မင်းသိလား?” ဟောင်ဝူက အထင်သေးစွာပြောသည်။ “လုံချင်းယင်ရဲ့ အစွမ်းက ဘာလဲဆိုတာကို?”
“သိတယ်။ သတ္တူစွမ်းအားရှင်မလား?” ယန်းချောင်းက မေးသည်။
“ဟုတ်တယ် သတ္တူ။ ဒါပင်မယ့် ဘယ်လောက်အဖျက်စွမ်းအားရှိလဲသိလား? မီတာရာချီတဲ့လမ်းတွေကို ငါးမိနစ်အတွင်း ဖျက်စီးပစ်နိုင်တယ်။ အဲ့ဒါကြောင့် အဆင့်သာတက်သွားရင် ဘာဖြစ်မလဲ တွေးကြည့်ပါလား? လင်းဝမ်ဝမ်အတွက် လက်စားလာချေမှာမလား? ပြီးတော့ လင်းဖန်တို့မိသားစုက ရှင်နေသေးရင် သန်မာလာတာနဲ့ ပြန်လာမှာ။ ဒါဆိုရင် လုံချင်းယင်ရဲ့ သတ္တူစွမ်းအားနဲ့သာဆိုရင် ဘာဖြစ်မယ်ထင်လဲ?” ဟောင်ဝူက ပြောသည်။
ယန်ချောင်းသည် ခနတွေးပြီးနောက် လုံချင်းယင်က စခန်းက သတ္တူတိုင်းကို သူမ၏လက်နက်အဖြစ်ပြောင်းပစ်နေပုံကို မျက်လုံထဲမြင်ယောင်လိုက်သည်။ ဒါသည် တွေးကြည့်ရုံနဲ့တောင် အရမ်းကြောက်ဖို့ကောင်းနေပြီ။