၁၁၃။ အချက်ပေးစနစ်ကိုဖျက်လိုက်
သဘာဝလွန်စွမ်းအားရှင်များသည် အဆင့်ငါးကိုကျော်လွန်ဖို့ အရမ်းခက်ခဲသည်။ ဇွန်ဘီအမြူတေ အများကြီးကတောင် အဆင့်ခြောက်ကို ရောက်ဖို့ မဖြစ်နိုင်ပေ။ ထိုလူ၏စွမ်းအားသည် ဇွန်ဘီအမြူတေများထက် ပိုများနေသောကြောင့် ဖြစ်သည်။ ဇွန်ဘီအမြူတေများထဲမှ သူ့စွမ်းအားနှင့်တူသည့် အမြူတေကသာလျှင် အကျိုးသက်ရောက်မှုပိုရှိတာ ဖြစ်သည်။
ဉပမာ ယန်ချောင်းသည် အဆင့်လေးထိပ်ဆုံးလေစွမ်းအားရှင်ဖြစ်သည်။ ထို့ကြောင့် အဆင့်ငါးကိုရောက်ရန် သူသည် လိုအပ်သည့် စွမ်းအားကို မရသေးတာ ဖြစ်သည်။ ထို့ကြောင့် တူယွမ်ရှင်းတို့အဖွဲ့ကိုသတ်ကာ အဆင့်လေးဇွန်ဘီအမြူတေကို ယူရန်စီစဉ်ထားတာ ဖြစ်သည်။ သူသည် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ အဆင့်ငါးသို့ အရမ်းရောက်ချင်နေသည်။
“ဒါပင်မယ့် အဆင့်ငါးကနေ တက်ဖို့ဆိုတာက အရမ်းခက်တာ။ လုံချင်းယင်က အဆင့်ခြောက်တို့ အဆင့်ခုနစ်တို့ကို ရောက်နိုင်ပါ့မလား? ငါတော့မယုံချင်ဘူး” ယန်ချောင်းသည် ပြောသည်။
“ကျူပင်ခုတ်ရင် ကျူငုတ်ပါမကျန်ရဘူးဆိုတာကို နားလည်တယ်မလား? လုံချင်းယင်ကိုပဲ စိတ်ပူရမှာမဟုတ်ဘူး။ ငရဲမီးနဲ့ သူ့မိသားစုတို့နဲ့ ရင်းနှီးတဲ့သူတိုင်းကို ရှင်းထားဖို့လိုတယ်။ ဒါပင်မယ့် ဒါကပါတို့ပူစရာ မဟုတ်ပါဘူး။ ငါတို့လုပ်ဖို့လိုတာဆိုလို့ ဒီလူတွေဆီက သတင်းအချက်အလက်ကို များများစုဆောင်းဖို့ပဲ” ဟောင်ဝူက သူ့ကိုကြည့်ကာ ပြောသည်။
ယန်ချောင်းသည် သူအများကြီးပြောမိသွားသဖြင့် စိုးရိမ်လာကာ ပြုံးပြလိုက်ရင်း “ဟုတ်ပြီ။ ဟုတ်ပြီ။ ငါနားလည်ပါတယ်။ ငရဲမီးခေါင်းဆောင်ရဲ့ မိသားစုနဲ့ အဆက်အသွယ်ရှိတဲ့ လူတိုင်းအကြောင်းတို့ သူ့ရဲ့သစ္စာရှိလူတို့ကို သိရတာနဲ့ မင်းကိုသတင်းပို့မှာပါ”
“ခေါင်းဆောင်ယန်နောက်သာလိုက် မင်းလိုတာရလိမ့်မယ်။ ဒါကသွားသင့်တဲ့လမ်းပဲ။ တကယ်လို့ အရင်ငရဲမီးခေါင်းဆောင်ဟောင်းသာ ငါတို့နဲ့လက်တွဲလုပ်နိုင်ရင် လူတိုင်းက ပိုကောင်းတဲ့ဘဝရမှာ။ ဒါပင်မယ့် အဲ့မိန်းမက ငြင်းလိုက်တော့ အကျိုးဆက်ကို ခံရတာပေါ့” ဟောင်ဝူက ပြောသည်။
ယန်ချောင်း၏မျက်နှာသည် ပျက်ယွင်းသွားသော်လည်း မချိပြုံးပြုံးလိုက်ရကာ ခေါင်းငြိမ့်ပြရင်း “မင်းမှန်ပါတယ်။ မှန်တယ်” သို့သော်လည်း စိတ်ထဲမှာတော့ ကျိန်ဆဲနေမိသည်။ ‘ချီးပဲ! အလုပ်အတူလုပ်ရမယ်? အပြောတော့ကောင်းသား! ငါတို့စခန်းကို မင်းတို့ပေါင်းပစ်စေချင်နေတာများ! ငါတို့ခေါင်းဆောင်ကို ငတုံးမများ ထင်နေလား? သဘောတူရင်တောင်မှ စခန်းက မင်းတို့အပိုင်ဖြစ်မလာဘူးကွ! ငါသာအားနည်းမနေရင် မင်းတို့ကို ဒီလိုခေါင်းငုံခံနေမှာ မဟုတ်ဘူး!’
သူတို့စကားကိုနားထောင်ရင်း လင်းချင်းသည် ကားသွားရာဘက်သို့ အာရုံစိုက်ထားလိုက်သည်။ ယန်ချောင်း၏ စိတ်ခံစားချက် အပြောင်းအလဲကို သူမထူးဆန်းသလို ခံစားရသည်။ သူသည် စိတ်ထဲကတွင် အပျက်သဘော အတွေးများရှိနေသော်လည်း အဆင့်ခြောက်လူရှေ့တွင် ဟန်ဆောင်ပြုံးကာ ခေါင်းငုံနေသေးသည်။ ယန်ချောင်းသည် လေစွမ်းအားအမြူတေကိုသာ စိတ်ဝင်စားပုံရသည်။
အဆင့်ခြောက်လူ၏ စကားများသည် တစ်ဖက်လူများကို သူ့ဘက်သို့ဆွဲဆောင်ရာတွင် တော်လွန်းသည်ဟု ခံစားရသည်။ သူတို့သာ လုံချင်းယင်ကို လွှတ်ပေးထားလျှင် သူမသန်မာလာပါက စခန်းအတွက် အန္တရာယ်ရှိသည်။
ထို့ကြောင့် လင်းချင်းသည် သူမထွက်သွားလျှင် လုံချင်းယင်ကိုပါ အပါခေါ်ရမည်ဟု တွေးလိုက်သည်။ သူမ၏မိသားစုကို ထိခိုက်အောင် မလုပ်ဘူးဟု ယုံကြည်သဖြင့် မေးနေဖို့တောင် မလိုတော့ပေ။ ဒီအတွေးဖြင့် လင်းချင်းသည် သံချပ်ကာကားပေါ်တွင် ကိုယ်ပြန်ဖော်လိုက်တော့သည်။
သူမပေါ်လာသည်နှင့် ကားအချက်ပေးသံများသည် မြည်လာသည်။ လင်းချင်းသည် အချက်ပေးသံများကို လျစ်လျူရှုကာ လက်သည်းများကို ထုတ်လိုက်ပြီးနောက် ကားပေါ်က အချက်ပေးစက်များကို ဖျက်စီးတော့သည်။
ထိုအခါကားထဲက လူများထံမှ အသံများဆူညံ့စွာ ထွက်လာသည်။
“အချက်ပေးသံတွေက ဘာဖြစ်တာလဲ?”
“ခေါင်းဆောင်ကြီး. . .အချက်ပေးသံအရ အနားမှာ ဇွန်ဘီရောက်နေပြီ။ အဆင့်မြင့်ကောင် အဆင့်လေးနဲ့ အထက်ပဲ။ ပြီးတော့ အရမ်းနီးနေပြီ!”
“ခေါင်းဆောင်ကြီး ငါးမီတာပိုးစစ်စက်က ပြန်သွားပြီ။ ပြီးတော့ ဆယ်မီတာစက်ရော. . .ပြီးတော့. . .”
“ခေါင်းဆောင်ကြီး အဓိကပိုးစစ်စက်လည်း ပျက်သွားပြီ!”
“ခေါင်းဆောင်ကြီး. . .”
သူ့စစ်သားများ၏ သတင်းပို့ချက်များကို နားထောင်နေရင်း ဟောင်ဝူသည် စိတ်မရှည်တော့ကာ “ငါသိတယ်။ ကားအမိုးပေါ်က ဆူညံ့သံတွေတောင်မှ ငါမကြားဘူးထင်နေလား? အဆင့်မြင့် ဇွန်ဘီက ငါတို့ကားအမိုးပေါ်တောင် ရောက်နေမှတော့ ဒီစက်တွေကို ဘာဖြစ်လို့ လိုနေဦးမှာလဲ”
ဘယ်စစ်သားမှ အသံမထွက်ရဲတော့ပေ။ ထိုအချိန်တွင် စကားပြောစက်မှ အသံထွက်လာသည်။ ကင်းထောက်ခေါင်းဆောင်၏ အသံမှာ “ခေါင်းဆောင် ကျွန်တော်တို့ကို သူတို့တွေ့သွားပြီ ထင်တယ်။ သူတို့အခု အရှေ့ဘက်ကို သွားနေတယ်”
“ငါလာပြီ” ဟောင်ဝူသည် စကားပြောစက်ကို ကိုင်ကာ ပြောလိုက်သည်။
ထို့နောက် စကားပြောစက်ကို လွှတ်ပစ်လိုက်ကာ နောက်ကိုလှည့်ပြီး “တံခါးဖွင့်လိုက်။ ငါထွက်တော့မယ်။ တိုက်ခိုက်ရေးအဖွဲ့ကိုလည်း လှုပ်ရှားခိုင်းတော့”
“ဟုတ်ကဲ့”
လင်းချင်းသည် အချက်ပေးစက်အကုန်လုံးကို ဖျက်စီးပြီးသည့်အခါ သူမသည် ကိုယ်ပြန်ဖျောက်လိုက်သည်။ သူမသည် ကိုယ်ပျောက်သွားသည့်အခါ ကားတံခါးပွင့်လာသည်ကို တွေ့လိုက်သည်။ ထို့နောက် အသက်သုံးဆယ့်ငါးနှစ်လောက်ရှိသည့် ရွက်ကြမ်းရေကျိုဖြင့် လူကြီးတစ်ယောက်သည် ကားထဲမှစစ်စိမ်းရောင် အကျီနှင့်ဘောင်းဘီကို ဝတ်ထားလျှက် ထွက်လာသည်။
သူသည် မီးနဂါးတစ်ကောင်လိုမျိုး အနီရောင်ရင့်ရင့် မီးများကို ပတ်ဝန်းကျင်ကဇွန်ဘီများဆီသို့ ထုတ်လွှတ်လိုက်သည်။ မီးနဂါးလိုမီးများသည် ဇွန်ဘီများကို မီးတိုက်သွင်းကာ မိုးပေါ်သို့တောင် လွင့်ပျံသွားစေသည်။ ဒီမီးသည် မတရားပြင်းလေရာ ဇွန်ဘီများသည် လေထဲတွင် ပြာကျကုန်တော့သည်။
လင်းချင်းသည် အနားကသစ်ပင်ပေါ်တွင် ရပ်နေတာဖြစ်သည်။ မီးကိုမြင်သည့်အခါ သူမသည် အပူချိန်ကို မခံစားရသော်လည်း သူမ၏ပါးစပ်၊နှာခေါင်းနှင့် ဦးနှောက်များမှ မကောင်းသည့် ခံစားချက်ရသဖြင့် သူမအရမ်းအဆင်မပြေဖြစ်လာသည်။ ထို့ကြောင့် သူမသည် နောက်ကိုဆုတ်လိုက်မိသည်။
ထို့နောက် ဒီလူသည် အရိပ်တစ်ခုလိုမျိုး လျင်မြန်စွာ ပြေးသွားသည်ကို မြင်လိုက်ရသည်။ လေစွမ်းအားရှင်လိုမျိုး လျှင်မြန်စွာ ပြေးသွားတာ ဖြစ်သည်။ ဒီလူထွက်သွားသည်နှင့် အခြားကားမှ တံခါးသည်ဖွင့်လာကာ သေနတ်ဖြင့်စစ်သားများသည် ထိုလူသွားသည့်နောက်သို့ အထင်ကြီးလောက်စရာ အလျင်ဖြင့် လိုက်သွားကြသည်။
လင်းချင်းသည်လည်း စစ်သားများအနောက်မှ အရှိန်မြှင့်ကာ အမြန်လိုက်သွားသည်။ ဒီရှေ့ဆုံးကလူသည် သူတို့ပြောနေသည့် ခေါင်းဆောင်ကြီးဆိုတာ ဖြစ်လိမ့်မည်။
ထိုအချိန်တွင် တူယွမ်ရှင်းနှင့် သူ့လူများသည် လင်းချင်းထားခဲ့သည့် ဟိုတယ်မှနေ နောက်လမ်းသို့ ကားမောင်းပြေးကြလေပြီ။ လုံချင်းယင်သည် ကားအမိုးပေါ်တွင်ရပ်နေကာ လက်တစ်ဖက်ကို မြှောက်ထားသည်။ သံဆူးချွန်ဆယ်ပေါင်းများစွာက သူမ၏လက်ဝါးရှေ့တွင် မျောပါနေသည်။
ဇွန်ဘီများက ကားနှင့်နီးလာသည်နှင့် သံစူးချွန်များသည် ခေါင်းသို့သွားထိုးစိုက်ကာ အသေသတ်ရင်း တားထားသည်။ လူသားရန်သူများက သူတို့မျက်နှာကို ပြသည့်အခါ လုံချင်းယင်၏ တိုက်ခိုက်မှုသည်လည်း သူတို့ဆီသို့ ချက်ချင်းရောက်လေသည်။ သူမ၏ သံစူးချွန်များသည် ရန်သူ၏ သေစေနိုင်သည့် ကိုယ်အပိုင်းများသို့ အညှာအတာကင်းစွာ တိတိကျကျဝင်သွားသည်။
ကားမောင်းပြီးသိပ်မကြာခင်တွင် ကားနားက အပူချိန်သည် ရုတ်တရက်မြင့်လာသည်။
ဘုန်း!!!
မီးနဂါးကြီးတစ်ကောင်သည် လမ်းဘေးမှပေါ်လာကာ တူယွမ်ရှင်းတို့ကားကို အုပ်မိုးလိုက်သည်။