May Honey Logo May Honey
Previous Next

၇၃။ စိုက်ခင်းကိုဖြတ်ခြင်း

လင်းချင်းမှာ ကားမောင်းနေရင်း စိုက်ခင်းတစ်ခုကို မြင်သည့်အခါ သူမ၏အာရုံကို ဖမ်းစားနိုင်သွားသည်။ ဒီမြို့သည် ဂျောင်ကျသည့်နေရာဖြစ်သောကြောင့် ကမ္ဘာပျက်တည်းက ဘယ်သူမှမလာတော့တာ ဖြစ်သည်။ ဒီမြို့၏လူအများစုသည် ဇွန်ဘီအဖြစ်ပြောင်းသွားကြကာ ရှင်ကျန်သူများကလည်း ထွက်ပြေးကုန်ကြပြီ။ ထို့ကြောင့် ဒီနေရာသည် ဘာမှမရှိဘဲ ကျန်ခဲ့သည်။

အစတုန်းက လင်းချင်းသည် စတိုးဆိုင်ထဲမှာ အသုံးဝင်သည့် ပစ္စည်းအများကြီးကို တွေ့ခဲ့သည်။ သူမအခုမောင်းနေသည့်လမ်းသည် မြို့အနောက်ဘက်တွင် ဖြစ်သည်။ မမျှော်လင့်သည်မှာ စိုက်ခင်းကြီးကို ဖြတ်မောင်းရလိမ့်မည်ဟု ဖြစ်သည်။ အတိအကျပြောရလျှင် ဒီလောက်ကြီးသည့် စိုက်ခင်းကို မြို့အနောက်ဘက်တွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိခြင်းသာ။

သူမသည် ကားကိုလမ်းဘေးတွင် ထိုးရပ်လိုက်ကာ ကားပြတင်းပေါက်ကနေ ခေါင်းထုတ်ကြည့်လိုက်သည်။ ထိုအခါ အစိမ်းရောင်အပင်များအပြည့်ကို သူမ၏မျက်လုံးထဲတွင် အဖြူအမဲအဖြစ် မြင်ရသည်။ ဖန်လုံအိမ်တွင် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များလည်း တွေ့ရသည်။ အချိန်ကြာမြင့်စွာ စွန့်ပစ်ထားသဖြင့် ပလတ်စတစ်များတောင်ပြဲကျနေကာ ဘောင်သာရှိတော့သည်။

သို့သော်လည်း ဟင်းသီးဟင်းရွက်အများစုမှာ ဒီဘောင်များအောက်တွင် ဆန့်ကျင်စွာ ကြီးထွားလျက်ရှိသည်။ ဖန်လုံအိမ်တစ်ခုစီတွင် တစ်မျိုးစီဖြစ်ရာ နှစ်ဧကလောက်ကျယ်သည့် လယ်ကွင်းတစ်ခုလုံးကို စိုက်ပျိုးထားခဲ့တာဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ပဲ၊ အာလူး၊ မြေပဲနှင့် အခြားအသီးများရှိသော်လည်း ဝမ်းနည်းဖို့ကောင်းသည်မှာ ၉၀ရာခိုင်နှုန်းလောက်သည် သန္ဓေပြောင်းနေပြီ ဖြစ်သည်။

သူမသည် အရောင်မမြင်ရသော်လည်း အပင်များထဲမှ ပိုးကိုတော့ ခံစားမိသည်။ အခုဆိုလျှင် ကန်ရေထဲက စွမ်းအင်သာမက အခြားအရာများစွာကိုလည်း အာရုံခံမိနေပြီဖြစ်သည်။ ရေကန်အောက်တွင် ဖြစ်ခဲ့ခြင်းကြောင့် အခုလိုမျိုးလုပ်နိုင်လာတာ ဖြစ်သည်။ သို့သော်လည်း သေချာတော့ မပြောနိုင်ပေ။

သူမသည် ကားပေါ်ကဆင်းလိုက်ကာ ဝူယွဲ့လင်းအား နယ်မြေထဲသို့ ပို့လိုက်ပြီးနောက် ကျွင်းကျွင်းကို နယ်မြေလေးထဲမှ ခေါ်ထုတ်လာသည်။ ကျွင်းကျွင်းကို ဝူယွဲ့လင်းနယ်မြေထဲတွင် ရှိနေစဉ်တွင် အပြင်သို့ထွက်လာရန် စည်းမျဉ်းချပေးထားသည်။ သူမဝင်ချင်လျှင်တော့ လင်းချင်းက ကလေးမလေးကို အပြင်ခေါ်ပေးထားမှာ ဖြစ်သည်။ 

ဒီစည်းကြောင့် ကျွင်းကျွင်းလည်း လင်းချင်းကို ပိုယုံသွားသည်။ ထို့ကြောင့် သူ့သားအား နယ်​မြေထဲတွင် စိတ်ချလက်ချထားခဲ့ကာ လင်းချင်းနောက်သို့ လိုက်လာသည်။ သူမအပြင်ထွက်သည်နှင့် သူတို့သည် လမ်းဘေးတွင် စိုက်ခင်းကြီးကို မျက်နှာမူလျက် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမ၏အမြင်အရတော့ ကမ္ဘာကြီးသည် အရောင်မဲ့နေဆဲဖြစ်သည်။

လင်းချင်းကို သူမနားမလည်စွာ ကြည့်သည့်အခါ သူမကို စာပေးသည်။   ‘ဒီမှာနေ။ ငါအောက်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်။ ဒီမှာသတိထားနေ။ တကယ်လို့ လူတွေရောက်လာရင် ပုန်းရင်ပုန်း မဟုတ်ရင် ငါ့ကိုလာရှာ’

ထို့နောက်တွင်တော့ လင်းချင်းသည် ဟင်းရွက်ခင်းထဲသို့ ပြေးသွားသည်။ ဒီစိုက်ခင်းသည် ဂရုမစိုက်ဘဲ ပစ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ပေါင်းပင်များက ကြီးထွားနေကာ အမှိုက်ခင်းကြီးလို ဖြစ်နေသည်။ 

လင်းချင်းရောက်သွားသည်နှင့် သူမ၏အာရုံကို ပထမဆုံးယူသွားသည်မှာ ကုန်းမြင့်ပေါ်က အသီးများသာ။ အောက်တွင် ဟင်းရွက်များကို တွေ့ရသည်။ ဒီဟင်းရွက်များကို လာကြည့်သည်မှာ သန္ဓေမပြောင်းသေးသည့် စားရမည့်အရာများ ရှိမလားဟူ၍ ဖြစ်သည်။

အခုဆိုလျှင် သူမ၏နယ်မြေထဲတွင် လူတွေရှိနေပြီဖြစ်သည်။ တစ်ယောက်တည်းတောင် မဟုတ်တော့ပေ။ သူမသည် စတော်ဘယ်ရီသီးပဲ ဒီကလေးများကို ကျွေးတော့ မထားသင့်ဘူးမလား? အရေးကြီးသည်မှာ အပေါ်ကအသီးများထဲတွင် စားလို့ရမည့်အနံ့တစ်ခုကို သူမရလိုက်၍ ဖြစ်သည်။ ဆိုလိုသည်မှာ သတ္တဝါတစ်ကောင်ရှိနေခြင်းပင်။

အရင်တည်းက ယုန်နှင့်ကြွက်များ စားပြီးတည်းက မစားရသေးသည်မှာ ကြာပြီဖြစ်သည်။ အစာပြတ်လတ်နေခြင်းသည် သူမ၏ကိုယ်ကို မထိခိုက်စေသော်လည်း အမြဲတမ်း သွားကတော့ ယားနေသည်။ လည်ချောင်းခြောက်သည်။ ဗိုက်ကတဂွီဂွီမြည်နေသည်။ ဝူယွဲ့လင်းနှင့် တနေ့လုံးနေရသဖြင့် အသားစားချင်နေသည်။

သူမသည် ဟင်းရွက်များနှင့် ပေါင်းပင်များကို နင်းကာဖြတ်သွားသည်။ အနည်းငယ်လျှောက်ပြီးနောက် မြေပြင်တွင် နွယ်များစွာတွေ့ရသော်လည်း အများစုမှာ ပိုးရှိနေပြီးသားပင်။ သူမသည် ဖရုံနွယ်များကို ထိုင်ကြည့်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် အသီးနှင့် အရွက်များကို မီးခိုးရောင်အဖြစ် မြင်နေရသည်။ နွယ်များကိုတော့ အနက်ရောင်တွင် ခရမ်းပုပ်ရောင်သန်းနေသည်ကို တွေ့ရသည်။

ခရမ်းပုပ်ရောင်မှာ ပိုးကိုမြင်နေရကြောင်း သူမသိသည်။ အရင်က ပိုးကိုမမြင်ဖူးသော်လည်း အခုတော့ မြင်ဖူးလေပြီ။ ရေကန်၏စွမ်းအင် အစိမ်းရောင်တောက်တောက်အပြင် အခုတော့ သူမသည် လူသားများမမြင်နိုင်သည့် နောက်အရောင်တစ်ခုကို မြင်နိုင်သည်။

ထူးဆန်းသည်မှာ ဖရုံသီးများနှင့်အရွက်များသည် ပိုးကင်းနေခြင်းပင်။ ပိုးသည် နွယ်များတွင်သာ ရှိသည်။ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ? ဖရုံသီးများ၏ ထူးဆန်းခြင်းကို ကြည့်နေရင်းဖြင့် လင်းချင်းသည် လက်သည်းဖြင့် ကုတ်ကြည့်လိုက်သည်။ ဖရုံသီးများသည် အရင်ကလို အရွယ်အစားသာ ဖြစ်သည်။ မတူညီသည်မှာ ရွံ့ဖို့ကောင်းသည့် အစင်းကြောင်းလိမ်လိမ်များက အသီးအခွံတွင် ရှိနေခြင်းသာ။

လင်းချင်းသည် ဖရုံသီးကို လက်နှစ်ဖက်ဖြင့် ထိကြည့်ပြီးနောက် ပိုးကင်းတာ သေချာကြောင်း အတည်ပြုလိုက်သည်။ အခွံတွင်တွန့်လိမ်နေခြင်းမှာ လူတစ်ယောက်၏ မျက်နှာကြီးရှုံ့တွနေသလိုပင်။  ဘယ်လူသားကမှ ဒီဖရုံသီးကို စားရဲမှာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်သွားတည်းက ‘ထူးဆန်းသည့် သန္ဓေပြောင်းပင်များကို မထိနှင့်’ဆိုသည်က အခြေခံအသိဖြစ်လာသောကြောင့် ဖြစ်သည်။ ရှင်ကျန်သူများက ဇွန်ဘီပိုးမကူးချင်သဖြင့် ဘယ်အပင်ကိုမှ မထိရဲကြတော့ပေ။

လင်းချင်းသည်လည်း ဒီဇွန်ဘီခေတ်က အပင်များသည် ထူးဆန်းသည်ဟု ခံစားရသည်။ လုံးဝကို ပုံမှန်မဟုတ်သည်ဟု ထင်ရသည့် သန္ဓေပြောင်းပင်များသည် အဆိပ်မရှိကြတာ ဖြစ်သည်။ ဉပမာ သူမ၏နယ်မြေထဲက စတော်ဘယ်ရီသီးလို ဖြစ်သည်။ အခုသူမ၏မျက်စိရှေ့မှ ဖရုံသီးများသည်လည်း နွယ်တွင်သာ ပိုးရှိပြီး အသီးတွင်မရှိသဖြင့် လူသားများစားရန် သင့်တော်သည်။ နွယ်တွေကိုသာ မထိလျှင် အဆင်ပြေမှာ ဖြစ်သည်။

တချိန်တည်းတွင် အချို့အပင်များသည် ပုံမှန်ဟု ထင်ရသော်လည်း ဟုတ်မနေပေ။ လင်းချင်းသည် သူမ၏ဘေးမှ ဘူးပင်ကို ကြည့်လိုက်သည်။ သူမသည် အရောင်မမြင်ရသော်လည်း ပုံမှန်ပုံစံဖြစ်ကြောင်း မြင်ရသည်။ သို့သော်လည်း လင်းချင်းသည် ဒီအသီးဆီမှ သတ္တုနံ့ကို ရလိုက်သည်။ ဒီသတ္တုနံ့က လူသားများအပေါ်တွင် ဘယ်လိုသက်ရောက်မလဲ မသိသော်လည်း မြင်နေရသည်မှာ ဒီအပင်တွင် ပိုးများရှိနေခြင်းပင်။

လင်းချင်းသည် ပတ်ဝန်းကျင်မှ အပင်များကို ကြည့်ပြီးသည့်အခါ ထလိုက်ကာ အသီးရုံသို့ သွားလိုက်သည်။ သူမ၏ဗိုက်ကို အရင်ဖြည့်ရန် ဆုံးဖြတ်ကာ ပြန်လာမှသာ ဟင်းသီးဟင်းရွက်များကို ဆက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။

ထိုအသီးရုံထဲတွင် မက်မွန်သီးနှင့် သစ်တော်သီးများကို စိုက်ပျိုးထားသည်။ အသီးရုံသည် ကြီးသော်လည်း အပင်အများစုသည် ပိုးရှိနေကာ သန္ဓေပြောင်းနေကြပြီ ဖြစ်သည်   လင်းချင်းသည် အပင်များကို အနံ့ခံကြည့်သည်။ အနံ့သည် နှစ်သက်စရာမဟုတ်သော်လည်း သူမလို ကိုယ်ထဲမှာ ပိုးရှိနေပြီးသားသူအတွက်တော့ အရမ်းမနှစ်မြို့ဖွယ် ဖြစ်မနေပေ။ အပင်အနံ့များအပြင် သူမသည် အခြားအနံ့တစ်ခုကိုလည်း ရနေသေးသည်။ ထိုအနံ့က ချိုနေသဖြင့် သူမ၏ဆာလောင်စိတ်မှာ တိုးလာသည်။

သူမသည် ထိုအနံ့အနောက်သို့ တိတ်တိတ်လေးလျှောက်ကာ လိုက်ရှာကြည့်သည်။ သူမသည် အမဲလိုက်ဖို့အတွက် အသင့်ပြင်ပြီးသား ဖြစ်သည်။ သူမ၏ကိုယ်ပိုင်တုန့်ပြန်ခြင်းတို့က သူမအား ထိုအနံ့အနောက်သို့ ကြောင်တစ်ကောင်လို ဘာအသံမှ မထွက်စေဘဲ ခေါ်ဆောင်သွားသည်။

Previous Chapter 73 of 198 Next