၆၅။ အောင်မြင်စွာ ကိုယ်ဖျောက်နိုင်ခြင်း
ဒီစကားကိုရွတ်ပြီးသည်နှင့် လင်းချင်း၏မျက်လုံးများသည် ဝေဝါးသွားသည်။ သူမသည် အပြင်သို့ ထွက်လာပြီ။ သူမသည် သစ်တောထဲတွင်ရပ်နေရင်း အနည်းငယ်ကြောင်အသွားသည်။ ထိုနေရာသည် သူမနယ်မြေထဲသို့ဝင်သွားသည့် နေရာပင်ဖြစ်သည်။ ဒီနေရာတစ်ခုလုံးကို အဆင့်ငါးဇွန်ဘီခေါင်းဆောင်က ဖျက်စီးထားသည်။
သူမသည် အဆင့်ငါးဇွန်ဘီခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သတိအပြည့်ထားကာ ဇွန်ဘီခေါင်းဆောင် သစ်ပင်ပေါ်မှဆင်းလာသည်နှင့် တိုက်ခိုက်ရန် လုပ်ထားသည်။ သို့သော်လည်း အပေါ်မှဘာအသံမှ မကြားရပေ။ အဆင့်ငါးဇွန်ဘီသည် သစ်ပင်ပေါ်တွင် မလှုပ်မရှားထိုင်နေသည်မှာ သူမကိုမမြင်သည့်အလားပင်။
‘ဘာတွေဖြစ်နေတာလဲ? သူကန်းသွားပြီလား? ငါဒီမှာရပ်နေပင်မယ့် ဘာဖြစ်လို့ မခုန်အုပ်တာလဲ? ခုနတုန်းကတော့ ငါ့ကိုအသေလိုက်တိုက်နေပြီးတော့’ သူမတွေးနေမိသည်။
ဇွန်ဘီခေါင်းဆောင်က သူမအပေါ်တွင် ဘာအာရုံမှမရှိသည့်အခါ လင်းချင်းသည် ခေါင်းငုံ့ပြီး သူမကိုယ်သူမကြည့်လိုက်သည်။ သူမကိုသူမ သေချာမြင်ရသည့်အခါ အံ့သြသွားသည်။ ‘ဟမ်? ဘာလဲ? ဘာဖြစ်လို့ ငါကဒီလိုဖြစ်နေတာလဲ?’
သူမအံ့သြရခြင်းမှာ သူမ၏ကိုယ်အား ကြည်လင်စွာ ထွင်းဖောက်မြင်နေရခြင်းဖြစ်သောကြောင့်ပင်။ သူမသည် လက်ကိုမြှောက်လိုက်ကာ လက်သည်းများကို ထုတ်ကြည့်သည်။ လက်သည်းများက လေထဲတွင် ဝှီးခနဲ ထွက်လာသည်။
ဇွန်ဘီခေါင်းဆောင်သည် သစ်ပင်ပေါ်မှနေ လင်းချင်းရပ်နေသည့်နေရာကို ငုံ့ကြည့်လာသည်။ သို့သော်လည်း ဘာမှမမြင်ရသည့်အခါ သူကြားခဲ့သည့် ထူးဆန်းသည့်အသံကို လျစ်လျူရှုလိုက်တော့သည်။
လင်းချင်းသည် သူ့၏လှုပ်ရှားမှုသေးသေးလေးကအစ သတိထားမိကာ မော့ကြည့်လိုက်သည်။ သို့သော်လည်း ဇွန်ဘီခေါင်းဆောင်က သူမအား မတွေ့ပေ။ အခုဖြစ်နေသည်ကိုကြည့်ရင်း သူမသည် အံ့သြပျော်ရွှင်သွားသည်။ သူမသည် အခုထိတိုင် နယ်မြေထဲမှနေ ကိုယ်ပျောက်ပြီး ထွက်လာနိုင်မည်ဟု မယုံကြည်နိုင်သေးပေ။ သူမသည် ဒီအခြေအနေဖြင့် ခြေထောက်ကိုမြှောက်ကာ ဘေးသို့ရွေ့လိုက်သည်။
“ဂျွတ်”
သူမသည် သစ်ကိုင်းခြောက်ကို နင်းမိသည့်အခါ ဒီလိုအသံထွက်လာသဖြင့် ချက်ချင်းရပ်တန့်လိုက်ရသည်။ ထို့နောက် မော့ကြည့်လိုက်သည့်အခါ သူမထင်သလိုပင် ဒီအသံက ဇွန်ဘီခေါင်းဆောင်၏ အာရုံကိုဖမ်းစားနိုင်နေသည်။
ဇွန်ဘီခေါင်းဆောင်သည် နီရဲနေသည့်မျက်လုံးများဖြင့် လင်းချင်းခြေထောက်ချမိရာနေရာကို ပြူးကျယ်စွာ ကြည့်နေသည်။ သူသည် ဘာလဲသိချင်သော်လည်း မတွေ့ရသဖြင့် အာရုံနောက်နေပုံရသည်။ ဇွန်ဘီခေါင်းဆောင်က ချက်ချင်းမလှုပ်ရှားသည်ကိုမြင်မှ လင်းချင်းလည်း သက်ပြင်းချနိုင်သည်။ ကြည့်ရသည်မှာ သူမသည် ဒီလိုအသံသေးသေးလေးတောင် မလုပ်မိအောင် သတိထားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီခေါင်းဆောင်သည် ဘာဖြစ်နေသလဲကို ဆင်းလာကြည့်နိုင်သောကြောင့်ပင်။
သူမသည် ညင်သာစွာဖြင့် ခြေထောက်ကိုမလိုက်ကာ ဒီနေရာကို သေချာသုံးသပ်ကြည့်လိုက်သည်။ ထို့နောက် သူမသည် မြက်ခင်းထူထူများပေါ်တွင်ကသာ အသံမထွက်စေဘဲ လျှောက်လာသည်။ သူမသည် ဇွန်ဘီခေါင်းဆောင်ကို မော့ကြည့်လိုက်သည့်အခါ သူမ၏လှုပ်ရှားမှုကို သတိမထားမိတာ သေချာမှ သူမလည်း ဘေးသို့ ဆက်လျှောက်ရဲတော့သည်။
နောက်ခြေလှမ်းများစွာကို အသံလုံအောင်လျှောက်ပြီးနောက် ဇွန်ဘီခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည့်အခါ သူမချိုးမိသည့်သစ်ကိုင်းနေရာသို့ ကြည့်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် စိတ်သက်သာရာရာ တိတ်တိတ်လေးလှည့်ထွက်လာခဲ့တော့သည်။ သူမသည် အဝေးပြေးလမ်းမသို့ ပြန်ရောက်လာမှသာ သက်ပြင်းချနိုင်တော့သည်။
ထို့နောက်တွင်တော့ သူမသည် စိုးရိမ်စရာတစ်ခု စလာပြန်သည်။ သူမသည် ကိုယ်ဖျောက်ကာ ထွက်ပြေးလာနိုင်သော်လည်း ဇွန်ဘီခေါင်းဆောင်သည် ထိုနေရာတွင် သူမကိုဆက်စောင့်နေဆဲ ဖြစ်သည်။ ပြဿနာမှာ သူမသည် ကိုယ်မပျောက်အောင် ဘယ်လိုပြန်လုပ်ရမှာလဲ? လင်းချင်းသည် သူမ၏လက်များကို ထိကြည့်လိုက်သည့်အခါ ပလတ်စတစ်အကြည်အိတ်တစ်လုံးလို မြင်နေရသလို ခံစားနေရသည်။ နယ်မြေထဲကို ပြန်ဝင်ပြီးမှ ထွက်လာရမလား?
ဒီအတွေးပေါ်သည်နှင့် သူမသည်နယ်မြေထဲသို့ ချက်ချင်းဝင်လိုက်သည်။ သူမနယ်မြေထဲသို့ ဝင်သည့်အခါ သူမသည် ကိုယ်မပျောက်တော့ပေ။ သူမ၏အနာဘေးတက်နေသည့် ဒဏ်ရာများနှင့် ပြာဖျော့ဖျော့ အသားအရည်တို့ကို ပြန်မြင်လိုက်ရတော့သည်။ သူမကိုယ်သည် ဒီလိုဖြစ်နေမှသာ လင်းချင်းသည် နယ်မြေထဲကနေ ပြန်ထွက်လာလိုက်သည်။ အခုအခါတော့ သူမထင်သလိုပင် သူမသည် ကိုယ်ပျောက်မနေတော့ပေ။ သူမသည် ကိုယ်ပြန်ပေါ်အောင် လုပ်နည်းကို သိသွားပြီထင်သည်။
သူမသည် ကိုယ်ပျောက်ခြင်းကို ထပ်စမ်းကြည့်ရန် ဆုံးဖြတ်နိုင်သည်။ သူမသည် ဒီအစွမ်းကို နောက်နောင်လည်း အသုံးပြုရနိုင်သည်။ ထို့ကြောင့် ကျွမ်းကျင်အောင် လုပ်ထားဖို့ လိုအပ်သည်။ သူမသည် နယ်မြေထဲသို့ဝင်လိုက်ကာ မျက်လုံးမှိတ်ပြီး အပြင်ကိုကြည့်လိုက်သည်။ မျက်လုံးမှိတ်ထားလျှက်ဖြင့် စိတ်ထဲကနေ ‘ထွက်’ဟုရွတ်ပြီး ထွက်လာသည်။ သူမသည် ခေါင်းငုံ့ပြန်ကြည့်လိုက်သည့်အခါ ကိုယ်ပျောက်နေပြန်သည်။ ထို့နောက် သူမသည်နယ်မြေထဲသို့ ပြန်ဝင်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမသည် အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးသည့်နောက် ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာသိသွားပြီ ဖြစ်သည်။
သူမသည် ကိုယ်ဖျောက်ချင်လျှင် နယ်မြေထဲတွင် မျက်လုံးမှိတ်ကာ အပြင်ကို အာရုံစိုက်ကြည့်နေရမည်။ ထို့နောက် မျက်လုံးမှိတ်ထားလျှက်တွင် အပြင်ထွက်ချင်စိတ်ရှိသည့်အခါ သူမသည် ကိုယ်ပျောက်လျှက် ထွက်လာမည် ဖြစ်သည်။ ထိုအခါ သတ္တဝါတိုင်းက သူမအားထွင်းဖောက်မြင်နေနိုင်လိမ့်မည်။ ထို့အတူ သူမသည် ကိုယ်မဖျောက်ချင်တော့လျှင် နယ်မြေထဲသို့ ပြန်ဝင်ဖို့ လိုအပ်သည်။ ထို့ကြော်င့ သူမ၏မျက်လုံးများကသာ သော့ချက်ဖြစ်သည်။
ထို့နောက်တွင်တော့ နယ်မြေထဲကို ရှဲ့တုန်း၏ကားပေါ်မှ ဝင်လိုက်သည်။ ပြီးနောက် ဝူယွဲ့လင်း၏ ဘေးတွင် ပေါ်လာလေသည်။ ခုနတုန်းက သူမသည် နောက်အစွမ်းတစ်ခုကိုပါ လေ့ကျင့်နေခဲ့တာ ဖြစ်သည်။ ထိုအစွမ်းမှာ သူမနယ်မြေထဲတွင် သူမရောက်ချင်သည့်နေရာမှ ပေါ်လာခြင်းပင်။ ထို့ကြောင့် ဝူယွဲ့လင်း၏ဘေးတွင် ချက်ချင်းပေါ်လာခြင်းပင်။
ရုတ်တရက်ကြီး သူမပေါ်လာသည့်အခါ ဝူယွဲ့လင်းသည် သူမကို သိချင်စိတ်အပြည့်ဖြင့် ကြည့်နေသည်။ လင်းချင်းသည် ခေါင်းငုံ့ကာ ကလေးမလေး၏လက်ကို ညင်သာစွာ ကိုင်လိုက်သည်။ ထို့နောက် နောက်လက်တစ်ဖက်ဖြင့် ကောင်းကင်ပေါ်သို့ ညွှန်ပြကာ ယုန်ပိုက်ထားသည့် ဝူယွဲ့လင်းကို နယ်မြေအပြင်ဘက်သို့ ခေါ်လာတော့သည်။
နှစ်ယောက်လုံးသည် ကားထဲတွင် ပေါ်လာသည်။ လင်းချင်းက ကလေးမလေးအား ကားရှေ့ခုံတွင် နေရာချလိုက်သည်။ ဝူယွဲ့လင်းသည် ရုတ်တရက် မူးဝေသွားပြီးနောက် သူမသည် ထူးဆန်းသည့် နေရာသို့ရောက်လာကြောင်း တွေ့လိုက်ရသည်။ သူမသည် ကြောက်လန့်တကြားဘေးသို့ ကြည့်လိုက်သည်။ ထို့နောက်တွင်မှ သူမသည် ကားထဲတွင်ထိုင်နေကြောင်းနှင့် ဘေးတွင်သစ်တောများသာ ရှိကြောင်းကို မြင်လိုက်ရသည်။
ထူးဆန်းသည့် ပတ်ဝန်းကျင်သို့ရောက်သည့်အခါ ကလေးမလေးသည် ချက်ချင်းကြောက်လို့လာသည်။ သူမသည် ခါးမတ်မတ်ထိုင်နေရင်း ယုန်ကိုတင်းနေအောင် ပိုက်ထားသည်။ ထို့နောက် ခုံပေါ်တွင် တလှုပ်လှုပ်ဖြစ်လာကာ နောက်ဆုံးသူ့ဘေးတွင်ထိုင်နေသည့် လင်းချင်းကို ကြည့်လာသည်။
ဒီလိုမြင်လိုက်မှ လင်းချင်းလည်း ကလေးမလေးသည် လုံခြုံမှုလိုနေကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူမသည် ဝူယွဲ့လင်းအား လက်ဟန်ပြရင်း သူမ၏စိတ်ထဲမှနေ စကားများကိုလည်း ပို့ပေးလိုက်သည်။
‘ကစားဖို့ အပြင်ခေါ်လာပေးတာ။ ဟိုမှာပျင်းနေမယ်ထင်လို့။ ဒီမှာလုံခြုံပါတယ်။ အဆင်ပြေတယ်’
လင်းချင်းတွေးမိသည်မှာ သူမသည် ဒီလမ်းအတိုင်း နောက်မြို့သို့ မောင်းစဉ်တွင် ဇွန်ဘီအများကြီးနှင့် မတိုးလောက်သဖြင့် ကလေးမလေးအတွက် လုံခြုံလောက်သည်။ ထို့ကြောင့် ကလေးမလေးအား အပြင်သို့ ခေါ်ထုတ်လာခြင်းဖြစ်သည်။ သို့သော်လည်း ကလေးမလေးက ဒီလိုတုံ့ပြန်လာလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။
ကလေးမလေး၏ကိုယ်သည် တောင့်နေသည်ကို မြင်သည့်အခါ လင်းချင်းသည် ခေါင်းလေးကို ဖွဖွလေးပွတ်ပေးလိုက်ပြီးမှ ကားမောင်းရန် ပြင်ရသည်။ ကလေးမလေးသည် ပတ်ဝန်းကျင်အသစ်ကြောင့် ကြောက်လန့်နေတာ ဖြစ်သော်လည်း လင်းချင်းက သူမအား တစ်ချိန်လုံး နယ်မြေထဲတွင် ပိတ်မထားချင်ပေ။ ကလေးဆိုသည်မှာ အပြင်ထွက်လာပြီး ခနတဖြုတ်လောက်တော့ ပတ်ဝန်းကျင်ကို မြင်ရန် လိုအပ်သည်။