May Honey Logo May Honey
Previous Next

၇၁။ စားလား မစားဘူးလား

ကျွင်းကျွင်းကိုပေးခဲ့သည့် စာရွက်ခေါက်လေးထဲတွင် ရေးထားသည်မှာ   ‘ငါ့နယ်မြေထဲမှာ လူသားတွေစားလို့ရတဲ့ စတော်ဘယ်ရီသီးတွေရှိတယ်။ အခုငါနည်းနည်းသွားခူးပေးမယ်။ ပြီးတော့ ခုနက ကလေးသောက်လိုက်တဲ့ရေက ကန်ထဲက။ ဇွန်ဘီအတွက်ရော ကလေးအတွက်ပါ ကုသနိုင်စွမ်းရှိတယ်။ သောက်ချင်ရင် သွားခပ်သောက်။ နင့်ကိုယ်အခြေအနေလည်း ကောင်းလာလိမ့်မယ်’

လင်းချင်းသည် စတော်ဘယ်ရီခင်းထဲသို့သွားကာ စတော်ဘယ်ရီသီးကြီးကြီးများကို ခူးလိုက်သည်။ ဝူယွဲ့လင်းသည် ယုန်တစ်ကောင်ကို ပိုက်လျှက် သူမ၏အနောက်သို့ လိုက်လာပြန်သည်။ ဘာဖြစ်လို့ အမကြီးဇွန်ဘီက တခြားဇွန်ဘီကို ခေါ်လာလည်း မသိသော်လည်း သူတို့တွင် မောင်လေးတစ်ယောက်ပါ လာသည်ကိုတော့ သူမမြင်လိုက်သည်။

သူမနှင့် အမကြီးဇွန်ဘီတို့သာရှိသည့် ဒီနယ်မြေထဲသို့ သူစိမ်းများ ရောက်လာတက်သဖြင့် ဝူယွဲ့လင်းသည် မလုံခြုံသလို ခံစားရကာ လင်းချင်း၏အနောက်သို့ လည်လိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် လင်းချင်းက နယ်မြေလေးထဲကနေ စတော်ဘယ်ရီခင်းသို့ လျှောက်လာသည်နှင့် အပြေးရောက်လာခြင်း ဖြစ်သည်။

စတော်ဘယ်ရီသီးအချို့ကို ဇလုံထဲသို့ထည့်ပြီးနောက် လင်းချင်းသည် သူမနောက်ကိုလိုက်နေသည့် ဝူယွဲ့လင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရေကန်သို့ သူမသွားလိုက်သည်။ ခနကြာမှ ဆေးပြီးသား စတော်ဘယ်ရီသီးများကို နယ်မြေလေးထဲသို့ ယူသွားသည်။

ကျွင်းကျွင်းသည် ကုတင်ဘေးတွင် ထိုင်နေသည်။ လင်းချင်းဝင်လာသည့်အခါ သူမ၏မျက်လုံးများက လင်းချင်းသယ်လာသည့် ဇလုံပေါ်သို့ ရောက်သွားသည်။ စတော်ဘယ်ရီသီးများသည် အလွန်ကြီးသည်။ သူမသည် အသီး၏အရောင်ကို မမြင်ရသော်လည်း တစ်ချက်ကြည့်ရုံဖြင့် ဒီလောက်ကြီးနေပုံအရ သန္ဓေပြောင်းအသီးများသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ကလေးအား ဒီလိုထူးဆန်းသည့်အသီးများ ကျွေးသင့်မသင့် မသိသောကြောင့် လင်းချင်းကို တွေဝေစွာ ကြည့်နေမိသည်။

သူမ၏အကြည့်များကို မြင်သည့်အခါ လင်းချင်းသည် အတွေးများကို နားထောင်စရာမလိုဘဲ သိလိုက်သည်။ ထို့ကြောင့် အပြင်မှာရပ်ကျန်ခဲ့သည့် ဝူယွဲ့လင်းကို လက်ညိုးထိုးပြကာ စာရေးပြလိုက်သည်။

‘ဟိုကလေးမလေးတောင် တချိန်လုံး ဒါပဲစားနေတာ။ နင်စိတ်ပူမနေနဲ့။ အပြင်ထွက်ပြီး စားလား မစားဘူးလား ကြည့်မလား?’

ကျွင်းကျွင်းသည် လင်းချင်း၏လက်ထဲမှ စတော်ဘယ်ရီသီးဇလုံကို ကြည့်လိုက်ပြီးနောက် ကလေးကိုချီကာ အပြင်သို့ထွက်လာပြီး ဝူယွဲ့လင်းကို ကြည့်လိုက်သည်။ လင်းချင်းပြောသလိုပင် ထိုကလေးမလေးသည် စတော်ဘယ်ရီသီးများကို စားနေခြင်းအား မြင်လိုက်ရသည်။ ထိုအခါမှ စိတ်သက်သာရာရပြီး လင်းချင်းဆီသို့ ပြန်လျှောက်လာသည်။

ကျွင်းကျွင်း၏ချီထားသည့် ကလေးသည် နိုးနေပြီဖြစ်ရာ ကျွင်းကျွင်း၏ လည်ပင်းကို သူ့လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားသည်။ ထိုကလေးသည် ညစ်ပတ်နေသည့်အဝတ်များနှင့် ပုခုံးပေါ်ကသွေးကွက်ပေနေသည့် သူ့အမေ၏အဝတ်ကို စိတ်ထဲထားပုံမရပေ။ သို့သော်လည်း လင်းချင်း၏ ပျက်စီးနေသည့် မျက်နှာကြီးကို မြင်လိုက်သည့်အခါ အရမ်းကြောက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ့အမေ၏ပုခုံးအား ခေါင်းအပ်ကာ မကြည့်ရဲတော့ပေ။

“အင့်”   ဒီလိုလုပ်နေစဉ်တွင် ငိုနေသော်လည်း ကျယ်ကျယ်တော့ မငိုရဲပေ။

လင်းချင်းလည်း ရုတ်တရက်ကြီး ကလေးကို ခြောက်မိသလိုဖြစ်သွားသဖြင့် ဘာပြောရမယ်မှန်း မသိတော့ပေ။ သူမလည်း စိတ်ထဲကနေ အော်ဟစ်နေသည်။   ‘ဘာဖြစ်လို့ နင်ကငိုရတာလဲ? ငါလည်း ဒီလိုရုပ်ကြီးမဖြစ်ချင်ပါဘူး! ဒီကိုယ်က ငါ့ဟာမဟုတ်ဘူး! ငါနိုးလာတည်းက ဒီလိုကြီးဖြစ်နေတာ! ငါ့အပြစ်မဟုတ်ဘူးလေ!’

ကျွင်းကျွင်းသည် ကလေးငိုသံကြားသည့်အခါ ရင်ထဲတွင် အောင့်သွားသည်။ သို့သော်လည်း ဘာလုပ်ရမလဲမသိသဖြင့် သူမသည် ကလေး၏ပုခုံးကိုသာ ပုတ်ပေးနေသည်။

လင်းချင်းသည် ကျွင်းကျွင်းအား ဇလုံပေးပြီးတော့ ထွက်သာလာတော့သည်။ သို့သော်လည်း မထွက်ခင်တော့ နောက်စာထပ်ရေးပေးခဲ့သည်။   ‘အခုနင်ဒီမှာနေ။ ငါအပြင်ထွက် ကားမောင်းလိုက်ဦးမယ်။  တစ်ခုခုလိုရင် အော်လိုက်။ ငါကြားရတယ်’

ဒီစာကိုဖတ်ပြီးသည့်အခါ ကျွင်းကျွင်းသည် သူမ၏လက်ထဲက စတော်ဘယ်ရီဇလုံကိုကြည့်ပြီးနောက် ချီထားသည့် သူမ၏သားလေးကို ကြည့်လိုက်သည်။ သူမသည် ကလေးကို ကျွေးဖို့ဆုံးဖြတ်လိုက်သည်။ ကလေးမလေးတောင် စားပြီးဘာမှမဖြစ်သည်ကို သူမမြင်လိုက်ရသောကြောင့် ဖြစ်သည်။ သူမသည် ကလေးကို ညင်သာစွာပုတ်လိုက်ကာ မျက်နှာအနားသို့ စတော်ဘယ်ရီဇလုံကို ထိုးပေးလိုက်သည်။

ကလေးသည် ချောင်းကြည့်လာသည်။ လင်းချင်းမရှိတော့တာတွေ့မှ သူသည်ခေါင်းမော့လာကာ မွှေးနေသည့် စတော်ဘယ်ရီသီးနံ့ဖြင့် ဆွဲဆောင်ခံလိုက်ရသည်။ 

လင်းချင်းသည် ဝူယွဲ့လင်းနှင့်အတူ နယ်မြေထဲက ထွက်လာကာ အောက်ထပ်သို့ ဆင်းလာသည်။ သာမန်ဇွန်ဘီများသည် ဝေးဝေးသို့ မသွားကြသေးလေရာ ကလေးမလေး၏အနံ့ရသည်နှင့် ပြန်လှည့်လာကြသည်။

“ဂါး!”   လင်းချင်းသည် မျက်လုံးကိုမှေးကာ သတိပေးသံပါသည့် အော်သံဖြင့် အကျယ်ကြီးအော်လိုက်သည်။

လင်းချင်း၏အသံကြောင့် ဇွန်ဘီများသည် နောက်ဆုတ်သွားကြသည်။ ကြောက်တက်သည့်ကောင်များက လှည့်ပြေးသော်လည်း အချို့ကတော့ ဆက်နေသေးကာ ဝူယွဲ့လင်းအား စားချင်စိတ်ကို လက်မလျှော့သေးဘဲ ငေးကြည့်နေကြသည်။ 

လင်းချင်းတို့ဆင်းလာသည့်အခါ အနားရှိဇွန်ဘီများသည် မပြန်ကြသေးဘဲ သူမတို့နောက်သို့လိုက်လာကြသည်။ လင်းချင်းသည် သံတံခါးမှနေ ကားရှိရာသို့ ဆင်းလျှောက်လာကာ ကလေးမလေးကို ကားထဲသို့ ထည့်ဖို့ပြင်လိုက်သည်။

ရုတ်တရတ်ဆိုသလို အခြားအဆောက်အဦးတစ်ခု၏ ဒုတိယထပ်မှ သဏ္ဍာန်တစ်ခုသည် တိရိစ္ဆာန်တစ်ကောင်လို လက်နှစ်ဖက်ကိုပါခြေလိုအသုံးပြုကာ လျင်မြန်စွာဆင်းလာသည်။ သူမသည် ချက်ချင်းပဲ ဝူယွဲ့လင်းအား သူမ၏အနောက်သို့ပို့ကာ ကာပေးထားလိုက်သည်။ ထိုသဏ္ဍာန်က ခုန်အုပ်မည့်အချိန်တွင် သူမသည် လက်သည်းများကိုထုတ်ကာ ကုတ်ပစ်လိုက်သည်။ ထိုသတ္တဝါ၏မျက်နှာပေါ်တွင် သူမ၏လက်သည်းများက အရိုးပေါ်သည့်အထိ နစ်ဝင်သွားကာ ကုတ်မိလေသည်။

“ဂါး!”
သူမ၏လက်ထဲမှ ထိုသတ္တဝါဆီမှ ထူးဆန်းသည့် အော်သံကြီးထွက်လာသည်။ လင်းချင်းသည် ခေါင်းကိုဖျစ်ကိုင်လိုက်ကာ ဆွဲမလိုက်သည်။ ထိုအခါ ခြေထောက်များသည် မြေကြီးဖြင့် ထိမနေတော့ပေ။ သို့သော်လည်း ထိုအကောင်သည် အလျှော့မပေးသေးဘဲ လင်းချင်းကို သူလက်များဖြင့် လှမ်းကုတ်နေဆဲဖြစ်သည်။

သူ့အော်သံမပျောက်ခင်မှာ လင်းချင်းသည် ထိုအဆင့်သုံးသို့ ရောက်တာမကြာသေးသည့် ဇွန်ဘီ၏ခေါင်းကို လက်ဖြင့် အားစိုက်ကာ ဖျစ်ညှစ်ပစ်လိုက်သည့်အခါ ခေါင်းပေါက်ကွဲသွားသံကို ကြားလိုက်ရတော့သည်။

လင်းချင်းသည်လည်း ဒီလောက်အထိ သန်မာလိမ့်မည်ဟု သူမကိုသူမ မထင်မိပေ။ သူမသည် ဒီဇွန်ဘီအော်နေသည့်အသံကို အာရုံနောက်၍သာ လက်ကိုအားထည့်လိုက်တာ ဖြစ်သည်။ မထင်မှတ်ဘဲ ခေါင်းကတန်းကွဲသွားသည်။ သူမသည် ဇွန်ဘီခေါင်းထဲမှ အမြူတေကို အခြားလက်တစ်ဖက်ဖြင့် ထုတ်ယူလိုက်ကာ မနှစ်မြို့စွာ ကြည့်ပြီးနောက် ဒီဇွန်ဘီအလောင်းကို အဝေးသို့ လွှင့်ပစ်လိုက်သည်။

ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့လိုက်ရသည့် အခြားဇွန်ဘီများအားလုံးသည် နောက်ကိုဆုတ်သွားကြာကာ ထပ်မကပ်ရဲကြတော့ပေ။ သူတို့သည် ဇွန်ဘီခေါင်းကိုခွဲပစ်လိုက်သည့် လင်းချင်း၏ မဖော်ပြနိုင်သည့်အင်အားကို ကြောက်သွားကြတာ ဖြစ်လိမ့်မည်။

လင်းချင်းသည် သူမ၏အင်အားက အရမ်းသန်မာကာ ကြောက်ဖို့ကောင်းနေကြောင်း မသိပေ။ သူမသည် ဇွန်ဘီအမြူတေကို လက်ပေါ်တင်လိုက်ပြီးနောက် တစ်စက္ကန့်အတွင်းတွင် အမှုန့်အဖြစ် ပြောင်းသွားသည်။ သူမ၏ကိုယ်ထဲသို့ အနွေးဓာတ်တစ်ခုသည် စီးဆင်းသွားကာ သူမ၏ဦးနှောက်ထဲသို့ ရောက်လာသည်။ ထို့နောက်တွင်တော့ ဘာမှမဖြစ်ပေ။ အရှင်းဆုံးပြောရလျှင် ဒီဇွန်ဘီအမြူတေတွင်ပါဝင်သည့် စွမ်းအားသည် အာရုံခံလို့တောင်မရအောင် နည်းနေတာ ဖြစ်သည်။

ဇွန်ဘီကို သေသပ်ပြီးမြန်မြန်ဆန်ဆန်ရှင်းပြီးသည့်နောက် လင်းချင်းသည် သူမ၏လက်ကို သူမ၏အဝတ်များဖြင့် သုတ်လိုက်ပြီးမှ ဝူယွဲ့လင်းကို ကားပေါ်သို့ တင်ပေးလိုက်သည်။ ကလေးမလေး၏ကိုယ်သည် အနည်းငယ်တောင့်တောင်နေသည်။ သူမ၏အမှုအယာနှင့် ကိုယ်တောင့်နေခြင်းတို့ကို သုံးသပ်ရလျှင် ဝူယွဲ့လင်းသည် အခုအဖြစ်အပျက်ကြောင့် ကြောက်သွားတာ ဖြစ်နိုင်သည်.

လင်းချင်းသည် သူမအား အရှေ့ခုံတွင် နေရာချပေးကာ ခါးပတ်ကိုပတ်ပေးလိုက်ပြီးမှ ကားတံခါးကိုပိတ်လိုက်သည်။ ထို့နောက် သူမသည်  ကားတစ်ဖက်သို့သွားကာ တံခါးဖွင့်ပြီး ဝင်ထိုင်လိုက်သည်။ ထို့နောက် ကားစက်နှိုးကာ ဒီအိမ်ရာမှ ထွက်လာခဲ့သည်။ သို့သော်လည်း မထွက်ခင်တွင် သူမသည် ကုန်စုံဆိုင်တစ်ခုကို တွေ့လိုက်သဖြင့် ရပ်လိုက်ကာ ဝူယွဲ့လင်းအားခေါ်၍ အသုံးဝင်မည့်ပစ္စည်းများသိမ်းပြီးမှ ကားပြန်မောင်းထွက်လာသည်။  
Previous Chapter 71 of 198 Next