၉၅။ နွယ်ပင်များ၏ စုပ်ယူခြင်း
အဆင့်လေးဇွန်ဘီသည် အသိညဏ်ရှိသော်လည်း ဉာဏ်တော့မကောင်းပေ။ လင်းချင်းဆီက စိန်ခေါ်ခံရသည့်အခါ ဒေါသတို့က ပေါက်ထွက်လာသည်။
လင်းချင်းသည် သူမ၏နယ်နမိတ်ထဲသို့လာကာ ဒုက္ခရှာနေခြင်းဖြစ်သဖြင့် အရမ်းမုန်းစရာ ကောင်းသည်။ ‘ငါ့ထက်အားနည်းနေတာကို ငါ့ကိုဒီလိုလှောင်ရဲတယ်လား?’
ဇွန်ဘီမသည် လင်းချင်းဆီမှ အထင်သေးခံရသည်နှင့် ဒေါသတို့က ပေါက်ကွဲလာကာ သူအား အပိုင်းပိုင်းလှီးပစ်ချင်လာသည်။ သို့သော်လည်း သူမ၏စိတ်က ဒီလိုသွားမလုပ်ရန် တားနေသည်။ ထို့ကြောင့် ဇွန်ဘီမသည် လက်နှစ်ဖက်မှစွမ်းအင်များဖြင့် လေမုန်တိုင်းကို ပိုထန်အောင်လုပ်လိုက်သည်။ အဆောက်အဦးက ပြိုကျသွားသည့်အထိ စောင့်နေလိုက်သည်။
လင်းချင်းသည် ဇွန်ဘီမ၏ စွမ်းအင်ကုန်ဆုံးချိန်ကို ကြည့်နေတာဖြစ်သည်။ လေထဲမြောနေစဉ် သူမ၏အစွမ်းက ပိုအကုန်မြန်သည်ကို မြင်နေရသည်။ ဒီလိုအစွမ်းရဖို့သူမသည် အခြားဇွန်ဘီအများကြီးကို တိုက်ခိုက်ကာ စုပ်ယူခဲ့ရပုံရသည်။ စွမ်းအင်ကုန်ခြင်းက အရမ်းနှေးလေရာ ဒီတိုင်းသာဆက်သွားရင် နက်ဖြန်မနက်လောက်မှ ကုန်မှာဖြစ်သည်။
လင်းချင်းသည် အကြမ်းဖျင်းတွက်ပြီးသည့်အခါ အကြံတစ်ခုရသွားသည်။ ရှဲ့တုန်းသည် ရေကန်ထဲသို့ ကုန်ချကာ ဇွန်ဘီအဖြစ်ပြောင်းပြီး ပြန်ပေါ်လာခြင်းကို သတိရသွားသည်။ ထို့ကြောင့် ဇွန်ဘီမကို ကန်ထဲဆွဲချပါက ဘယ်လိုဖြစ်မလဲ သိချင်သွားသည်။ သူမ၏နယ်မြေသည် အပြင်ကစွမ်းအင်များနှင့် လုံးဝမသက်ဆိုင်သည့်နေရာ ဖြစ်သည်။ သူမတွင် မြေ၊ ရေနှင့် အပင်များရှိသော်လည်း လေတော့ မတိုက်ပေ။
ဇွန်ဘီမတွင် လေအစွမ်းရှိရာ ဒီလိုပျက်စီးနိုင်သည့်လေအစွမ်းထုတ်ဖို့ သဘာဝလေဆီမှ ဌားယူကာ သူမ၏အစွမ်းအဖြစ် ပြန်ထုတ်သုံးခြင်း ဖြစ်သည်။ ထိုကြောင့် သူမ၏နယ်မြေထဲတွင် ဇွန်ဘီမ၏လေအစွမ်းသည် ဒီလောက်ပြင်းနိုင်မှာ မဟုတ်ဘူးဟု တွက်ဆမိသွားသည်။ သူမ၏နယ်မြေထဲတွင် တိုက်ခိုက်ကာ ဇွန်ဘီသတ်ရမလား စမ်းကြည့်ချင်သ်ည။ လုပ်နိုင်ပါက သူမသည် မနိုင်တော့သည်နှင့် ရန်သူများကို နယ်မြေထဲသို့ထည့်ကာ သတ်ရမှာ ဖြစ်သည်။ ဒီအတွေးဖြင့် လင်းချင်းသည် စိတ်လှုပ်ရှားစွာ ထခုန်လိုက်သည်။
ဇွန်ဘီမ၏အမြင်ထဲတွင် လင်းချင်းသည် မျက်စိရှေ့မှ ချက်ချင်းပျောက်သွားတာ ဖြစ်သည်။ တကယ်တော့ လင်းချင်းသည် နယ်မြေထဲသို့ဝင်ကာ ကိုယ်ဖျောက်ပြီး ပြန်ထွက်လာခြင်း ဖြစ်သည်။ သို့သော်လည်း အောက်သို့မဆင်းဘဲ ဇွန်ဘီမကို ဆက်ကြည့်နေတာ ဖြစ်သည်။ သူမ၏ ကိုယ်ပျောက်နေသည့် အခြေအနေတွင် တိုက်ခိုက်လို့မရသလို ရန်သူကလည်း ထိခိုက်အောင် လုပ်မရပေ။ သူမသည် ကိုယ်ပျောက်သွားသည့်အခါ လေမုန်တိုင်းကို မခံစားရတော့ပေ။
သူမပျောက်သွားသည့်အခါ ဇွန်ဘီမသည် လေထဲတွင် ဒေါသတကြီး လက်နှစ်ဖက်ကို ယမ်းကာ အော်တော့သည်။ “ဂါး”
ထိုအခါ လေထဲမှ လေးလံသည့်အရာများသည် အောက်သို့ ဆူညံ့စွာ ပြုတ်ကျလာသည်။ ဇွန်ဘီမ၏ ထိန်းချုပ်မှုအောက်တွင် လေမုန်တိုင်းသည် အရှိန်မြင့်လာကာ လင်းချင်းသည် သူမ၏အမြင်ဖြင့် ဘယ်လောက်အရှိန်ပြင်းမလဲ မသိတော့ပေ။ သူမမြင်သည်သည်မှာ အဆောက်အဦး၏ ပြတင်းပေါက်နှင့် တံခါးများတောင် ပြုတ်ထွက်သွားခြင်းပင်။ အဆောက်အဦးတွင် သံတိုင်တို့လောက်သာ ကျန်တော့သည်။
ဇွန်ဘီမသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လင်းချင်းကို ရှာမတွေ့သည့်အခါ သူမသည် အဆောက်အဦးပေါ်သို့ ဆင်းလာလေသည်။ သူမသည် အဆောက်အဦးပေါ်မှ လင်းချင်းကို သေချာရှာသော်လည်း မတွေ့ရပေ။ မမြင်နိုင်သည့် လင်းချင်းသည် သူမ၏အရှေ့မှ တစ်မီတာလောက်တွင် ရှိနေခြင်း ဖြစ်သည်။
ဇွန်ဘီမက အဆောက်အဦးပေါ်ရောက်လာသည်နှင့် လင်းချင်းသည် အနားသို့ကပ်သွားသည်။ ထို့နောက် သူ့လက်ကိုကိုင်လိုက်ကာ သူမ၏နယ်မြေထဲသို့ ဆွဲထည့်လိုက်သည်။ ထိုအခါ ဇွန်ဘီနှစ်ကောင်လုံးသည် အဆောက်အဦးပေါ်မှ ပျောက်သွားကာ နယ်မြေထဲသို့ ရောက်သွားကြတော့သည်။
လင်းချင်းသည် နယ်မြေ၏နေရာမရွေးမှာ ပေါ်လာနိုင်သဖြင့် ရေကန်ထဲတွင်ပေါ်စေကာ ဇွန်ဘီမကို ရေနှစ်လိုက်သည်။ လင်းချင်းသည် ဇွန်ဘီမကို ထားခဲ့ကာ ကန်ဘောင်ဘက်သို့ အမြန်ပြန်ကူးသွားသည်။ ဒီလိုလင်းချင်း၏ လှုပ်ရှားမှုများသည် နှစ်စက္ကန့်တောင် မကြာအောင် မြန်လွန်းသည်။
ထို့ကြောင့် ဇွန်ဘီမသည် လင်းချင်းက သူမ၏လက်ကိုဆွဲလိုက်သည်နှင့် မျက်လုံးများ ပြာဝေသွားကာ မြင်ကွင်းများပြောင်းသွားပြီးနောက် ဘယ်ကမှန်းမသိသည့် စိမ်းပုပ်ရောင်ရေတွေထဲသို့ ရောက်နေသည်ကိုသာ သိလိုက်ရတော့သည်။
ဘာဖြစ်လဲသိသည့်အခါ လင်းချင်းသည် သူမကိုလွှတ်လိုက်ပြီ။ သူမ၏ တစ်ကိုယ်လုံးသည် နစ်မြုပ်လာသည့်အခါ ကြောက်ရွံ့လာသည်။ သို့သော်လည်း ဘယ်တုန်းကမှ ရေမကူးဖူးသဖြင့် ခြေလက်များကို ဘယ်လိုလှုပ်ပါစေ အချည်းနှီးသာ ဖြစ်နေသည်။ သို့သော်လည်း ဇွန်ဘီများသည် အသက်ရှုဖို့မလိုသဖြင့် ရေနစ်တော့ မသေပါ။ ဒါပင်မယ့် ရေထဲတွင်နစ်နေခြင်းက အရမ်းကြောက်ဖို့ကောင်းစေသည်။ သူမ၏အစွမ်းများကို ထုတ်ဖို့ကြိုးစားသော်လည်း ဒီလိုရေနစ်နေရာတွင် ဘယ်လေအစွမ်းကမှ ထွက်မလာခြင်းကိုလည်း သိလိုက်ရသည်။
ခပ်လှမ်းလှမ်းကို ရောက်သွားသည့် လင်းချင်းသည် တောက်ပနေသည့် ကန်ရေထဲက ဇွန်ဘီမကို ပြန်ကြည့်လိုက်သည်။ ထိုဇွန်ဘီမသည် ရေမကူးတက်သဖြင့် ရေနစ်နေသည့် တိရိစ္ဆာန်တစ်ကောင်လို ရုန်းကန်နေတာဖြစ်သည်။ စွမ်းအားထုတ်သုံးလိုက်သည်ကို လင်းချင်းမြင်သော်လည်း ကန်ရေက ထိုဇွန်ဘီမ၏လက်မှ ထွက်လာသည့်အစွမ်းများကို ပျော်ဝင်သွားစေသည်ကို မြင်လိုက်ရသည်။
လင်းချင်းသည် ဒီမြင်ကွင်းကို အံ့သြသင့်စွာ ကြည့်နေသည်။ ကန်ရေက ဒီလောက်အစွမ်းထက်မည်ဟု သူမမထင်ခဲ့ပေ။ ကန်ရေသည် ဇွန်ဘီမအတွက် မယှဉ်နိုင်သည့် ပြိုင်ဘက်ပင်။ အဘယ်ကြောင့်ဆိုသော် ဘယ်လောက်ပြန်တိုက်ခိုက်ပါစေ ကန်ရေက ဘာမှမပြောင်းလဲသောကြောင့် ဖြစ်သည်.
လင်းချင်းသည် ဇွန်ဘီမက ရေနစ်နေခြင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေစဉ်တွင် ကန်အောက်ခြေမှ စွမ်းအင်တစ်ခုကို ခံစားမိလိုက်သည်။ ထို့နောက် ရင်းနှီးနေသည့် နွယ်ပင်များသည် ဇွန်ဘီမကို ရစ်ပတ်တော့သည်။ သိပ်မကြာခင်တွင် ဇွန်ဘီမ၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားတော့သည်။ ဆွဲချသွားမည့်အစား ထိုနွယ်ပင်များသည် ဇွန်ဘီမကို လူသားပိုးအိမ်ကြီးလို ရစ်ပတ်ထားတာ ဖြစ်သည်။ လင်းချင်းသည် နွယ်ပင်များကို အလန့်တကြား ကြည့်လိုက်သည်။ ထိုနွယ်ပင်များက ဇွန်ဘီမကို ဖမ်းမိသွားသည်နှင့် သူမ၏ကိုယ်ထဲမှ အစွမ်းများသည် စိမ့်ထွက်လာကာ နွယ်ပင်များဆီမှ စုပ်ယူသွားခြင်းကို ခံလိုက်ရသည်။
လင်းချင်းသည် ရေပေါ်တွင် ကိုယ်ဖော့နေရင်းက ဒီမြင်ကွင်းကို ကြည့်နေသည်။ နာရီဝက်လောက် ကြာသည့်အခါ ဇွန်ဘီမ၏ကိုယ်မှ အစွမ်းအားလုံးသည် စုပ်ယူခံလိုက်ရပြီဖြစ်ကြောင်း သူမသိလိုက်သည်။ ထို့နောက် နွယ်ပင်များသည် ဇွန်ဘီမကို အမှိုက်တစ်အိတ်လို လွှတ်ပစ်လိုက်သည်။ ထိုအချိန်တွင် လင်းချင်းသည် ဇွန်ဘီမ၏ အရှိန်အဝါကို မခံစားရတော့ပေ။ ဇွန်ဘီမ၏ကိုယ်သည် ရေပေါ်တွင် ပေါလောကြီး မျောနေတော့သည်။ ဒါကိုမြင်သည့်အခါ လင်းချင်းသည် ရှဲ့တုန်း ရေထဲကိုခုန်ချတုန်းက ဘာဖြစ်ခဲ့လဲကို သိချင်သွားသည်။ ရှဲ့တုန်းတုန်းက ရေပူစီပေါင်းများပလုံစီကာ ပြန်ပေါ်လာသည်ကို မှတ်မိလိုက်သည်။ ဇွန်ဘီမကတော့ လူသေကောင်ကြီးလို မျောနေသဖြင့် လင်းချင်းသည် သတိထားကာ အနားကို သွားကြည့်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် နွယ်ပင်များက လင်းချင်းကို ရစ်ပတ်လာတော့သည်။ နွယ်ပင်များသည် သူမ၏ခြေထောက်မှနေ တစ်ကိုယ်လုံးကို စပြီးရစ်ပတ်လာတော့သည်။ ထိုအခါ လင်းချင်းသည် စိတ်ထဲတွင် အော်နေမိသည်။
‘အား ငါ့ကိုတော့ ခုနကလိုမျိုး စုပ်ယူမှာ မဟုတ်ဘူးမလား?’