၉၀။ ၃၀ရာခိုင်နှုန်းလောက်တူတယ်
“ဟုတ်ကဲ့ ဆရာ” ချန်းရဲ့အသံကို အပြင်ကနေ ကြားရပြီးသည့်နောက် ထွက်သွားသည့် ခြေသံများကို တစ်ဆက်တည်းကြားလိုက်ရသည်။
ဝူချန်းယွဲ့သည် လုထန်ရီနှင့် ကောင်းချင်းမင်းတို့ကို စကားပြောရင်းကြည့်လိုက်ကာ “အဲ့လူသုံးယောက်ကို ဘယ်လိုရှင်းလိုက်လဲဆိုတာကို အတိအကျမပြောဘူး။ အဲ့ဒါကြောင့် အများကြီးတော့ မသိဘူး။ သူလာမှပဲ သေချာမေးကြည့်လိုက်တော့”
ရှောင်ယွင့်လုံသည် အဝေးကြီးကို မရောက်သေးသဖြင့် ၂မိနစ်လောက်အတွင်းမှာ ပြန်ရောက်လာသည်။ သူသည် တံခါးဖွင့်ကာ ဝင်လာပြီးနောက် မေးသည်။ “တွေ့ချင်တယ်ဆိုလို့?”
ဝူချန်းယွဲ့သည် ခုံတစ်လုံးကို ညွှန်ပြကာ “စခန်းကို မပြန်ခင်က လူသုံးယောက်ကို ရှင်းပစ်ခဲ့တယ်မလား? ဒီနှစ်ယောက်က မင်းကိုမေးချင်တာ ရှိလို့” ဒီလိုပြောရင်း လုထန်ရီနှင့် ကောင်းချင်းမင်းတို့ကို လက်ညိုးညွှန်ပြလိုက်သည်။
ရှောင်ယွင့်လုံသည် ရေတစ်ခွက်အရင်ခပ်လိုက်ပြီးမှ ရေခွက်ကိုကိုင်ကာ ထိုင်လိုက်သည်။ ထို့နောက် လုထန်ရီအား ထူးဆန်းသည့်အမူအရာဖြင့်ကြည့်ကာ “တစ်ခုမေးရမလား? ခင်ဗျားက လုထန်ယုရဲ့ အကြာကြီးပျောက်နေတဲ့အကိုလား?”
လုထန်ယုသည် ဆွံ့အသွားသည်။ ကောင်းချင်းမင်းသည် မရယ်ဘဲ မရယ်နိုင်တော့ပေ။
“အကြာကြီးပျောက်နေတဲ့အကိုမဟုတ်ဘူး။ တကယ့်အကိုအရင်းပါ။ ရုပ်ချင်းဆင်နေလို့လား?”
လုထန်ရီက မေးသည်။
ရှောင်ယွင့်လုံသည် ရေတစ်ငုံလောက် သောက်လိုက်ပြီးမှ “အင်း သုံးဆယ်ရာခိုင်နှုန်းလောက်”
လုထန်ရီကို လုထန်ယုနှင့် မတွေ့ခင်တည်းက တွေ့ဖူးတာ ဖြစ်သည်။ လုထန်ယု၏ မိတ်ကပ်အထူကြီးက သူမ၏မျက်နှာအစစ်ကို ကွယ်ထားသော်လည်း ရှောင်ယွင့်လုံသည် သူမကို အကြိမ်ကြိမ်တွေ့သည့်အခါ ထူးဆန်းသည်ဟု ခံစားရသည်။ အရင်က သိပ်သတိမထားမိသော်လည်း လုထန်ရီကို အခုမြင်သည့်အခါ သူနှင့်ရုပ်ဆင်နေကြောင်း သိလိုက်တာဖြစ်သည်။
လုထန်ရီသည် သက်ပြင်းချကာ “သိပ်တော့ ရုပ်မတူကြပါဦး။ လက်ထောက်ခေါင်းဆောင်က အမြင်စူးရှလွန်းတာပါ” သူပြောချင်သည်မှာ လုထန်ယုသာ မိတ်ကပ်အထူကြီးလိမ်းမထားပါက သူတို့မောင်နှမသည် ပိုရုပ်ဆင်မှာ ဖြစ်သည်။
ထိုအချိန်တွင် ဝူချန်းယွဲ့သည် ရှောင်ယွင့်လုံကိုကြည့်ကာ “လင်းယုံးနဲ့ တခြားနှစ်ယောက်ကို မင်းရှင်းလိုက်တယ်မလား။ အဲ့မတိုင်ခင် သူတို့နှစ်ယောက်ဆီက ဘာသတင်းရသေးလဲ အင်း လုထန်ယုအကြောင်းပေါ့” သူသည် ‘အဲ့ဒီမိန်းမ’ဟုသည့် နာမ်စားသုံမလို့ ဖြစ်သော်လည်း လုထန်ရီ၏ မျက်နှာကို ထောက်ကာ နာမည်တပ်ပြောခြင်း ဖြစ်သည်။
ရှောင်ယွင့်လုံသည် ခေါင်းငြိမ့်ကာ “သူတို့သုံးယောက်က လုထန်ယုကို သတ်လိုက်တာ။ ဒါကိုသိပြီးသားထင်လို့ အများကြီး မပြောတော့ဘူး။ လင်းယုံးပြောတဲ့နေရာကို ငါတို့လူလွှတ်ရှာသေးတယ်။ ဒါပင်မယ့် အလောင်းကို မတွေ့ခဲ့ဘူး” လုထန်ယုသာ ဇွန်ဘီစားခံရပါက သူမ၏ကိုယ်သည် အပိုင်းပိုင်းဖြစ်မှာ ဖြစ်သော်လည်း အရိုးလောက်ကတော့ ကျန်ခဲ့မှာ ဖြစ်သည်။ သို့သော်လည်း ရှောင်ယွင့်လုံတို့လူများသည် လက်ညိုးတစ်ချောင်းတောင် ရှာမတွေ့ခဲ့ခြင်းပင်။
ကောင်းချင်းမင်းသည် သူ့၏နူးညံနေသည့် မေးကိုပွတ်ကာ ရုတ်တရပ်မေးသည်။ “ဇွန်ဘီဖြစ်သွားတာလား?”
ဝူချန်းယွဲ့နှင့် လုထန်ရီတို့နှစ်ယောက်လုံး ရှောင်ယွင့်လုံကို လှမ်းကြည့်လေရာ ရှောင်ယွင့်လုံသည် ဒီဖြစ်နိုင်ချေကို ငြင်းသည်။ “မဖြစ်နိုင်ဘူး။ ဇွန်ဘီကိုက်ခံရရင် ဇွန်ဘီရှင်းတဲ့နေရာမှ နေမှ။ ဒါပင်မယ့် လင်းယုံးနဲ့ တခြားနှစ်ယောက်ရဲ့ အပြောအရဆိုရင် သူတို့က ဇွန်ဘီတွေကြားထဲကို ပစ်ချခဲ့တာ။ အဲ့ဒါကြောင့် ဇွန်ဘီကိုက်ခံရမှာ သေချာတယ်”
လုထန်ရီ၏မျက်နှာသည် တအံ့တသြ ဖြစ်သွားသော်လည်း ငြိမ်နေသည်။ ကောင်းချင်းကတော့ ခနတွေးပြီးနောက် မေးသည်။ “ဒါဆိုရင် အလောင်းက ဘယ်မှာလဲ?”
ရှောင်ယွင့်လုံသည် လုထန်ရီကိုကြည့်ကာ “အမျိုးတော်မယ်လို့ မထင်မိဘူး။ တကယ့်ညီမလား?”
လုထန်ရီသည် ရှောင်ယွင့်လုံကို ခေါင်းမော့ကြည့်ကာ ခေါင်းငြိမ့်ပြသည်။ လုထန်ရီ၏ စိတ်မကောင်းနေသည့် မျက်နှာကိုမြင်သော် ကောင်းချင်းမင်းသည် သူ့အစားရှင်းပြသည်။ “သွေးတစ်ဝက်ပဲရောတဲ့ညီမပါ။ ကမ္ဘာမပျက်ခင်က မိသားစုရေးတွေက ရှုပ်ထွေးတော့ သူတို့က အရင်တည်းက မတည့်ကြဘူး။ ဒါပင်မယ့် လုထန်ရီက တစ်ချိန်လုံး စောင့်ကြည့်ပေးနေတာပါ။ ဒါပင်မယ့ အဲ့အချိန်တုန်းက တစ်ခုခုက လွဲသွားတော့ သတင်းချက်ချင်းမရလိုက်ဘူး”
ရှောင်ယွင့်လု့သည် ခေါင်းငြိမ့်ကာ “အဲ့ဒီမိန်းမ. . .အင်း . . .ကြားရတာ မကောင်းပင်မယ့် ယန်ချောင်းက သူ့ကိုမလိုချင်တော့ဘူး။ ပြီးတော့ တခြားယောက်ျားတွေကလည်း မလိုချင်ကြဘူး။ ပြီးတော့ အဲ့မိန်းမက သူ့ရန်သူကို မျက်စိကျနေတာ။ ဟူး အဲ့ဒီတော့ သဝန်တိုအောင် လုပ်သလိုဖြစ်သွားတယ်။ သူ့အသက်ကိုစွန့်ပြီး ငါတို့ခေါင်းဆောင်ကို နာကျင်အောင် လုပ်ရဲတော့ ယန်ချောင်းက အခွင့်အရေးရပြီး သတ်ခိုင်းလိုက်တာ။ လုထန်ယုကို ဇွန်ဘီအုပ်ထဲ ပစ်ချတာက ငါတို့ဆီပြီး သတင်းလွှင့်တာလည်း သူပဲမလား?” ရှောင်ယွင့်လုံသည် နှာမှုတ်ကာ ပြောလိုက်စဉ်တွင် သူ့အကြည့်များက စူးရှနေသည်။
စခန်းကလူတိုင်းသည် လုထန်ယုသေသည်မှာ ခေါင်းဆောင်ဝူအား ထိခိုက်စေသဖြင့် သူ့၏လူများက သူမကို ပုရွက်စိတ်တစ်ကောင်လို သတ်လိုက်ခြင်း ဖြစ်သည်ဟု ထင်နေကြတာ ဖြစ်သည်။ ခေါင်းဆောင်ဝူနှင့်သူ့လူများသည် သူ့လိုလှပသည့် မိန်းမတစ်ယောက်ကို မသတ်ရက်လောက်အောင် စိတ်ထားနူးညံ့မှာ မဟုတ်ပေ။ လူအချို့လောက်သာ ယန်ချောင်းက စွန့်ပစ်လိုက်ပြီး သတ်လိုက်ခြင်းကို သိကြသည်။
“ဒါငါတို့သိသလောက် အကုန်ပဲ။ ကျန်တာတော့ ကိုယ့်ဟာကိုယ်ဆက်ရှာကြတော့။ ဒီလောက်ပဲ ကူညီနိုင်တာ စိတ်မကောင်းပါဘူး” ဝူချန်းယွဲ့သည် လုထန်ရီအား တောင်းပန်စကား ပြောလိုက်သည်။
လုထန်ရီသည် လက်ကာပြကာ ပြုံးလိုက်ရင်း “ရပါတယ်။ အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်။ ပြီးတော့ လက်ထောက်ခေါင်းဆောင်ပေးတဲ့ အချက်အလက်တွေက အသုံးဝင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားတို့အချိန်ကို ထပ်မဖြုန်းတော့ပါဘူး။ ကျွန်တော်တို့လည်း လုပ်စရာတွေရှိသေးတယ်” စကားပြောပြီးသည့်အခါ ကောင်းချင်းမင်းနှင့် သူသည် ထပြန်လိုက်သည်။
ဝူချန်းယွဲ့သည် ဝူယွဲ့လင်းကို ချီထားကာ ဆက်ထိုင်နေသည်။ သူသည် သူတို့အားပြုံးပြကာ “ဟုတ်ပါပြီ။ နောက်မှ တွေ့ကြတာပေါ့”
လူငယ်နှစ်ယောက်ထွက်သွားသည့်အခါ ဝူချန်းယွဲ့သည် တံခါးပိတ်ကာ ပြန်လာသည့် ရှောင်ယွင့်လုံအား “အလောင်းကို တကယ်မတွေ့တာလား?”
ရှောင်ယွင့်လုံသည် မဖြေဘဲ ဝူချန်းယွဲ့အား ကြည့်လိုက်သည်။ ထို့နောက် သူသည် ဝူယွဲ့လင်းအားကြည့်ကာ “ဟမ်? လင်းလင်းလေးက ဦးလေးကိုဒီနေ့ မကြောက်ဘူးလား?”
ဝူယွဲ့လင်းသည် ဝူချန်းယွဲ့၏ပေါင်ပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေတာဖြစ်သည်။ ရှောင်ယွင့်လုံက သူမကိုကြည့်သည့်အခါမှ ရှောင်ယွင့်လုံကို ကျောခိုင်းကာ ဝူချန်းယွဲ့ကို ပြန်ဖက်လာသည်။
ရှောင်ယွင့်လုံသည် သူ့စကားကိုသူ သတိထားမိကာ ဒေါသထွက်သွားသည်။ ဝူယွဲ့လင်းကို ဝင်လာတည်းက သူသတိထားမိတာ ဖြစ်သည်။ ကလေးမလေးသည် သူ့အဖေကလွဲ၍ ဘယ်သူ့မှ မကြည့်ရဲသောကြောင့် သူသည် မျက်နှာလေးကို သေချာကြည့်ခွင့် သိပ်မရပေ။ သို့သော်လည်း ဒီမှာတစ်မိနစ်လောက် သူထိုင်နေတာတောင် ကလေးမလေးသည် သူ့ခြေနှင့်လက်များကို တစ်ချိန်လုံးကြည့်နေတာ ဖြစ်သည်။ သို့သော်လည်း ခေါင်းမော့ကာ သူ့မျက်နှာကိုတော့ မကြည့်ရဲပေ။ ဒါကသိပ်မထူးသော်လည်း ထူးဆန်းသည်မှာ ရုံးခန်းထဲတွင် သူစိမ်းနှစ်ယောက် ရှိနေတာတောင် သူ့အဖေကို တင်းနေအောင် ဖက်မထားခြင်းပင်။ သို့သော်လည်း ဒါကိုထောက်ပြလိုက်သည်နှင့် ကလေးမလေးသည် အရင်လို ချက်ချင်းပြန်ပြောင်းသွားသည်။
ရှောင်ယွင့်လုံပြောသည်ကို ကြားသည့်အခါ ဝူချန်းယွဲ့သည်လည်း အမူအယာပြောင်းသွားသည်။ ထို့နောက် သူ့မျက်လုံးများတောက်ပသွားသည်။ အစတုန်းက စကားပြောနေသဖြင့် သူ့သမီးကို သတိမထားမိတာဖြစ်သည်။ ဒီလိုပြောတော့မှ သူလည်း ပြန်သတိထားမိသွားသည်။
ဝူချန်းယွဲ့သည် သူ့ရင်ဘတ်ထဲတွင် မျက်နှာအပ်ကာ ပုန်းနေသည့် သူ့သမီးကို အနည်းငယ်ဖယ်လိုက်ကာ ပြုံးရွှင်စွာဖြင့် ငုံ့ကြည့်လိုက်ပြီး “လင်းလင်း ဦးလေးယွင့်လုံကို မကြောက်တော့ဘူးမလား?”