အဆင့်ငါးဇွန်ဘီသည် ရုတ်တရက်တိုက်ခိုက်မှုကို အဆင့်သင့်မပြင်မိသဖြင့် ချက်ချင်းတုန့်ပြန်ဖို့ နောက်ကျသွားသော်လည်း အန္တရာယ်ကျပြီကိုတော့ သိလိုက်သည်။
လင်းချင်းက ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက်သည့်အခါ သူမကို ချက်ချင်းသိလိုက်သ်ည။ သို့သော်လည်း လင်းချင်းသည် လက်သည်းများဖြင့် ယမ်းလိုက်ပြီးသည်နှင့် ဘေးကိုချက်ချင်းခုန်ရှောင်သွားသည်။ ထိုအချိန်တွင် ဇွန်ဘီခေါင်းဆောင်သည် လေထဲတွင် သူမ၏တိုက်ခိုက်မှုကို ရှောင်ရန် မနည်းကြိုးစားလိုက်ရသော်လည်း နောက်ကျသွားပြီ။ သူမ၏လက်သည်းမှ ထွက်လာသည့် လေဓားများက ပုံသဏ္ဍာန်မပြောင်းသော်လည်း ငါးမီတာအကွာကိုတောင် ရောက်နိုင်နေပြီ။
“ဂါး!” အဆင့်ငါးဇွန်ဘီသည် အော်ဟစ်ကာ အမိုးပေါ်ကနေ ပြုတ်ကျလာသည်။ အမိုးပေါ်တွင် ခြေလက်များကွေးလိမ်လျှက် သွားကိုဖြဲပြရင်း နက်မှောင်နေသည့် မျက်လုံးများဖြင့် လင်းချင်းအား ဒေါသတကြီးကြည့်ကာ ခုန်အုပ်ပြီးကိုက်ဖို့လုပ်သည်။
လင်းချင်းက ဘယ်ကရောက်လာသလဲ မသိသလို ဘာဖြစ်လို့ သူ့အဆင့်လောက်ရှိသည့် အခြားဇွန်ဘီကို မသိခဲ့ရခြင်းကို တွေးနေမိသည်။ အဆင့်ငါးဇွန်ဘီသည် လင်းချင်းကို သတိအပြည့်ဖြင့်ကြည့်ကာ တစ်ခုခုများသိမလားဟူ၍ ကြည့်နေသည်။ သို့သော်လည်း လင်းချင်းက ဒီနေရာတွင် ရုတ်တရက်ပေါ်လာခြင်းကို သိလောက်သည့်အထိတော့ ဉာဏ်မရှိပေ။ အရင်က ဒီနေရာတွင် သူ့အအပြင် အခြားအဆင့်မြင့် ဇွန်ဘီမရှိပေ။ လင်းချင်းကို ကြည့်နေရင်းတွင် သူ့ပေါင်က ဒဏ်ရာများကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း သူကနာကျင်မှုကို မခံစားရပေ။
လင်းချင်းသည်လည်း ၇မီတာ၈မီတာ အကွာမှ ဇွန်ဘီကို ကြည့်နေသည်။ သူမသည် နေကာမျက်မှန်ကို ပြန်တပ်ကာ ဦးထုပ်အောက်ကနေ သူမ၏မျက်ဝန်းနက်များဖြင့် ထိုဇွန်ဘီကို ငြိမ်သက်စွာ ကြည့်နေသည်။ ထိုဇွန်ဘီကို ကြောက်ဖို့မလိုတော့သည်ကို သူမအံ့သြနေမိသည်။ အရင်လဝက်လောက်တုန်းက အဆင့်ငါးရေခဲဇွန်ဘီလိုက်ခံရတုန်းက သူမသည် နယ်မြေထဲကတောင် မထွက်ရဲပေ။ အခုတော့လည်း အရာအားလုံးသည် ပြောင်းလဲသွားပြီ။
ဒီအဆင့်ငါးဇွန်ဘီသည် ဘာအစွမ်းရှိသလဲတော့ မသိသော်လည်း အမြန်နှုန်းအရဆိုရင်တော့ အားနည်းပုံရသည်။ မဟုတ်လျှင် သူမ၏လက်သည်းများကြောင့် အလွယ်လေး ဒဏ်ရာရစရာမရှိပေ။
ဇွန်ဘီခေါင်းဆောင်သည် လင်းချင်းကို ချက်ချင်းပြန်မတိုက်သေးဘဲ စိတ်ရှုပ်နေပုံရသည်။ အခုမှပေါ်လာသည့် လင်းချင်းသည် သူနှင့်အဆင့်အတူဖြစ်ကြောင်းကို ခံစားမိသည်။ သို့သော်လည်း သေချာအာရုံခံကြည့်သည့်အခါ သူ့ထက်အဆင့်တစ်ဆင့်နိမ့်သည့် အဆင့်လေးစွမ်းအားရှိဇွန်ဘီသာ ဖြစ်ကြောင်းကို သိလိုက်ရသည်။ ဒါပင်မယ့် လင်းချင်းသည် သူ့အတွက် အန္တရာယ်များသလို ခံစားစေရသဖြင့် သူမကိုကြည့်ရင်း ဒေါသထွက်ကာ ပိုစိတ်ရှုပ်လာတော့သည်။ သို့သော်လည်း စိတ်ရှုပ်သည်က ကြာကြာမခံဘဲ ရန်လိုစိတ်ကပြင်းထန်လာကာ သူ့ကိုယ်ကနေ ပြင်းထန်သည့် သွေးနံ့ကို ထုတ်လွှတ်လာတော့သည်။
လင်းချင်းသည် အဆင့်နိမ့်ဇွန်ဘီနှင့်လူသားများ၏ သွေးနံ့ကို ထိုဇွန်ဘီဆီက ရလိုက်သည်။ ထိုဇွန်ဘီ၏အနံ့အရဆိုလျှင် ဒီဇွန်ဘီသည် လူသားများကို နှစ်ခြိုက်စွာ စားသောက်နေခဲ့သည်မှာ အတော်ကြာလောက်ပြီ။
“ဂါး!” ဇွန်ဘီသည် လင်းချင်းအား အော်ကာ ထွက်သွားရန် ခြောက်လန့်သည်။
‘ငါ့ကိုထွက်သွားဖို့ ခြိမ်းခြောက်ရဲတယ်ပေါ့!’ လင်းချင်းက တွေးမိသည်။ လင်းချင်းသည် ထိုဇွန်ဘီကို ကြည့်ရင်း ရယ်ချင်လာသည်။ ထိုဇွန်ဘီသည် သူမအား ဒီလိုအော်ရုံလေးဖြင့် မောင်းထုတ်နိုင်မည်ဟု အထင်အမြင်သေးနေပုံရသည်။
နောက်တစ်စက္ကန့်အတွင်းမျာ လင်းချင်းသည် သူမရှိနေရာကနေ ပျောက်ကွယ်သွားသည်။ ထိုဇွန်ဘီသည် ဘာအစွမ်းရှိနေသလဲ မသိသဖြင့် လင်းချင်းသည် စွမ်းအားကို သေချာကြည့်ပြီးမှ သတ်မှာ ဖြစ်သည်။ ကိုယ်ပျောက်နေသည့် လင်းချင်းက ဇွန်ဘီ၏ အနောက်ကို ရောက်လာသည်။
သူမပျောက်သွားသည့်အခါ ဇွန်ဘီသည် ကြောင်အလို့သွားသည်။ အနက်ရောင်မျက်လုံးများကို ပြူးကာ သူမကိုလိုက်ရှာသော်လည်း သူရှာမတွေ့ပေ။
လင်းချင်းက သူ့အနောက်ကနေ သူ့ကိုတိုက်ခိုက်မည့်အကြောင်းကို မသိခဲ့ပေ။ လင်းချင်းသည် လေထဲကနေ ဖြတ်ခနဲပေါ်လာကာ လက်သည်းများဖြင့် ထိုဇွန်ဘီ၏ ခေါင်းကိုချိန်ရွယ်ကာ လွှဲယမ်းလိုက်သည်။
ထိုအခါ အလိုလိုအသိစိတ်အရ ဇွန်ဘိသည် လှည့်ကြည့်လာသော်လည်း ရှောင်ဖို့နောက်ကျသွားပြီဖြစ်ရာ သူ့အစွမ်းဖြင့်သာ ခုခံရတော့သည်။
“ချွင်!” သံထည်ကိုထိမိသည့်အသံက ထွက်လာသည်။
ထိုဇွန်ဘီ၏ခေါင်း၊ လည်ပင်းနှင့် နောက်ကျောအား သံလွှာက ဖုံးအုပ်ထားကြောင်းကို လင်းချင်းက မြင်လိုက်ရသည်။ သူမ၏တိုက်ခိုက်မှုသည် ဘာထိခိုက်မှုမှ မဖြစ်စေဘဲ အဖြူရောင်အစင်းကြောင်းများသာ သံလွှာတွင် ထင်ကျန်ခဲ့သည်။ လင်းချင်းသည် တိုက်ခိုက်မှုက အလုပ်မဖြစ်ကြောင်းသိသည်နှင့် ချက်ချင်းအနောက်သို့ ခုန်ဆင်းသည်။ သူမသည် စိတ်ပျက်မသွားဘဲ ထိုဇွန်ဘီကို ကြည့်လိုက်သည်။ ‘ဒီဇွန်ဘီက လုံချင်းယင်လို သတ္တုအစွမ်းရှိတာပဲ’
ဇွန်ဘီခေါင်းဆောင်သည် လင်းချင်းအား လှည့်ကြည့်ကာ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အော်သည်။ “ဂါး!”
သူမအော်ခင်တည်းက လင်းချင်းသည် သူ့ဒေါသကို အာရုံခံမိသည်။ ‘စိတ်တိုနေပြီ’
ဇွန်ဘီခေါင်းဆောင်သည် တကယ်ကြီးစိတ်တိုနေကာ အော်ပြီးသည်နှင့် လင်းချင်းအား စိတ်မရှည်စွာ ခုန်အုပ်တော့သည်။
ဇွန်ဘီကတိုက်သည့်အခါ လင်းချင်းသည် နယ်မြေထဲသို့ ဝင်မပြေးပေ။ သူမသည် လက်သည်းများဖြင့် လှမ်းယမ်းလိုက်ပြီးနောက် အနောက်သို့ဆုတ်လိုက်ကာ ထိုဇွန်ဘီ၏ သံလက်သည်းများကို ရှောင်လိုက်သည်။ ဇွန်ဘီခေါင်းဆောင်၏ လက်သည်းများသည် ပိုရှည်လာကာ ၂၀စင်တီမီတာလောက်ရှည်ပြီးနောက် သံဓားများလို ချွန်ထက်နေတာဖြစ်သည်။
လင်းချင်းက ရှောင်လိုက်သည်နှင့် ဇွန်ဘီခေါင်းဆောင်သည် ကြမ်းပြင်သို့ အရှိန်လွန်ကျသွားကာ ထိုကြမ်းပြင်ကို တိုဖူးလှီးသကဲ့သို့ လက်သည်းများက ဖြတ်ပစ်လိုက်သည်။ ထိုလက်သည်းများသည် တကယ့်ကိုထက်လွန်းသည်။ ပစ်မှတ်ဖြင့်လွဲသွားသည့်အခါ ပြန်ထလာကာ လင်းချင်းအား သွားများဖြဲပြကာအော်ရင်း လက်သည်းဖြင့်ထိုးခွဲဖို့ ပြေးလာသည်။ “ဂါး!”
ထိုဇွန်ဘီ၏အသံတွင် ဒေါသဖြင့် မကျေနပ်မှုများ ပါနေသဖြင့် လင်းချင်းသည် မျက်ခုံးပင့်မိသွားသည်။ ထိုဇွန်ဘီက သူမဖြင့် မျက်နှာချင်းဆိုင်တိုက်ချင်နေတာ ဖြစ်သည်။ ‘တကယ်ကြီး ငါ့ကိုတိုက်ရဲတယ်ပေါ့! မျက်နှာချင်းဆိုင်တိုက်မယ်တဲ့လား? ဟုတ်ပြီလေ။ နင်မသေခင် နင့်ဆန္ဒကို ဖြည့်ပေးရတာပေါ့!’ လင်းချင်းသည် သူမ၏လက်များကိုလှုပ်လိုက်ကာ အေးစက်သည့်အပြုံးတစ်ခုပြုံးလိုက်သည်။
“ဂါး!” ဇွန်ဘိခေါင်းဆောင်သည် သူမ၏အကြည့်နှင့်အပြုံးကို နားလည်ပုံရသဖြင့် ထပ်အော်သည်။ သူ့၏အနက်ရောင်မျက်လုံးများသည် သူမကိုစိုက်ကြည့်နေရာ သူမ၏ခေါင်းကို ဖြတ်ဖို့အတွက် အမြန်ပြေးလာသည်။
တစ်ချိန်တည်း လင်းချင်းသည်လည်း ညာခြေကိုနောက်ဆုတ်ထားကာ လက်သည်းများကို မြှောက်ထားလျှက် တိုက်ခိုက်ဖို့အသင့်ပြင်ထားသည်။