၃၈၀။ ငါအရင်ရယ်ဦးမယ်
ကောင်းချင်းမင်း၏ ချောမောသည့် မျက်နှာသည် ရုတ်တရပ် တောင့်ခဲသွားသည်။ သူ့မျက်လုံးကျဉ်းကျဉ်းများသည် အာရုံမစိုက်နိုင်ဘဲ ဖြစ်သွားသည်။
ထို့နေ့ညက အေးတိအေးစက် မျက်နှာကို သူမှတ်မိသေးသည်။ ထိုမျက်နှာက နူးညံ့မနေကာ ပြတ်သားသည့် မျက်လုံးများက သူ့အား နက်ရှိုင်းစွာ အထင်ကြီးစေသည်။ ဓားလိုထက်နေသည့် မျက်လုံးများကို သူအခုထိတိုင်အောင် ခံစားမိနေသေးသည်။
“ဪ. . . ဆံပင်စည်းထားတဲ့ မိန်းမရဲ့ အကြည့်တွေက နည်းနည်း ကြောက်ဖို့ကောင်းတယ်လို့ ငါခံစားမိလို့ ငါသူ့ကို ကိုင်တွယ်နိုင်မယ် မထင်လို့ မင်းကို အဲ့ဘက် တွန်းပို့လိုက်တာ ဘာဖြစ်လို့မှန်းတော့ ငါလည်းမသိဘူး”
သူ့၏ စိတ်ရှုပ်နေသည့် မျက်နှာနှင့် အဖြေကို ကြားသည့်အခါ လုထန်ရိ၏ မျက်လုံးများသည် တောက်ပသွားသည်။ လက်ပိုက်ထားသည်ကို ဖြေလိုက်ကာ ထတောင်ရပ်၍ ကောင်းချင်းမင်းအား စိတ်ဝင်စားစွာ ကြည့်လာသည်။
“ချင်းမင်း မင်းသိလား? မင်းမျက်နှာက အခုနည်းနည်း. . .ပူနေသလိုပဲ”
ကောင်းချင်းမင်းသည် နားမလည်ဖြစ်သွားကာ သူ့မျက်နှာအား လက်ဖြင့်ထိကြည့်သည်။
ထိုအခါ လုထန်ရိသည် အော်ရယ်တော့သည်။
“ဟား ဟား ဟား ဟား ဟား. . .”
သူသည် ဘာစကားမှ မပြောဘဲ ပျော်ရွှင်စွာဖြင့် အကျယ်ကြီးကို ရယ်နေသည်။
ကောင်းချင်းမင်းကတော့ သူ့အားအံ့သြနေသည်။ လုထန်ရိက ရယ်နေတာ မရပ်သည့်အခါ သူစိတ်မရှည်တော့ဘဲ “မင်းပြောစရာရှိရင်ပြောကွာ ဘာဖြစ်လို့ သရဲလိုရယ်နေတာလဲ”
ရယ်နေရင်း လုထန်ရိသည် နဖူးကိုလက်ဖြင့်တစ်ဖက်က ကာထားကာ တစ်ဖက်က သူ့အားလက်ကာပြရင်း ပြန်ထိုင်ချလိုက်သည်။ “ဟား ဟား ဟား ငါအရင်ရယ်ဦးမယ်။ ငါမထိန်းနိုင်တော့ဘူး ဟား ဟား ဟား”
သူ့ရယ်သံကိုကြားသည့်အခါ ကောင်းချင်းမင်း၏ မျက်နှာထားသည် မည်းသထက် မည်းလာသည်။ လုထန်ရိကို တစ်ချက်ကြည့်ကာ ပြောသည်။ “ဟေ့ကောင် မင်းရှင်းအောင်ပြော”
ထိုအခါမှ လုထန်ရိသည် ရယ်တာကို ရပ်လိုက်တော့သည်။ ကောင်းချင်းမင်းကို သူကြည့်ကာ မေးသည်။ “ဒါဆိုရင် ငါမေးတာကို အရင်ဖြေ။ အဲ့နေ့တုန်းက မင်းသူ့ရဲ့ ဓားလိုမျက်လုံးတွေကို မြင်လိုက်ရတော့ ရင်ခုန်သွားတယ်မလား?”
ကောင်းချင်းမင်းသည် ထိုနေ့က သူမ၏ နဂိုရှင်းသန့်နေသည့် မျက်နှာကို ပြန်တွေးကြည့်လိုက်သည်။ သို့သော်လည်း သူ့အာရုံမှာ သူမ၏ ဒီလိုမျက်လုံးများတွင်သာ ဆွဲဆောင်ခံလိုက်ရတာ ဖြစ်သည်။ တစ်ဖက်သူ၏ စကားကို သူသည် ခေါင်းငြိမ့်ကာ တုန့်ပြန်လိုက်သည်။
လုထန်ရိက ဆက်ပြောသည်။ “အဲ့အချိန်တုန်းက မင်းအလိုလိုကြောက်သွားတယ်မလား? မင်းဦးနှောက်ထက် ကိုယ်ကအရင်တုန့်ပြန်ပြီးတော့ ထွက်ပြေးဖို့ လုပ်တာမလား?”
ထိုအချိန်တုန်းက ကောင်းချင်းမင်း၏ တုန့်ပြန်မှုသည် အလိုလိုဖြစ်လေရာ ခေါင်းက အလုပ်မလုပ်ပေ။ ထို့ကြောင့် သူခေါင်းထပ်ငြိမ့်ပြလိုက်သည်။
လုထန်ရိသည် ထပ်ရယ်ပြန်သည်။ သူသည် ခုံပေါ်သို့ လက်နှစ်ဖက်ကိုထားကာ ထိုလက်ပေါ်တွင် ခေါင်းကိုတင်လိုက်၍ “ဟား ဟား ဟား ဟား ဟား. . .”
ကောင်းချင်းမင်းသည် သူ့ရယ်သံကို ကြားရသည့်အခါ အရမ်းကို အဆင်မပြေ ဖြစ်လာသည်။ သူမနေနိုင်တော့ဘဲ ပြောလိုက်သည်။ “မင်း ရယ်မနေလို့ မရဘူးလား? ပြောစရာရှိတာကို တည့်တည့်ပြော”
ထိုအခါ လုထန်ရိသည် ကောင်းချင်းမင်းအား အပြုံးကြီးဖြင့် ကြည့်ကာ “ချင်းမင်း မင်းကတော်ပါတယ်။ ဘာဖြစ်လို့ ဒါမျိုးတွေကျတော့ စိတ်ကနှေးနေတာလဲ?”
“ဒါမျိုး? ဒါမျိုးက ဘာလဲ?” ကောင်းချင်းမင်းသည် သူ့အားနားမလည်စွာဖြင့် ကြည့်သည်။
လုထန်ရိသည် သူ့အားကြည့်ကာ ခေါင်းခါလိုက်၍ “ထားလိုက်တော့။ မင်းဟာမင်း သိသွားမှ အဓိပ္ပါယ်ရှိမှာ။ ငါမင်းကို ပြောမပြနိုင်ဘူး။ ဒါပင်မယ့် တစ်ခုတော့ မှတ်ထား။ မင်းခံစားချက်နောက်ကို မင်းလိုက်ရုံပဲ”
ကောင်းချင်းမင်းသည် အတော်လေး အာရုံစားသွားသည်။ ဒါမျိုးပြောပြတာက ဘာမှမပြောတာနှင့် အတူတူပဲမလား?
“မင်းဘာတွေပြောနေတာလဲ? မင်းပြောတဲ့ တစ်လုံးမှ ငါနားမလည်ဘူး” သူပြောသည်။
လုထန်ရိသည် ခေါင်းခါကာ ဘာမှထပ်မပြောပေ။ ထို့နော်က ကောင်းချင်းမင်းက သူ့အားဘယ်လောက်မေးမေး သူသည် ပြုံးသာပြနေလိုက်သည်။ ထို့ကြောင့် ကောင်းချင်းမင်းသည် ဒေါသထွက်ကာ သူ့အားထား၍ ထွက်သွားတော့သည်။
ကောင်းချင်းမင်းသည် ထွက်လာသည့်အခါ ထိုမိန်းမ၏ အေးတိအေးစက် မျက်နှာကိုသာ စိတ်ထဲတွင် မြင်ယောင်နေသည်။ သူတို့က တစ်ချိန်လုံး သူမ၏အကြောင်းကို ပြောခဲ့သဖြင့် ဒီလိုမြင်ယောင်နေမိတာများလားဟု သူတွေးနေမိသည်။
သူမ၏ရုပ်ရည်သည် သာမန်ဖြစ်သော်လည်း ရှင်းသန့်နေသည်။ ထို့အတူ သူမ၏အရှိန်အဝါသည် သန်မာလေရာ လူတိုင်းအား သူမနှင့် ခပ်ခွာခွာနေဖို့ ပြောနေသလိုပင်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကတော့ မဆိုးပေ။
. . .
ထို့နေ့လည်တွင် ယွမ်ထန်ရှင်း၊ လင်းဝမ်ဝမ်၊ လုံချင်းယင်၊ လုကျင်းကျားနှင့် အခြားသူများသည် ပင်လယ်မြို့တော်စခန်းကနေ ဟန်ကျိုးမြို့ပေါ်သို့ ထွက်သွားကြသည်။
လင်းချင်း၏ နယ်မြေတွင် သူမအား ရစ်ပတ်ထားသည့် နွယ်လုံးကြီးသည် ဖြည်းဖြည်းချင်း ပျောက်နေဆဲပင်။ အရမ်းကြီးလွန်းသည်ဖြစ်ရာ လုံးဝကို အပြီးအပိုင်ပျောက်သွားဖို့အတွက် ၂၄နာရီလောက် ကြာသွားသည်။
လင်းဖန်၊ ချန်ယုတင်းနှင့် သူတို့လူများသည် အရင်ဆုံး ဟိုတယ်ကို သန့်ရှင်းရေးလုပ်ကြကာ အသုံးဝင်နိုင်သည့် ပရိဘောဂပစ္စည်းများကို ခွဲခြား၍ ရည်တွက်ကြသည်။ ကျိုးပဲ့နေသည်များနှင့် ဆိုးဆိုးဝါးဝါးသွေးစွန်းနေသည်များကို ဖယ်ထုတ်ကြသည်။ ထို့နောက် ဒါတို့ကို အပိုင်းပိုင်းခွဲခြင်း သို့မဟုတ် မီးရှို့ခြင်းတို့ လုပ်ကြသည်။
ထိုအချိန်တွင် အမျိုးသမီးလင်းနှင့် တခြားအမျိုးသမီးတို့မျာ စောင်၊ အခင်း၊ လိုက်ကာနှင့် တခြားအရာများကို သန့်ရှင်းရေး လုပ်ကြသည်။ ဒီအလုပ်များသည် ရက်နည်းနည်းလောက်ဖြင့် မပြီးနိုင်လေရာ လင်းဖန်နှင့် အခြားသူများသည် စလုပ်တည်းက စိတ်ရှည်ရှည်ဖြင့် လုပ်ကြသည်။ စခန်းဆောက်ဖို့ဆိုသည်က တစ်ဆင့်ပြီးတစ်ဆင့် သွားရမှာ ဖြစ်သည်။
ချူးလီလီနှင့် မုံမုံတို့မှာ သန့်ရှင်းရေး လုပ်နေသည်ကို မကူညီပေးဘဲ အမိုးပေါ်ကနေ သူတို့အား တိတ်တဆိတ်ကြည့်နေသည်။ လင်းဟောင်တို့ကတော့ ပတ်ဝန်းကျင်ကို ရှင်းလင်ရေးလုပ်၍ အစာနှင့် လိုအပ်မည့်ပစ္စည်းများ သွားရှာကြသည်။
အလုပ်ရှုပ်သည့်နေ့ပြီးနောက် ညနေခင်းတွင် ကားတစ်စီး မောင်းလာသည်ကို သူတို့ကြားလိုက်ရသည်။ မေးစရာမလိုအောင်ကို ကားထဲက လူများသည် သူတို့မိတ်ဆွေများ ဖြစ်နေ၍ပင်။ မဟုတ်လို့ကတော့ ဇွန်ဘီနံရံကြီးကို ဒီကားက ဘယ်လိုလုပ်ဖြတ်လာနိုင်မည်နည်း။
ကားသံကိုကြားသည့်အခါ လင်းဖန်က အရင်ဆုံးတွေးမိသည်မှာ ယွမ်ထန်ရှင်းတို့ပင်။
“ထန်ရှင်းတို့တွေ ပြန်လာကြပြီ ထင်တယ်”
ထိုအခါ အလုပ်လုပ်နေသည့် သူများသည် လုပ်လက်စကိုရပ်၍ ဟိုတယ်ရှေ့က လမ်းမကြီးကို ကြည့်ကြသည်။ လင်းဖန်သည် ချန်းယုတင်းကို တစ်ချက်ကြည့်ကာ နာရီကိုကြည့်၍ “ညစာစားချိန်ရောက်ပြီ။ လူတိုင်းကို အလုပ်သိမ်းပြီး ညစာစားဖို့ ပြောလိုက်တော့”
ချန်ယုတင်းက ခေါင်းငြိမ့်ပြသည်။
SUVကားသည် ဟိုတယ်အရှေ့တွင် ရပ်သည်နှင့် ကားအမိုးပေါ်တွင် ထိုင်ရတာကြိုက်သည့် လုံချင်းယင်သည် ကားပေါ်ကနေ အရင်ဆုံး ဆင်းလာသည်။ ထို့နောက် ကားတံခါးတို့က ပွင့်လာ၍ ယွမ်ထန်ရှင်း၊ လင်းဝမ်ဝမ်နှင့် အခြားသူများက ထွက်လာသည်။
လင်းဖန်နှင့် အခြားသူများအား ဟိုတယ်ရှေတွင်တွေ့မှ သူတို့သည် သက်ပြင်းချနိုင်ကြသည်။
အမျိုးသမီးလင်းသည် လင်းရှောင်လု၏ လက်ကိုဆွဲထားရင်းက ကားအနားကလူများကို ကြည့်၍ သူမနှင့် မီတာအချို့ဝေးနေသည့် လင်းဝမ်ဝမ်အား မေးသည်။ “ဝမ်ဝမ် သမီးဆံပင်ညှပ်လိုက်တာလား? ဘာဖြစ်လို့လဲ?”
လင်းဝမ်ဝမ်သည် သူမ၏နားအနားက ဆံပင်များကိုထိကာ သဘာဝကျသည့် အပြုံးလေးဖြင့် “ဘာမှမဖြစ်ပါဘူး။ ဆံပင်ရှည်ကြီးက အဆင်မပြေဘူးလို့ သမီးခံစားမိလို့ ညှပ်ပစ်လိုက်တာ”
အမျိုးသမီးလင်းနှင့် ချန်းဝမ်ရှုတို့သည် သူမအား အံ့သြစွာ ကြည့်ကုန်ကြသည်။ “ဘယ်လိုဖြစ်ရတာလဲ? အဆင်မပြေဘူးထင်လို့ ဆံပင်ညှပ်တယ်? ယုံတောင်မယုံနိုင်ဘူး ဘာတွေဖြစ်နေတာလဲ? အမေ့ကိုပြောစမ်း” အမျိုးသမီးလင်းက ပြောသည်။
“အမေ သမီးကိုယ့်ကိုယ်ကို ပြောင်းလဲချင်လို့ပါ” လင်းဝမ်ဝမ်က ရှင်းပြရတော့ပေ။ “သမီးက အရမ်း တစ်ကိုယ်ကောင်းဆန်တယ်လို့ အကုန်လုံးက ပြောတယ်မလား? ပြောင်းလဲလိုက်တော့မလို့။ စိတ်ဆုံးဖြတ်ပြီး ညှပ်လိုက်တာပါ။ ဘာဖြစ်လို့လဲဟင်”
အမျိုးသမီးလင်းသည် သူမအား မယုံနိုင်စွာကြည့်ကာ “ငါတို့ ဒါကိုပြောပေါင်းများနေပြီ။ ဘယ်တုန်းကမှ ဂရုစိုက်တာမှ မဟုတ်တာ။ အခုတော့ ဘယ်လိုလုပ်ပြီး ပြောင်းလဲချင်သွားရတာတုန်း?”
“ဟုတ်တယ်” ချန်းဝမ်ရှုက ခေါင်းငြိမ့်သည်။
“ဟာ သမီးပြောတာကို ယုံပေးပါ” လင်းဝမ်ဝမ်က ကူကယ်ရာမဲ့စွာ ပြောသည်။ “ညှပ်တောင်ပစ်ပြီးနေပြီ။ ပြီးတော့လည်း နောင်တမရဘူး။ ဒီဆံပင်က ရုပ်ဆိုးလို့ အသားမကျသေးကြတာပဲမလား?”
အမျိုးသမီးလင်းနှင့် ချန်းဝမ်ရှုက ခေါင်းငြိမ့်သည်။ အမျိုးသမီးလင်းက “နည်းနည်းရုပ်ဆိုးတာတော့ အမှန်ပဲ။ သမီးပြောမှပဲ အမေလည်း ကြည့်ရတာ ဆန်းနေတော့တယ်”
လင်းဖန်တို့ကလည်း သဘောတူစွာ ခေါင်းငြိမ့်ကြသည်။ သူမ၏ ဖြစ်သလိုညှပ်ထားသည့် ဆိုးဆိုးဝါးဝါးဆံပင်တိုကို ကြည့်ကာ သူတို့မြင်နေကြ ရှည်လျားတောက်ပြောင်နေသည့် ဆံပင်အကြောင်းကို တွေးမိ၍ အနည်းငယ်ဆန်းနေကြသည်။
သို့သော်လည်း အမျိုးသမီးလင်းက စကားလမ်းကြောင်းကို ပြောင်းပစ်သည်။ “လုမိန်းကလေးရော ပါမလာဘူးလား? ပြီးတော့ ယွမ်ရှင်းကရော. . .”
လင်းဝမ်ဝမ်သည် အမေးကိုဖြေသည်။ “လုမိန်းကလေးက ထွက်မလာသေးဘူး။ ယွမ်ရှင်းက လူစုဖို့ ပင်လယ်မြို့တော်စခန်းမှာ နေကျန်ခဲ့တယ်။ သမီးတို့က လူတွေထပ်လိုသေးတယ်လေ”