၂၂၂။ အက်စစ်မိုး
လင်းချင်းသည် အခြားသူများကို တစ်ချက်လှည့်ကြည့်၍ ပျောက်သွားသည်။
“ဟမ်? ဟိုအမျိုးသမီးထွက်သွားပြီ။ ဘယ်ကိုသွားတာလဲ? ခေါင်းဆောင်ဝူကို သွားရှာတာလား?” ဟွမ်ရှို့က လင်းချင်းပျောက်သွားသည်ကို ခေါင်းမော့ကြည့်ကာ ပြောသည်။ အခြားသူများသည်လည်း ထိုဖက်သို့ တစ်ချက်ကြည့်ကာ သိပ်ဂရုမစိုက်ဘဲ ပြောသည်။ “ဟုတ်မှာပေါ့။ ဟွမ်ရှို့ ထင်းထပ်သွားရှာလိုက်ဦး။ မီးကနည်းနေတယ်”
“အင်း”
ကျန်းရှောင်ညန်သည် သက်ပြင်းချကာ ပြောသည်။ “ငါတို့မှာ ကန်စွန်းဉသာရှိမယ်ဆိုရင် အခုမီးဖိုထားတာမှာ ကင်လိုက်လို့ရတယ်။ အရသာရှိမှာပဲ”
အခြားသူများသည် မျက်လုံးကိုလှန်လိုက်ကာ ပြောသည်။ “ငါတို့မှာရှိရင်တောင်မှ ဘယ်သူကစားရဲမှာလဲ?” ပိုးများက နေရာတိုင်းတွင်ရှိနေလေရာ ဘယ်သူကမှ စခန်းတွင် သန့်စင်ထားတာ မဟုတ်လျှင် မစားရဲကြပေ။
“ဒါပင်မယ့် ငါတို့အကုန်လုံးက သန္ဓေပြောင်းစတော်ဘယ်ရီသီးတွေ စားထားတာပဲဟာ” ဟွမ်ရှို့က ပြောသည်။ “ငါတို့နှစ်ရက်လုံး ဘာမှမဖြစ်ဘူး”
လုထန်ရိသည် ခေါင်းငြိမ့်ကာ ပြောသည်။ “စိတ်မပူနဲ့ စတော်ဘယ်ရီသီးတွေက ဘာမှမဖြစ်ဘူး နှစ်ရက်ကြာတာတောင် ဘာမှဖြစ်တာ မဟုတ်တာ။ ပြီးတော့လည်း ငါတို့ကို အဆိပ်ကျွေးစရာ အကြောင်းမှ မရှိတာ။ ပြီးတော့လည်း မင်းတို့မြင်တဲ့အတိုင်း မင်းသမီးလေးကိုတောင် စတော်ဘယ်ရီသီးတွေ ကျွေးနေတာ”
ကောင်းချင်းမင်းက သူ့ကိုကြည့်ကာ ပြောသည်။ “သူက ဘယ်လိုမျိုးလဲဆိုတာကို မင်းမေ့သွားတာလား?”
ဒီလိုပြောလိုက်သည်နှင့် အခြားသူများသည် တိတ်ဆိတ်သွားကြသည်။ လုထန်ရိနှင့် ရှဲ့တုန်းတို့က မျက်နှာများ မည်းသွားစဉ် အခြားသူများက နားမလည်နိုင် ဖြစ်နေကြသည်။
“ဟမ်? ဘာကိုပြောတာလဲ? သူ့ကိုသိတာလား?”
လုထန်ရိ၏ ဆူပုပ်နေသည့် မျက်နှာထားကြောင့် ကောင်းချင်းမင်းသည် သူမကြားချင်သည်ကို ပြောမိလိုက်ကြောင်း နားလည်လိုက်သည်။ သို့သော်လည်း လုထန်ရိကို သတိပေးဖို့တော့ လိုမည်ဟု သူယုံကြည်မိသည်။ လုထန်ယုက အများကြီးပြောင်းလဲသွားသော်လည်း အရင်က သူမလုပ်ခဲ့တာတွေကြောင့် သူမအား သိပ်မကြည်သေးပေ။
ကောင်းချင်းမင်း၏ စကားများကြောင့် အခြေအနေပြောင်းသွားသဖြင့် အခြားသူများက ပိုစိတ်ရှုပ်ကုန်သည်။ “ဘာဖြစ်လို့လဲ?”
‘ဘာဖြစ်လို့လဲ? ငါတို့ဆရာတွေနဲ့ ဒီအမျိုးသမီးကြားမှာ တစ်ခုခုဖြစ်ခဲ့လို့လား? ဒါပင်မယ့် ငါတို့လည်း အရင်က ဒီအမျိုးသမီးကို သိတာမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး ငါတို့ဆရာတွေနဲ့ ဆက်ဆံရေးတစ်ခုခုက ရှိသွားတာလဲ? ဒါပင်မယ့် ဒီအမျိုးသမီးသာ ငါတို့ဆရာတွေကို သိတယ်ဆိုရင် ငါတို့ကို ကယ်ရတဲ့အကြောင်းက ရှိလို့ပေါ့’ ထိုလူများက လင်းချင်းသည် သဘောကောင်းသူဖြစ်သောကြောင့် ဖြတ်သွားရင်း သူတို့ကို ကယ်ပေးခဲ့သည်ဟု ထင်ခဲ့သော်လည်း အခုတော့ တခြားအတွေးများ တွေးကုန်ကြပြီ။
လုထန်ရိသည် မျက်တောင်ခတ်ကာ ပြောသည်။ “ဘာပဲဖြစ်ဖြစ် ငါတို့တွေက ဒီစတော်ဘယ်ရီသီးတွေ စားပြီးကုန်ပြီပဲ။ ဘာဆိုးတာ ထပ်ဖြစ်ဦးမှာလဲ? ငါကတော့ သူ့ကိုယုံလိုက်မယ်။ အရင်ကလိုမျိုး မဟုတ်တော့ဘဲ လုံးဝပြောင်းလဲသွားပြီဆိုတာကို မင်းသတိထားမိသင့်တယ်။ ဝန်မခံပင်မယ့် မင်းကိုယ်တိုင်လည်း အဲ့မိန်းမဆိုတာကို မှတ်မိတယ်မလား?”
ကောင်းချင်းမင်းသည် သူ့ကိုခနစိုက်ကြည့်ပြီးနောက် အကြည့်လွှဲသွားကာ သူ့အဝတ်ကိုပဲ ကြည့်နေသည်။ လုထန်ရိပြောသည်က မှန်သည်။ အခုတော့ သူတို့မှာ သူမကိုယုံဖို့အပြင် မရှိတော့ပေ။ အခြားသူတို့မှာ ဘာမှမလုပ်နိုင်ပေ။ သူမသည် အစာနှင့်ရေ ထောက်ပံ့ပေးရုံတင်မက သူတို့ကိုလည်း ကယ်ပေးခဲ့သေးသည်။
ထိုအချိန်တွင် ဟွမ်ရှို့သည် အာလူးပုံကြီးကို လက်ညိုးထိုးပြကာ ပြောသည်။ “ကြည့် ဟိုမှာ အာလူးတွေမလား? အာလူးကင်စားရအောင်” ဒီလိုပြောရင်းဖြင့် အာလူးများကို သွားခူးလာသည်။
“ဝမ်းနည်းစရာက ငါတို့မှာ အချဉ်ရည်မရှိဘူး” ကျန်းရှောင်ညန်က ပြောသည်။
အခြားသူများသည် သူတို့နှစ်ယောက်အား သုံးစက္ကန့်လောက် ငြိမ်သက်စွာ ကြည့်နေပြီးမှ ဟွမ်ရှို့အား တစ်သံတည်းပြောကြသည်။
“ဟွမ်ရှို့ အာလူးတွေကို မီးဖုတ်လိုက်တော့”
“အင်း” ဟွမ်ရှို့သည် အားလူးများဖြင့် တံစို့ဖြင့်ထိုးရင်းက ပြန်ဖြေသည်။
ထိုအချိန်တွင် လင်းချင်းသည် သူမကြောင့် ကောင်းချင်းမင်းနှင့် လုထန်ရိတို့နှစ်ယောက်သည် စိတ်မတိုက်ဆိုင်သလို ဖြစ်နေကြသည်ကို မသိပေ။ သူမသည် ပြတင်းပေါက်ဘေးက ဝရံတာပေါ်ကနေ မိုးရွာနေသည်ကို ကြည့်နေသည်။
အပြင်က လေထဲမှ ချဉ်စုတ်စုတ်အနံ့များကို ရသည့်အခါ လင်းချင်းသည် နှာမချေဘဲ မနေနိုင်ပေ။ ထို့နောက် နှာခေါင်းကိုပွတ်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ကမ္ဘာပျက်ခေတ်ကြီးက အလွန်ဆိုးဝါးသည်။ နေထွက်လာသည့်အခါ အပူချိန်သည် လေးဆယ် သို့မဟုတ် ငါးဆယ် ဒီဂရီလောက်ရှိသည်။ ခြောက်ဆယ်တောင်ရှိတက်သေးသည်။ လူတို့သည် နေရောင်အောက်တွင် လောင်မြိုက်ခံရသလို ခံစားရသည်။ သို့သော်လည်း ညပိုင်းတွင် အရမ်းချမ်းလွန်းသည်။ မိုးရေတွင် အက်စစ်ပါနေသောကြောင့် လင်းချင်သည် ချဉ်သည့်အနံ့ကို ရနေတာ ဖြစ်သည်။
လင်းချင်းသည် လက်ပိုက်ထားသည်။ အခုအချိန်တွင် သူမသည် အခြားအနံ့များကို မရနိုင်ပေ။ မိုးရေသည် အနံ့များကို ရှင်းပစ်လိုက်ကာ ချဉ်သည့်အနံ့ကြီးကသာ သူမ၏နှာခေါင်းထဲသို့ ဆိုးဆိုးဝါးဝါးဝင်နေသည်။
ဝူချန်းယွဲ့သည် အရင်နေရာတွင် ရှိမရှိ မသေချာပေ။ သူသာထွက်သွားပါက သူမသည် လိုက်ရှာမနေပေ။ သို့သော်လည်း သူ့တပ်ဖွဲ့ကတော့ အနားတွင်ရှိလိမ့်မည်။ သူမသာ သူ့ကိုရှာမတွေ့လျှင် သူ့တပ်သားများကို သွားရှာမည်။
မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံတို့ နှစ်ယောက်လုံးက ဇွန်ဘီဘုရင်မ သတ်လိုက်ခြင်းကို ခံရပြီဟုထင်သည့် တပ်သားများသည် ကြမ်းပြင်ပေါ်တွင် လဲကျ၍ အိပ်ပျော်နေရာမှ နိုးလာကြသည်။ တပ်ဖွဲ့ခေါင်းဆောင်များက အရင်နိုးလာသည်။
အဆင့်ငါးစွမ်းအားရှင်များသည် အခြားသူများထက် သူတို့ကိုယ်များက ပိုသက်သာရန် မြန်ကြသည်။ မျက်လုံးဖွင့်သည့်အခါ သူတို့သည် ကြမ်းပြင်ပေါ်တွင် အကာအကွယ်မဲ့စွာ လဲနေသဖြင့် ချက်ချင်းထလိုက်ကြသည်။ ထို့နောက် အခြားသူများလည်း လဲနေလေရာ သူတို့သည် အသက်တောင်ရှိသေးကြလား မသိပေ။ သူတို့သည် ကြောက်လန့်တကြား အခြားသူများကို အမြန်သွားကြည့်ကြသည်။ သို့သော်လည်း ဒီလူများသည် ဘာဒဏ်ရာမှ မရှိဘဲ မေ့မျောနေရုံသာ ဖြစ်ကြသည်။
သူတို့သည် လှုပ်နိုးကြရတော့သည်။ နောက်ဆုံးတစ်ယောက် နိုးလာချိန်တွင်တော့ တပ်သားအားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့ဘာဖြစ်လို့ မေ့မျောသွားကြသလဲကို မသိကြပေ။
သူတို့သည် ဒုခေါင်းဆောင်၏အခန်းကို အမြန်သွားကြသည့်အခါ အခန်းထဲတွင် လူမရှိတော့ကာ တိုက်ပွဲဖြစ်ခဲ့ပုံ အခြေအနေဖြစ်နေသည်။ ဘာတွေဖြစ်သလဲ သူတို့မသိကြပေ။ သူတို့သိသည်မှာ သူတို့ခေါင်းကို နောက်ကနေ တစ်စုံတစ်ယောက်က ရိုက်လိုက်ပြီးနောက် ဘာမှမသိတော့တာပင်။ ဒါကိုသိခြင်းကတောင် သူတို့နိုးလာသည့်အခါ ခေါင်းနောက်က နာနေ၍ ဖြစ်သည်။ သို့သော်လည်း ဘယ်သူကတိုက်သွားသလဲကိုတော့ မသိကြပေ။
သူတို့သည် လူထောင်ကျော်ရှိရာ သူတို့အား တိုက်သည့်သူသည် အသံတစ်ချက်မထွက်ပေ။ ဒါကအရမ်းကြောက်ဖို့ ကောင်းသည်။ သို့သော်လည်း ကံကောင်းသည်ဟု သူတို့ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သတိလစ်နေစဉ် ဘယ်ဇွန်ဘီမှ မလာခဲ့၍ဖြစ်သည်။ မဟုတ်လျှင် သူတို့မှာ အစားခံရနေလောက်ပြီ။
သို့သော်လည်း ဘာဖြစ်လို့ ဇွန်ဘီတွေက မလာကြသနည်း? ဒါသည် အရမ်းထူးဆန်းသည်။ သူတို့သတိမလစ်ခင်ကတောင် သူတို့သည် အနားတွင် ဇွန်ဘီအချို့ကို တွေ့နေရသေးသည်။ သတိမလစ်ခင်က အနားကပ်လာသည့် ဇွန်ဘီများကို ပစ်နေရသေးသည်ကို သတိလစ်သွားသည့်အခါ ဇွန်ဘီတို့က ပိုရောက်လာသင့်သော်လည်း တစ်ကောင်မှ မရှိတော့ပေ။
တပ်ဖွဲ့ခေါင်းဆောင်များသည် ရှောင်ယွင့်လုံ၏ အခန်းထဲတွင် တိုင်ပင်နေကြသည်။
“ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒုခေါင်းဆောင်က ဘယ်ကိုသွားလဲမသိဘူး။ ကြည့်ရတာတော့ အလျင်စလိုနဲ့ ထွက်သွားရတဲ့ပုံပဲ”
“အမိန့်မရှိဘဲ ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ? ဒုခေါင်းဆောင်က ဘယ်ရောက်နေလဲ မသိမှတော့ ငါ့အထင် ခေါင်းဆောင်ကြီးကို သတင်းသွားပို့သင့်တယ်”
“ဒါပင်မယ့် ခေါင်းဆောင်ကြီးက ဇွန်ဘီမြို့ထဲမှာ။ ငါတို့ဇွန်ဘီခေါင်းဆောင်တွေနဲ့ တွေ့နိုင်တယ်”
“သွားမှဖြစ်မယ်။ ငါတို့လူပိုခေါ်သွားမယ်။ ဒုခေါင်းဆောင်နဲ့ ကပ္ပတိန်တင်မဟုတ်ဘူး လင်းလင်းလည်း ပျောက်သွားတာ။ ဒုခေါင်းဆောင်တို့နဲရှိရင် အဆင်ပြေပင်မယ့် ဒုက္ခရောက်နေရင်ရော? ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့တာကို ခေါင်းဆောင်ကြီးကို တင်ပြမှ ဖြစ်မယ်”
“တခြားပိုကောင်းတဲ့နည်းမရှိဘူး” ဒီလိုဖြင့် အဆင့်ငါးတပ်ဖွဲ့ခေါင်ဆောင်ငါးယောက်သည် တပ်သားများဖြင့် ဇွန်ဘီမြို့ထဲသို့ ဝင်ဖို့ဖြစ်လာသည်။