၃၃၁။ ရှန်ယုကျန်းက ဇွန်ဘီဖြစ်လာတယ်
ယန်းချောင်း၏ စကားများသည် ဒီမိန်းကလေးကို ခိုး၍ဖမ်းထားနိုင်သ၍ သူလုပ်ချင်တာကို လုပ်ခွင့်ပေးထားပုံရသည်။ အံ့သြစွာဖြင့် ထန်ဟေးသည် ယန်းချောင်းကိုကြည့်ကာ “ဟမ်? ဒီမိန်းမက အရမ်းလှတာပဲ! မင်းဟာမင်းသူနဲ့ အချိန်ကောင်းလေးတွေ ဖြုန်းဖို့မလုပ်ဘူးလား? ငါ့ကိုပေးမလို့လား?”
“ငါမင်းကိုပေးနိုင်တယ်” ယန်းချောင်းက ပြောသည်။ “ဒါပင်မယ့် ဓားရှည်ကိုင်ထားတဲ့ မိန်းမကို ငါနဲ့ထားခဲ့ဖို့လိုမယ်”
ထန်ဟေးက ရယ်ကျဲကျဲဖြင့် ပြောသည်။ “ဪ ဒါဆိုရင် ဒါကအခုမင်းကြိုက်တဲ့ပုံစံလား? ဒါဆိုရင်လည်း ရပါတယ်”
ယန်းချောင်းသည် သူ့ကိုကြည့်ကာ ပြောသည်။ “ဝူချန်းယွဲ့က သူ့စစ်တပ်ကို ဆောင်းတွင်းအစာရှာထွက်ဖို့ စုတဲ့အချိန်အထိ မင်းစောင့်ဖို့လိုမယ်။ ပြီးတော့ အဲ့မိန်းမကို သတ်ပစ်လို့မရသလို ကြာကြာသိမ်းထားလို့လည်း မရဘူး။ သူ့ကိုယ်ထဲကို ဇွန်ဘီပိုးထည့်ပြီးတော့ စခန်းထဲမှာ ဇွန်ဘီဖြစ်အောင်ထားမှာ။ ပြီးရင် ငါတို့ ဒီလူတွေက ပိုးသယ်လာတယ်ဆိုတဲ့ အကြောင်းပြချက် ပေးလို့ရပြီ။ ဒါဆိုရင် ဝူချန်းယွဲ့က ကယ်ချင်ရင်တောင် နောက်ကျသွားမယ်”
ထန်ဟေးသည် သူ့ကိုကြည့်၍ ရယ်ကာ “ဒါက ယုတ်မာတဲ့ အစီအစဉ်ပဲ။ ဒါပင်မယ့် ငါကြိုက်တယ်!”
ယန်းချောင်းသည် ကော်ဖီကို ကုန်အောင်သောက်ကာ ယုံကြည်မှုရှိစွာဖြင့် “ငါရထားတဲ့ သတင်းအရဆိုရင် ဝူချန်းယွဲ့က တစ်ရက်နှစ်ရက်တွင်း သူ့စစ်တပ်ကို စုတော့မယ်။ အဲ့ဒါကြောင့် ငါတို့စိတ်ရှည်ဖို့လိုတယ်”
ထန်ဟေးသည် ခေါင်းငြိမ့်ကာ “ဟုတ်ပြီ။ သူတို့မသွားမချင်း ငါဘာမှမလှုပ်ရှားသေးဘူး”
လင်းချင်းသည် လူစုသည့်ရင်ပြင်သို့ ရောက်သည့်အခါ နာရီကို ကြည့်လိုက်သော် နေ့လည်ဖြစ်နေသည်။ ဝူချန်းယွဲ့၏ လူ၃၅၀ကလွဲ၍ တခြားသူများသည်လည်း ရောက်နေကြပြီ။
သူမနှင့် လီကျန်းတို့ ပြန်လာသည့်အခါ လူတိုင်းက သိချင်စွာဖြင့် ကြည့်၍ လီကျန်းအား မေးကြသည်။
“ဘယ်လိုလဲ? ရှာတွေ့လား?”
လင်းချင်းက ခေါင်းငြိမ့်ကာ “ငါတို့တွေ့ပင်မယ့် အခြေအနေက အရမ်းမကောင်းဘူး”
“ဘာဖြစ်တာလဲ?” စပ်စုချင်ကြသည့် အမျိုးသမီးလင်းနှင့် ချန်းဝမ်ရှုတို့က အနားကို လာမေးသည်။
“သေတော့မတက်ပဲ” လင်းချင်းက ပြောသည်။
နေ့လည်၂နာရီတွင် ရှောင်ယွင့်လုံနှင့် ချန်ယုတင်းတို့သည် လမ်းကြမ်းမောင်းကားကြီးနှစ်စီးကို မောင်းနှင်၍ ရောက်လာသည်။ သူတို့၏ အနောက်တွင် FAW 141 နှစ်စီးမှာ တပ်သားများအပြည့်ဖြင့် လိုက်ပါလာသည်။ သို့သော်လည်း တစ်စီးကတော့ အလွဝ်ဖြစ်သည်။
ကားများကို မြင်သည့်အခါ လင်းချင်းက လင်းဟောင်အား “ကားတွေလာပြီ။ လူစစ်ပြီး ထွက်ဖို့လုပ်ကြမယ်”
လင်းဟောင်က တခြားသူများအား လှည့်အော်သည်။ “လီကျန်း! လူစစ်ပြီးတော့ လွတ်တဲ့ကားပေါ်ကို တက်ခိုင်းလိုက်” ဒီလိုပြောကာ နောက်ဆုံးကနေ ပါလာသည့် လွတ်နေသည့်ကားကို ညွှန်ပြသည်။
လီကျန်းနှင့် သူ့အဖွဲ့သားများသည် လူ၂၀ကျော်ကိုစုလိုက်ကာ သူတို့နောက်ကနေ ကားပေါ်ကို လိုက်လာဖို့ ပြောလိုက်သည်။ လင်းချင်းက ရပ်နေကာ လူများကို တစ်ချက်ဖြန်းကြည့်လိုက်သည်။ လူအချို့ကလည်း သူမတို့ကို ပြန်ကြည့်တာမျိုးရှိသော်လည်း ဘယ်သူက ဘယ်သူ့လက်အောက်ကမှန်းတော့ လင်းချင်းမသိပေ။ လူတိုင်းက ကားပေါ်သို့ ရောက်သည်နှင့် ကားသည် စခန်းကနေထွက်ဖို့ စမောင်းတော့သည်။
ရင်ပြင်၏ထောင့်တွင် ရှဲ့တုန်းသည် ကားများထွက်သွားသည်ကို တိတ်ဆိတ်စွာ ရပ်ကြည့်နေပြီးမှ အနားက အုပ်ချုပ်ရေးရုံးသို့ လျှောက်လာသည်။ လင်းဝမ်ဝမ်သည် စခန်းထဲတွင် ကျန်ခဲ့တာ ဖြစ်သည်။ ယွမ်ထန်ရှင်းနှင့် လုံချင်းယင်က သူမနှင့်အတူ ရှိနေပေးသော်လည်း ဖြစ်နိုင်ချေရှိသည့် အန္တရာယ်များကို ရှောင်ရန်ခက်သည်။ ထို့ကြောင့် လင်းချင်းသည် စခန်းထဲတွင် ရှဲ့တုန်းကို ထားခဲ့ပေးတာ ဖြစ်သည်။
ရှဲ့တုန်းသာ တိတ်တိတ်နေသ၍ ဘယ်သူကမှ သူ့ဖြစ်တည်မှုအမှန်ကို သိနိုင်မှာ မဟုတ်ပေ။ သူ့အစွမ်းများကို ပြန်ရနေကာ အခုဆိုလျှင် အဆင့်လေးဖြစ်နေပြီ။ အဆင့်က အရမ်းမြင့်မားတာ မဟုတ်သော်လည်း ဇွန်ဘီတစ်ကောင် ဖြစ်နေသဖြင့် တခြားသူများ၏ လှုပ်ရှားမှုများကို ပိုအာရုံခံနိုင်ဖို့ လွယ်ကူသည်။ ထို့ကြောင့် လင်းဝမ်ဝမ်ကို ကွယ်ရာကနေ စောင့်ရှောက်ဖို့အတွက် စခန်းထဲမှာ ရှိနေတာ ဖြစ်သည်။
လင်းချင်းသည် ထောင့်တစ်ခုသို့ လျှောက်လာကာ ဘယ်သူမှ သတိမပြုမိချိန်တွင် ပျောက်ကွယ်သွားသည်။ ရှောင်ယွင့်လုံနှင့် လင်းဖန်းတို့တောင်မှ သူမ၏လှုပ်ရှားမှုများကို အာရုံခံနိုင်တာ မဟုတ်ပေ။ သူမသည် လိုအပ်သည့်အချိန်မှသာ အမြဲတမ်းပေါ်လာတက်သည့်သူ ဖြစ်သည်။
စခန်းကနေ ကားများက မိုင်ချီ၍ ဝေးချိန်ရောက်မှ လင်းချင်းသည် နောက်ဆုံးကား၏ အမိုးပေါ်တွင် ပေါ်လာသည်။ သူမသည် လင်းဖန်ကို သွားရမည့်နေရာ၏ တည်နေရာကို မြေပုံဖြင့်ပြကာ ပေးခဲ့ပြီးဖြစ်သဖြင့် ကားနောက်ကနေ တိတ်ဆိတ်စွာဖြင့် လိုက်လာတာ ဖြစ်သည်။
ထိုအချိန် သူမ၏ နယ်မြေထဲ၌ လျူကျွင်းသည် လင်းချင်းက လုပ်ပေးခဲ့သည် မြက်လေယာဉ်ဖြင့် သူ့သားတုံတုံက ဆော့ကစားနေသည်ကို ဆိုဖာပေါ်တွင် ထိုင်ကြည့်နေသည်။ ချူးလီလီကတော့ နောက်ဆိုဖာတစ်လုံးပေါ်တွင် ပျင်းရိစွာဖြင့် လဲလျောင်းနေကာ သူမ၏ ဆံပင်ရှည်ကြီးကို ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။
ရုတ်တရပ် ကန်ထဲကနေ စွမ်းအားလှိုင်းများ ပြင်းထန်လာကာ အမျိုးသမီးတစ်ယောက်သည် ကန်ထဲကနေ တက်လာသည်။ သူမသည် ကိုယ်လုံးတီးဖြစ်ကာ တစ်ကိုယ်လုံးတုန်နေသည်။ သူမ၏ခေါင်းသည် ငုံထားကာ သူမ၏ဆံပင်ရှည်များက စိုကပ်၍ မျက်နှာကို ဖုံးထားသည်။
“နိုးလာပြီ!”
ချူးလီလီသည် ဆိုဖာတွင် လှဲနေရာမှ ထိုင်လိုက်ကာ နှာခေါင်းတရှုံ့ရှုံ့ဖြင့် ထိုအမျိုးသမီးဘက်ကို အနံ့ခံကြည့်သည်။ ထို့နောက် သူမက
“ဇွန်ဘီဖြစ်လာပြီ။ ဒါပင်မယ့် သူ့အနံ့က နည်းနည်းထူးဆန်းတယ်။ သာမန်ဇွန်ဘီတွေလို မဟုတ်ဘူး”
လျူကျွင်းသည် ခနတွေးကာ ပြောသည်။ “သူ့အနံ့က ရှဲ့တုန်းလိုပဲ”
ချူးလီလီသည် မျက်လုံးများတောက်သွားကာ “အာ ဟုတ်သားပဲ! အနံ့ချင်းတူတယ်”
ထိုအချိန်တွင် လင်းချင်းသည် ကန်ဘေးမှာ ပေါ်လာကာ အမျိုးသမီးတက်လာသည်ကို ကြည့်နေသည်။ လျူကျွင်းက ချူးလီလီ၏ ဗီရိုကြီးထံသို့ သွားလိုက်ကာ ရှပ်အကျီနှင့် ဘောင်းဘီတစ်စုံကို ရှာလာသည်။
အခုတော့ ချူးလီလီ၏ ဗီရိုကြီးထဲတွင် အရင်က ချူးလီလီစုထားသည့် အဝတ်များသာ ရှိနေတာ မဟုတ်တော့ပေ။ လင်းချင်းထည့်ထားသည့် အဝတ်တို့ကလည်း အများကြီးပင်။ ထိုအဝတ်များကိုလည်း ချူးလီလီ၏ အဝတ်များအနားတွင်သာ သိမ်းထားတာ ဖြစ်သည်။
လျူကျွင်းသည် လင်းချင်း၏ အနောက်သို့ လျှောက်သွားကာ ကန်ထဲကနေ သရဲမကြီးထွက်လာသလို လျှောက်လာသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ အမျိုးသမီးသည် လင်းချင်းအနားသို့ ရောက်သည့်အခါ ဆံပင်မှ ရေတစ်စက်စက်ကျနေကာ ခေါင်းငုံ့၍ ရပ်နေသည်။ သူမထံမှ ဘာအသက်စွမ်းအင်ကိုမှ မခံစားရတော့ပေ။
လင်းချင်းက သူမအား “ခေါင်းမော့!”
ရှန်ယုကျန်းသည် ခေါင်းကိုမော့ကာ လင်းချင်းအား တွေဝေနားမလည်စွာဖြင့် ကြည့်သည်။ သူမ၏ မတည်ငြိမ်သည့် မျက်လုံးများကို ဆံပင်များကြားကနေ မြင်ရသည်။
သူမ၏အရှိန်အဝါသည် ရှဲ့တုန်းလိုမျိုး သူမနှင့် ထူးဆန်းစွာ ဆက်စပ်နေသည့် ဇွန်ဘီဖြစ်ကြောင်းကို လင်းချင်းက အတိအကျ သိလိုက်သည်။ ဒီလိုမရှင်းပြတက်သည့် ဆက်နွယ်မှုကြောင့် ရှန်ယုကျန်းသည် ကန်ထဲကနေ နိုးလာသည်နှင့် လင်းချင်းထံသို့ အလိုလိုလျှောက်လာတာ ဖြစ်နိုင်သည်။
လင်းချင်း၏ အသံကိုကြားမှ ရှန်ယုကျန်းသည် အတွေးထဲကို နက်နက်ရှိုင်းရှိုင်းကို မျောသွားသည့်သူလိုမျိုး ခနတွေသွားသည်။ တဖြည်းဖြည်းချင်း သူမ၏မျက်လုံးများသည် တောက်လာကာ အမုန်း၊ ဒေါသ၊ ကြောက်လန့်ခြင်း၊ အချစ်၊ အံ့သြခြင်းနှင့် တခြားရှုပ်ထွေးသည့် ခံစားချက်မျိုးစုံက ပြောင်းလဲလာတော့သည်။
သူမ၏ မျက်လုံးများသည် ရှဲ့တုန်းလိုမျိုး အဖြူရောင်မျက်သားရှိနေသေးကာ မျက်စံကသာ ဒေါင်လိုက်ဖြစ်နေတာ ဖြစ်သည်။ သူမ၏ရုပ်သွင်သည် ဇွန်ဘီများလို မျက်တွင်းနက်များ မရှိသဖြင့် အများကြီး ပြောင်းလဲမသွားပေ။ ဖြူဖျော့ဖျော့အသားအရည်ကလွဲလျှင် သူမသည် ကျန်းမာသည့် လူသားနှင့် သိပ်မကွာပေ။ သို့သော်လည်း သူမက စကားမပြောနိုင်တော့သည်ကို လင်းချင်းက သိလိုက်သည်။
သူမထင်သလိုပင် ရှန်ယုကျန်းသည် ပါးစပ်ဟ၍ စကားပြောဖို့ လုပ်သော်လည်း နားမလည်သည့် မျက်လုံးများဖြင့် ရပ်သွားသည်။ “ဂါး” ‘ငါ . . .’
လင်းချင်းက ခေါင်းငြိမ့်ကာ “ငါသိပြီ။ နင့်မှာ မှတ်ဉာဏ်တွေ ရှိသေးတာကပဲ အများကြီးကောင်းနေပါပြီ။ အနည်းဆုံးတော့ ချန်ယုတင်းကို ကတိပေးထားသလို ငါလုပ်နိုင်ခဲ့တာပဲ”
ချန်ယုတင်းဆိုသည်ကို ကြားသည်နှင့် ရှန်ယုကျန်း၏ မျက်လုံးများသည် နူးညံ့သွားကာ ခေါင်းငြိမ့်ပြ၍ ခနနေသည့်အခါ ပါးစပ်ထပ်ဖွင့်သည်။ “ဂါး” ‘ကျေးဇူးတင်ပါတယ်’
လင်းချင်းသည် ခေါင်းခါကာ “ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ အပေးအယူနဲ့ လုပ်ခဲ့တာပါ။ အခုကစပြီး နင်တို့လင်မယားက ပင်လယ်မြို့တော်ကို စွန့်ပြီးတော့ ငါ့နောက်ကို လိုက်ရမယ်”
လျူကျွင်းသည် ရှန်ယုကျန်းအား အဝတ်များကို ပေးလိုက်ကာ “နင်က ဘာလဲဆိုတာ အခုသိပြီမလား?”
ရှန်ယုကျန်းသည် အဝတ်ကိုယူစဉ် လျူကျွင်း၏ မျက်လုံးများကို မြင်သွားသည်။ သူမက နားမလည်ဖြစ်သွားသော်လည်း သိပ်အာရုံမထားလိုက်ပေ။ မေးခွန်းကိုကြားမှ ခေါင်းငြိမ့်ပြကာ အဝတ်ကိုယူသည်။